Friday, December 25, 2009

တစ်နေ့တာ

နာရီလက်တံက ပင့်ကူအိမ်နဲ့ငြိနေတယ်
ရောင်ကိုင်းနေတဲ့နှင်းတွေ မြင်ကွင်းမှာညိုမွဲလို့
တရားထိုင်ရမလား ဓားကိုင်ရမလား
အစွဲအလန်းက သွေးအားမကောင်းတဲ့အနမ်းမှာ ခိုက်ခိုက်တုန်
လိပ်ပြာမလုံတဲ့ဂီတတွေ အရိုးထဲစိမ့်ဝင်နေပေါ့
နံရံဆီကရယ်သံတွေ စီးကျလာလေမလား
ငြီးငွေ့မှုက ပြဒါးတိုင်မှာ100ဒီဂရီဆင်တီဂရိတ်
အငွေ့ပျံတယ်
စေးထန်းထန်းအတွေးတွေ ထွေးထုတ်နေရတယ်
ဒီအချိန်
တစ်စုံတစ်ရာအော်မြည်သံမှာ
ချက်ချင်းကျကွဲတော့မယ့် စိတ္တဇနဲ့
အမျှော်တွေလမ်းမတစ်ဆုံး
ပျို့တက်လို့ ။
(သက်ငြိမ်သစ်)

Friday, December 18, 2009

ငါတို့ပန်းခင်း

သင်ယူစရာတွေအများကြီးဆိုတာ
သူတို့တွေပြောပြောနေကြတယ်..
ငါသိချင်တာတော့
နင်ဘယ်ရောက်နေသလဲဆိုတာပဲ
ဘာမှခံစားနေရတာမဟုတ်ပေမယ့်
အဆင်မပြေဘူး
တကယ်တမ်းတော့
ငါဟာနယ်ရုပ်မဟုတ်ဘူး
လိပ်ပြာလည်းမဟုတ်ဘူး
ဘာဆိုဘာမှမဟုတ်ဘူး

စဉ်းစားစရာတွေအများကြီးဆိုတာ
သိပေမယ့်လည်း
ငါတွေးနေတာက
တစ်ယောက်နဲ့တစ်ယောက်
ရှာတွေ့သွားပြီးရင်
ငါတို့ဘယ်ရောက်နေမလဲ
ငါကရယ်မယ်
နင်ကပြုံးမယ်
အဲဒိမှာ ပန်းတွေပွင့်လို့ပဲ

တံခါးရဲ့နောက်ကွယ်မှာ
လိပ်ပြာရောင်စုံနဲ့
ငါတို့ရဲ့ပန်းခင်း.....။

Saturday, December 12, 2009

မီးမီးချစ်ချစ်

အိဖူးရဲ့ hamster တွေက မွေးနေ့လက်ဆောင်အဖြစ်ရထားတဲ့ကောင်လေးတွေပါ.. စရတုန်းက အထီးအမနှစ်ကောင်ထဲပေါ့.. အခုတော့ သူတို့ချစ်ခြင်းရဲ့သက်သေအဖြစ် အိမ်မှာဥတစ်လုံးကျ မှားလို့ အိမ်မှာအကောင်လေးတွေပေါက်ပြီး hamster emperor ကြီးတည်ထောင်လို့.. နောက်တော့ မွေးရတာမနိုင်တော့လို့ သူငယ်ချင်းနှစ်ယောက်ကို နှစ်ကောင်ဆီပေးလိုက်တယ်.. အခုတော့ မေကြီးဟန်းစတား သားသားဟန်းစတားတစ်ကောင် မီးမီးဟန်းစတားနှစ်ကောင်နဲ့ အိဖူးတစ်ယောက် လုံးလည်ချာလည် လိုက်နေတာပေါ့..

သူတို့ထဲက မေကြီးဟန်းစတားက နည်းနည်းစွာတယ်.. သူတို့ကန် (ငါးမွေးတဲ့မှန်ကန်)ထဲလက်လာတာနဲ့ ပြေးကိုက်တာပဲ.. အဲဒါသူ့ကိုဆိုရင် စိတ်တိုတတ်မှန်းသိလို့ လိုက်လိုက်စတာ.. အစာစားနေတုန်း ဟိုဘက်ကထိုးလိုက် ဒီဘက်ကထိုးလိုက်လုပ်တာနဲ့ဆိုတော့ သူကလည်း ဟိုဘက်လှည့်ကိုက်လိုက် ဒီဘက် လှည့်ကိုက်လိုက်ဖြစ်နေတာပေါ့.. နောက်ထပ် ဖေကြီးဟန်းစတားကတော့ သူ့ဟာသူ အေးဆေးပဲနေတတ်တယ်.. အခုတော့ နောက်ထပ်အကောင်တွေ ထပ်ပေါက်မှာစိုးလို့ ဖေကြီးဟန်းစတားကို သပ်သပ်လှောင်အိမ်နဲ့ တစ်ကောင်တည်းထားထားတယ်လေ.. တစ်ကောင်တည်းဆိုတော့ ပျင်းရိပြီး အမြဲအိပ်နေတာပဲ .. အခုတော့ သက်ကြီးရောဂါနဲ့ ဆုံးသွားရှာပြီ..

မီးမီးဟန်းစတားထဲက တစ်ကောင်ကတော့ “တရုတ်ကြီး”တဲ့.. ငယ်ငယ်တုန်းကမျက်စိမှေးလို့ တရုတ်ကြီး လို့ပေးထားတာ.. ပြီးတော့ အဟဲ အထီးမှတ်လို့ နောက်မှအမဖြစ်နေတယ်လေ.. သူကတအားလိမ်မာတယ်.. အိဖူးစာလုပ်နေရင် တရုတ်ကြီးကို စာကြည့်စားပွဲမှာ အမြဲခေါ်ခေါ်ထားလေ့ရှိတယ်.. စာကြည့်စားပွဲက ဘောပင်ထည့်တဲ့ခွက်နှစ်ခွက်ကြားမှာ ငြိမ်ငြိမ်လေးခွေနေတတ်တယ်.. စာကြည့်စားပွဲမှာ ခေါ်ခေါ်ထားလွန်းလို့ အိဖူးရဲ့ခဲဖျက်လည်း သူ့လက်ချက်မိသွားတယ်.. အကုန်လျှောက်ကိုက်ပစ်ထားတယ်လေ.. သူ့ကို အိဖူးက အချစ်ဆုံး .. အိမ်မှာ ရှိသမျှထဲမှာ တရုတ်ကြီးက အလိမ္မာဆုံးပဲ .. လူကိုသိတယ် .. လက်ထိုးပေးလိုက်ရင် လက်ပေါ်တက်လာတယ်.. မုန့်ကျွေးရင် သူများတွေလိုမဟုတ်ဘူး.. သူ့လက်လေးနှစ်ဖက်နဲ့ တလေးတစားယူတာ.. လူတွေလိုပဲပေါ့ ..

အခုတော့ သူလည်း သူ့ဒယ်ဒီလမ်းစဉ်ကိုလိုက်သွားတယ်.. အိဖူးဆီကနေ ထွက်သွားပြီလေ.. ဟိုးငယ်ငယ် သေးသေးလေးတုန်းက အိဖူးလက်ပေါ်မှာ အိပ်ပျော်သွားတာလေးတွေကို ပြန်သတိရတော့ တအားငိုချင်တာပဲ . ဘယ်လိုဖြစ်လို့သေသွားရတာလဲ မသိပါဘူး.. ဘာမှလည်း သိပ်မစားနိုင်တော့ပဲ ခွေနေတော့တာ.. နောက်နေ့ကျောင်းကပြန်လာလို့ သွားကြည့်လိုက်တော့ တရုတ်ကြီးမရှိတော့ဘူးလေ.. !_!.. ငိုလိုက်ရတာ ပြောမနေပါနဲ့

နောက်ထပ်အသေးမလေးတစ်ကောင်ကတော့ “ယွန်း”တဲ့.. သားသားလေးကတော့ “ချာဒို” တဲ့.. ကိုရီးယားကားထဲက မင်းသားနှစ်ယောက်နာမည်လေ.. နာမည်တွေကတော့ ပေါက်ကရတွေပဲ.. မီးမီးဟန်းစတားဆိုပြီး ပေးထားတာယောက်ျားနာမည်တွေဖြစ်လို့.. အငယ်လေးနှစ်ကောင်ထဲက ချာဒိုက လက်ကိုကိုက်တတ်တယ်.. သူကစိတ်တိုလို့ကိုက်တာမျိုးမဟုတ်ဘဲ ဆော့တာ.. လက်ကိုမ,လိုက်ရင် ကိုက်လျက်တန်းလန်းလေးပါလာရော.. နောက်ထပ်တစ်ကောင် ယွန်းကတော့ ခြေထောက်ကျိုးနေတာ . သနားပါတယ် သိလား .. ငယ်ငယ်တုန်းက သူတို့အိမ်ပေါ်ကနေပြုတ်ကျတာ.. သူက တအားကြောက်တတ်တာပဲ..

သူတို့တွေနဲ့ဆော့ရတာ ပျော်ဖို့ကောင်းတယ်.. အိပ်နေတာကိုကြည့်ရတာလည်း စိတ်ဝင်စားစရာကောင်းတယ် . ပက်လက်ကြီးလှန်ပြီး အိပ်တတ်တာ.. လူတွေလို ဘေးစောင်းလေးအိပ်တာ.. တစ်ကောင်နဲ့တစ်ကောင် ဖိထပ်ပြီးအိပ်တာ.. အိဖူးကတော့ အမြဲတမ်းထိုင်ကြည့်နေတာပဲ .. ပြီးတော့ ရေသောက်ရင်လည်း ကိုယ့် style နဲ့ကိုယ် .. ဖေကြီးဟန်းစတား wooky က ပုံမှန်ပဲ .. ရေပိုက်လေးကိုလက်နှစ်ဖက်နဲ့ သေချာကိုင်ပြီး “ကလပ် ကလပ်”နဲ့ .. မေကြီးဟန်းစတား shalry ကတော့ တစ်ခါတစ်လေ လက်က ရေပိုက်ကိုလုံးဝမကိုင်ဘူး .. ဒီတိုင်းပဲ ခေါင်းကြီးမော့ပြီးသောက်တယ်..

တရုတ်ကြီးတုန်းကတော့ ရေပိုက်ကနေမသောက်တတ်ဘူး.. သူကနည်းနည်းမြင့်တယ် .. ငယ်စဉ်အချိန်အခါက အိဖူးအလိုလိုက်ဖျက်ဆီးခဲ့လို့ လူကတိုက်မှသောက်တတ်တယ်.. အိဖူးက လက်ညိုးထိပ်လေးကိုရေဆွတ်ပြီး သူ့ပါးစပ်နားတိုးကပ်ပေးမှ လက်ကစိုနေတဲ့ရေကိုသောက်တာ.. မဟုတ်ရင် ဒင်းကမသောက်ဘူးဗျာ . ယွန်းနဲ့ ချာဒိုက သေးသေးလေးဆိုတော့ ရေပိုက်ကိုမမှီတမှီနဲ့မို့လို့ အောက်ကနေတုံးခုပေးထားရတယ်လေ..

တစ်နေ့တစ်နေ့ မနက်မိုးလင်းနိုးတာနဲ့ သူတို့ကိုသွားနှုတ်ဆက်.. ဟိုအကောင်ကိုချီလိုက် ဒီအကောင်ကိုစလိုက်နဲ့.. ညနေကျောင်းကပြန်လာရင်လည်း ကြည့်ရတာအမော.. အိဖူးဘာစားစား တစ်ဝက်က သူတို့တွေအတွက်.. သခွားသီးစားလည်း သခွားသီး.. ကိတ်မုန့်ပေါင်မုန့်စားလည်း တစ်ဝက် .. ချော့ကလက်ဆိုလည်း တူတူစား.. snack ဆိုလည်းအလွတ်မပေး.. အံမယ် စတော်ဘယ်ရီသီးတောင်စားတာနော်.. သူတို့ကန်လေးလည်း စတော်ဘယ်ရီနံ့လေးကိုမွှေးလို့ပေါ့.. ကျောင်းကနေလည်း နေကြာစေ့ယို (မြေပဲယိုတို့ နှမ်းယိုတို့လိုမျိုး) ဝယ်လာရတာခဏခဏ.. ၂ ပတ်တစ်ခါ ကန်သန့်ရှင်းရေးလုပ်ပေးရတာလည်း တစ်ခါတစ်ခါလုပ်တိုင်း ပွစာကြဲနေရောပဲ..

ကျောင်းမှာလည်း သူငယ်ချင်းတွေကို သူတို့တွေအကြောင်းပြောပြလွန်းလို့ ဘော်ဒါတွေက နားတွေညီးနေပြီ.. အိဖူးသူငယ်ချင်းကလည်း သူ့အိမ်မှာနှစ်ကောင်ရှိတော့ အဲ့ကောင်မလေးနဲ့ hamster အကြောင်းဆို မမောနိုင်မပန်းနိုင်.. သူ့ကောင်တွေကလည်း ပေါက်ကရတွေ.. အထီးနှစ်ကောင်မှာ တစ်ကောင်ကဖက်တီး နောက်တစ်ကောင်က မီးမီးလေးတဲ့ .. နာမည်တွေကလည်းနော်.. ...

ကဲ ပြောပြချင်တာက အိဖူးက သူတို့တွေကို တအားချစ်တယ်ဆိုတဲ့အကြောင်းပါ .. တအားလည်း ချစ်ဖို့ကောင်းတာကိုး.. တခါတလေစိတ်ညစ်ရင် သူတို့ကန်ရှေ့မှာ မှောက်ရက်ကြီးအိပ်ပြီး သူတို့ကို ထိုင်ကြည့်နေလိုက်တာပဲ.. လုပ်ပုံကိုင်ပုံလေးတွေကရီရတော့ စိတ်ညစ်တာ နည်းနည်းမေ့သွားတယ်ပေါ့လေ.. အခုတော့ တရုတ်ကြီးလည်းမရှိတော့ဘူး .. လွမ်းလိုက်တာ အဟင့်...။





Monday, December 7, 2009

ဂျုံမုန့်

ပုံကိုကြည့်ကြပါလော့.. မည်သည့်အစားအစာဟု သင်ထင်ပါသနည်း.. အဖြေကိုချရေးပါ...။ (ဒန် ဒန့် ဒန်)

ကဲ ကဲ.. ချမရေးလည်း ပြောပြမှာပါပဲ.. အဲဒါ “ဂျုံမုန့်” လို့ခေါ်တယ်.. အိဖူးကိုယ်တိုင်လုပ်ထားတာ သိလား.. ညီမဝမ်းကွဲတစ်ယောက်ရဲ့ အိမ်ကိုသွားတုန်းက ညီအစ်မနှစ်ယောက်လုပ်စားကြတာလေ.. ကင်မရာ အလွယ်တကူမရှိတော့ ဖုန်းကကင်မရာနဲ့ ရိုက်ထားရတာဆိုတော့ အရောင်အသွေးသိပ်မစိုပြေဘူး.. ကြက်ဥကြော်ကြီးနဲ့ တူနေမယ်ထင်တယ်.. ဒါပေမယ့်မဟုတ်ဘူး သိလား.. အဲဒါ “ဂျုံမုန့်” ...

လုပ်ရတာလွယ်တယ်.. အရင်ဆုံး ကြက်ဥကိုခေါက်တယ်.. ဂျုံမှုန့်ကို ရေအနေတော်ထည့်ပြီးတော့ နယ်တယ်လေ.. ဂျုံမှုန့်တွေ ကျေသွားပြီဆိုတော့မှ ကြက်ဥခေါက်ထားတာကိုထည့် သကြားလေး ဆားလေး ထည့်ပြီး ထပ်နယ်ပေါ့.. ပြီးရင် ဒယ်အိုးထဲမှာ ဆီထည့်ပြီး ကြော်ရုံပဲ.. မွှေးမွှေးလေးဖြစ်ချင်ရင် ထောပတ်ဆီနဲ့ ကြော်ပေါ့နော်.. အိဖူးတို့ဆို အနားသားလေးတွေ ကြွပ်ကြွပ်လေးစားချင်တော့ ထောပတ်ကို ဘေးပတ်လည်လေး တွေမှာ လိုက်ထည့်ပေးလိုက်တယ်.. အဲ့ကျတော့ မွှေးလည်းမွှေး ဘေးအသားလေးတွေ ကြွပ်ကြွပ်လေးတွေပေါ့..

အချိုကြိုက်တဲ့လူတွေကတော့ ဂျုံတွေနယ်တုန်း သကြားများများထည့်ပေါ့.. မကြိုက်ရင် မထည့်နဲ့ပေါ့.. မီးနည်းနည်းနဲ့ကြော်ရင် ပိုကောင်းတယ် သိလား.. မီးနည်းတော့ ချက်ချင်းကြီးတူးမသွားဘူးပေါ့.. ဟင်းချက်ရာမှာ မီးကအသက်ပဲလို့ပြောကြတယ်လေ.. သိတယ်မလား.. မီးကို အလျှော့အတင်းလုပ်နိုင်မှ တော်ကာကျမယ် လို့လည်းပြောကြတယ်.. အဲဒါပေါ့..။

နောက်ထပ်လည်း ခရီးသွားတုန်းကစားခဲ့တဲ့ မုန့်ပုံတွေ တင်ပေးမယ် သိလား...။

Monday, November 30, 2009

ခေါင်းကိုက်သောည

အိပ်မပျော်ဘူး အိပ်မပျော်ဘူး.. စိတ်တွေဆင်းရဲလိုက်တာ... ကိုက်နေတဲ့ ခေါင်းတစ်ခြမ်းကလည်း အညှာအတာ ကင်းမဲ့စွာဖြင့် တစစ်စစ်ထိုးလာပြန်သည်.. ထထိုင်လိုက်မိတော့လည်း နားထင်တွင် သွေးဆောင့်သည့် တဒိတ်ဒိတ်ဒဏ်ကို ခံရသည်.. သွေးဆောင့်တာ သက်သာပါစေရယ်လို့ အိပ်နေတော့လည်း လူက မူးနောက်နောက်... ဘုရားဘုရား ဘယ်လိုနေရမှာပါလိမ့်နော်... အခံရခက်စွာ နာကျင်နေသောခေါင်းကို သက်သာအောင် ဘယ်လိုလုပ်ရမှာလဲ...

အိမ်ပြန်ရောက်ရောက်ချင်း ဆေးသောက်လိုက်သော်လည်း ခေါင်းကိုက်ကသက်သာမသွား.. ဒါဆိုလည်း အိပ်လိုက်ရင်ကောင်းသွားမှာပဲဟု တွေးကာ အိပ်ရာဝင်ပြန်တော့လည်း အိပ်လို့မပျော်နိုင်.. မီးကလည်း ပျက်ပျက်နှင့် ဘာလုပ်ရမလဲ.. မီးလာရင်လည်း အခွေကြည့်နိုင်သည်.. အခွေသစ်တွေဝယ်လာခဲ့ပြီးမှ မီးကလည်း ပုံမှန်မလာတော့ပေ.. ကြည်ကြည်လင်လင်ရှိရင်တော့ ဝရံတာထွက်ပြီး ဂစ်တာတီးချင်တီးနိုင်သည်.. ငါးထပ်အမြင့်တိုက်ပေါ်ကနေ အောက်မှာသွားလာလှုပ်ရှားနေသူများကို ငေးမောနေနိုင်သည်.. သို့မဟုတ်လည်း အောက်ဆင်းသွားပြီး အနီးရှိ စူပါမားကတ်တွင် ထပ်ဝယ်ရန် လိုအပ်နေသော စားစရာပစ္စည်းများ သွားဝယ်နိုင်သေးသည်..

ခေါင်းကိုက်နေသူအဖို့ လောကကြီးမှာလုပ်စရာ အဲ့လောက်ရှားသလားကွယ်..

နောက်တော့လည်း ခေါင်းအုံးပေါ် ခေါင်းချကာ တစ်ခုခုကို စူးစူးစိုက်စိုက်တွေးမိဖို့ ကြိုးစားမိသည်.. ငွေရပြီ သင်တန်းသွားအပ်ရမယ်.. သင်တန်းက ခြောက်နာရီမှပြီးမယ်ဆိုတော့ ညစာတစ်ခါတည်းစားပြီး အိမ်ပြန်လာရမလား.. အလုပ်ကနေ သင်တန်းကိုသွားရမယ်ဆိုတော့ ထမင်းစားပြီးမှ ပြန်လာရင် ခုနှစ်နာရီ လောက်တော့ရှိပြီပဲ.. ငြီးစီစီကြီးတော့ဖြစ်နေမှာ.. အိမ်မှာရေမိုးချိုးပြီးမှ ထမင်းကို အနီးအနားကဆိုင်မှာ ဖြစ်သလိုစားတာပဲကောင်းပါတယ်.. ကိုယ်ကရေခဏခဏချိုးတတ်သူမို့ တစ်နေ့လုံးနေထားသည့် အဝတ်အစားဖြင့် ညခုနှစ်နာရီထိမနေနိုင်ပါ..

ဒီသင်တန်းလည်း အကျိုးမပေးတဲ့သင်တန်း.. ဒီက certificate လေးရမှ အလုပ်တွင် ပိုအဆင်ပြေနိုင်မည်မို့ ကိုယ်သည်းခံထားပါသည်.. သင်တန်းက တက်ရဖို့အလွန်ခဲယဉ်းလှသည်.. ဒီသင်တန်းက စာမေးပွဲဖြေပြီးရင် ရာထူးတိုးကာ ကိုယ်ဂျပန်ကို ရောက်သွားနိုင်ချေရှိပါသည်.. အလုပ်အကြောင်းတွေးလိုက်ရုံဖြင့် နားထင်တွင် တဒိတ်ဒိတ်ဖြင့် ကျယ်လောင်လာပြန်သည်.. အရင်ခေါင်းကိုက်လျှင် ကိုယ်ဘာလုပ်တာပါလိမ့်..

ယခင်ကတော့ အိမ်တွင်နေရသော ဒီလိုညချမ်းအချိန်မျိုးလေးသည် သာယာလှသည်.. ကိုယ့်ချစ်သူက တစ်ခါတစ်ခါ အိမ်နားကိုလာကာ ညစာအတူလာစားတတ်သည်.. လူရှုပ်ရှုပ်လမ်းမပေါ်မှာ ကိုယ့်လက်ကို တွဲထားပြီး လမ်းလျှောက်ရတာကို ကိုယ့်ချစ်သူကနှစ်ခြိုက်လှပါသည်.. လူချင်းမတွေ့ဖြစ်သည့်အခါ ကိုယ့်ဆီကို အချိန်မှန်ဖုန်းဆက်သည်.. တစ်နေကုန်အလုပ်ထဲမှအကြောင်းတွေကို ပြောပြရင်ဖွင့်ရင်း သူ့အသံလေးဖြင့် နွေးထွေးစွာအိပ်ရာဝင်လေ့ရှိသည်.. အခုတော့ ကိုယ်လည်းချစ်သူနှင့်ဝေးခဲ့ရပြီ.. သူမရှိလည်း နေ့စဉ်ဘဝမှာ ဘာမှမဖြစ်ပေမယ့် ဗလာဖြစ်နေသောစိတ်ကိုတော့ အံ့သြမိသည်..

I-Pod ထုတ်ပြီး ဂျပန်စကားပြောလေ့ကျင့်ကြည့်သည်.. အရာအားလုံးကို မေ့သလိုလိုဖြစ်သွားသော်လည်း နားထင်မှ တဒိတ်ဒိတ်သံကို ခံစားမိနေသေးသည်.. ဒီခေါင်းကိုက်က ပျောက်ဦးမှာလား.. ကိုယ်အိပ်သင့်နေပြီ.. ကြိုးစားပြီး အိပ်လိုက်ဖို့တော့ သင့်ပြီ.. I-Pod ကိုသိမ်းလိုက်ပြီး အိပ်ရာထဲတွင် လှဲနေလိုက်သည်.. ညက ပူလိုက်တာနော်.. ဆောင်းညတစ်ညပေမယ့် သူ့ဂုဏ်သတ္တိနဲ့ မပြည့်စုံလိုက်တာ.. ဒီနေ့ကျမှ အချိန်တွေကလည်း ကုန်တာနှေးလွန်းသည်.. အိပ်ချိန်ရောက်လာပြီး အိပ်ပျော်သွားရင် ဘာမှတွေးနေစရာမလိုတော့ဘူးလေ..

မေမေ.. မေမေ့ကို သတိရလိုက်တာ.. မေမေဆိုရင်တော့ ကိုယ်နားထင်နားမှာ ပရုတ်ဆီလေးလိမ်းပေးပြီး သာသာယာယာနှိပ်နယ်ပေးမှာပဲ.. ပြီးရင်တော့ အိပ်ဖို့တိုက်တွန်းလိမ့်မည်.. ဖေဖေဆိုရင်တော့ ငယ်ငယ် ရွယ်ရွယ်နဲ့ ဘာလို့အဲ့လောက်ခေါင်းကိုက်တတ်နေရတာလဲ.. ဒီလိုအပြောမျိုးကြားရမည်.. ဘုရားဘုရား မိသားစုနှင့် နေရသည့်ဘဝမှာ အင်မတန်ပျော်ဖို့ကောင်းတာပါလား.. အထူးသဖြင့် ကိုယ့်ကိုချစ်ကြသော မိဘများနှင့်ပေါ့..

အခုတော့ တိုက်ခန်းလေးထဲမှာ တစ်ယောက်တည်း.. ဘယ်သူမှမရှိဘူး.. ပူလောင် အထီးကျန် စိတ်ညစ်စရာ ကောင်းတဲ့ ဒီအခန်းထဲမှာ ကိုယ်တစ်ယောက်တည်းရယ်.. နောက်လကျရင်တော့ အလုပ်က ကို်ယ့်သူငယ်ချင်းနဲ့ တူတူနေဖို့ ကြိုးစားဦးမယ်.. ဒါဆိုရင်တော့ နည်းနည်းနေရထိုင်ရတာ ပိုသက်သာမလားကွယ်.. အဖော် တစ်ယောက်ရှိတော့ ဘယ်လိုပြောပြောကောင်းတာပေါ့.. သူရော ကိုယ်နဲ့နေချင်ပါ့မလား.. ကိုယ်က အလုပ်ထဲမှာလည်း အလုပ်ကိစ္စမဟုတ်လျှင် တစ်ယောက်တည်း သီးသီးသန့်သန့်နေလေ့ရှိခဲ့တာ.. သူတို့တွေ ကိုယ့်ကိုမုန်းကြမလား.. ကိုယ့်ချစ်သူက ကိုယ်လူမှုဆက်ဆံရေးညံ့ဖျင်းလှသည်ဟု မကြာခဏဝေဖန်ခဲ့ဖူးတာ.. ကိုယ်က ခေါင်းမာစွာဖြင့် “မင်းရှိတာတောင် ကိုယ်ကတစ်ခြားလူလိုဦးမှာလား” လို့ပြန်ပြောခဲ့သည်.. သူပြောတာမှန်သည်.. ကိုယ်က လူမှုဆက်ဆံရေးအလွန်ညံ့ဖျင်းပါသည်..

ကိုယ့်ချစ်သူသည် ကိုယ့်ကိုအလွန်ချစ်ခဲ့ပါသည်.. နောက်တော့လည်း ကိုယ့်အတ္တကြောင့်ပဲ ကိုယ်အနားကနေ သူထွက်သွားသည်.. ကိုယ်တိုင်ရွေးချယ်ခဲ့သည့်လမ်းဖြစ်သောကြောင့် ကိုယ်နောင်တမရပါ.. နောင်တမရသော် လည်း သူ့ကိုလွမ်းလှသည်.. ဒီချိန်ဆို သူဘာလုပ်နေမလဲမသိ.. မေမေရော ဘာလုပ်နေမလဲ.. အငယ်လေးတွေ ရော စာကျက်နေမလား.. ဘယ်လိုပင် အတွေးများဖြင့် ခေါင်းကိုက်ခြင်းကို ဖုံးကွယ်ထားထား သက်သာမသွားပါ.. စိတ်ညစ်လှပြီ..

စိတ်ညစ်လှပြီဟု တွေးလိုက်မိသည်နှင့်တစ်ပြိုင်နက် ကိုယ်မျက်ရည်ဝဲလာသည်.. ဘာအတွက်လည်းမသိ.. ရည်းစားနဲ့ကွဲလို့ပဲလား.. အိမ်ကိုလွမ်းလို့လား.. အလုပ်အဆင်မပြေမှာ ကြောက်သည်လား.. ခေါင်းကိုက်သည့် အတွက်လား.. အားလုံးအတွက်ပေါင်းပြီး ကိုယ်ငိုချလိုက်မိပါသည်... ငိုပြီးရင်တော့ ကိုယ်အိပ်ပျော်တန် ကောင်းပါရဲ့....။

Saturday, November 28, 2009

တံခါးဝါ

လွှမ်းမိုးမှုက အဝါရောင်
စာမျက်နှာက ငါ
အဝါရောင်က စာမျက်နှာ
ငါက လွှမ်းမိုးမှု
ငါ့မှာ စစ်သလင်းမရှိ
ငါ့မှာ ပန်းခင်းတွေရှိတယ်
“လိပ်ပြာ”... ...
ပျံသန်းနေထိုင်ပါလော့ ...။
(ဧမှိုင်း)

Wednesday, November 25, 2009

ဘာလိုလိုနဲ့တစ်နှစ်ပြည့်ပြီပဲ

အခုဆိုရင်ဖြင့် ဒီလိုရက်မြတ်မင်္ဂလာဖြစ်တဲ့ ၂၆ ရက် နိုဝင်ဘာလမှာ အိဖူးရဲ့စာမျက်နှာလေး တစ်နှစ်ပြည့်သွားပါပြီ.. အားရင်ရေးလိုက် စိတ်ကူးမပေါ်ရင် မရေးဖြစ်လိုက်နဲ့... စိတ်ကောက်တတ်တဲ့ ဘလော့လေးကိုလည်း ချော့တစ်လှည့် ခြောက်တစ်လှည့်.. အော် ဘာလိုလိုနဲ့ တစ်နှစ်ပြည့်ပြီပဲ... တစ်နှစ်သမီးလေးအတွက် မွေးနေ့လက်ဆောင် ပေးတဲ့အနေနဲ့ ပို့စ်အဟောင်းလေးတစ်ပုဒ် ပြန်တင်မယ်.. အဟောင်းတွေ အသစ်ဖြစ်စေလိုတဲ့ဆန္ဒ မဟုတ်ရပါဘူး.... ရှည်ရှည်ဝေးဝေးပြောမနေဘူး.. တင်ရတဲ့အကြောင်းရင်းကတော့ “ငါကြိုက်လို့ကွ”.....။

“ကဗျာပုလင်းလေး”
ကျွန်မတွင် ပုလင်းလေးတစ်လုံးရှိသည်.. သွယ်လျသောပုံသဏ္ဍာန်နှင့် ခရမ်းနုရောင်ပုလင်းလေးသည် အလွန် လှပသည်.. ထိုပုလင်းထဲတွင် ကျွန်မကဗျာများထည့်သိမ်းထားသည်.. ထိုအခါ ပုလင်းလေးသည် ကဗျာများ ကြောင့် ပိုမိုတောက်ပလာသည်.. ကြယ်ကြွေသောညများတွင် ကျွန်မက ကဗျာများကို ထုတ်ဖတ်လေ့ရှိသည်.. ထိုအခါ ပုလင်းလေးကပါ ကျွန်မနားတွင်ထိုင်ကာ ကျွန်မဖတ်ပြသောကဗျာများကို နားထောင်နေတတ်သည် .. လွမ်းမောဖွယ်ကဗျာများကို ကြားလျှင် အဝေးကိုငေးနေတတ်သော ပုလင်းလေးတွင် ချစ်သူရှိပါသလား ..
နေသာသောနေ့များတွင် ကျွန်မတို့လမ်းလျှောက်ထွက်ခဲ့ကြသည်.. ပုလင်းလေးထဲမှ ကဗျာများကလည်း ပျော်ရွှင်မြူးတူးလျက်.. ပုလင်းလေးကပါ ပြုံးနေသည်.. ကဗျာတစ်ပုဒ်ခုန်ချထွက်ပြေးသောအခါ ပုလင်းလေး ငိုသည်.. ကဗျာလေးနာမည်က “ငှက်”တဲ့.. ထားလိုက်ပါတော့ကွယ်.. ငှက်ဆိုတာ ပျံသန်းနေတဲ့ သတ္တ၀ါဆိုတာ မင်းမသိဘူးလား.. မငိုနဲ့.. ရွက်ကြွေလမ်းတလျှောက်ပြေးရင်း အရှိန်ရလာသောအခါ ပျံသန်းသွားသော ကဗျာလေးကို ကျွန်မလက်ပြနေမိသည်.. ပူပြင်းသောနေရောင်ကြောင့် စက္ကူများမီးလောင်သွားပြီး ပြာများအဖြစ် ကြွေကျလာသောအခါ ၀မ်းနည်းစွာဖြင့် ကျွန်မတို့လှည့်ထွက်လာခဲ့မိပါသည် .. ပုလင်းလေးကို ကျွန်မသနားသောကြောင့် ကဗျာသစ်တစ်ပုဒ်ထပ်ထည့်ပေးခဲ့သည်.. နာမည်က “ကြိုးတစ်ချောင်း”တဲ့.. ထိုကြိုးကို ပုလင်းလေးက ကြိုးနှင့်ချည်ထားဖို့ကြိုးစားသည်.. မင်းဘာလုပ်တာလဲ.. ဒါမှထပ်ထွက်မပြေးမှာပေါ့တဲ့.. ငါကမင်းကို ကြိုးပေးတာ ကြိုးနဲ့ထပ်ချည်ဖို့မဟုတ်ဘူး.. သူကိုယ်တိုင်က ကြိုးမို့လို့ မင်းထပ်ချည်စရာမလိုဘူးလေ.. ပုလင်းလေးတွေဝေစဉ်းစားနေသည်ကို ကြည့်ကာ ကျွန်မရယ်သည်.. တစ်ခါ ဆုံးရှုံးဖူးလို့ နောက်တစ်ခါဆုံးရှုံးရမှာကို ကြောက်နေတဲ့ သနားစရာကျွန်မရဲ့ပုလင်းလေး .. ပုလင်းလေးနှင့်ကျွန်မသည် အဖော်ကောင်းများဖြစ်သည်.. တစ်မနက်တွင် ပုလင်းလေးက ကျွန်မကိုပြောသည်.. သူနေမကောင်းပါတဲ့.. လှောင်ပြောင်ချင်စွာဖြင့် ကျွန်မရယ်နေပြန်သည်.. ကျွန်မရယ်တော့ ပုလင်းလေးက မျက်နှာမကောင်းပါ.. အသာနေစမ်းပါ ငါအလုပ်ရှုပ်နေတယ်.. စိတ်ညစ်ညူးစွာဖြင့် ပြောလိုက်မိသည်.. အပြင်မထွက်ရတာကြာလို့ အကြောင်းရှာနေတာလား.. လာဂျီကျမနေနဲ့ သွား.. နေရောင်ခြည်ရသော ကျွန်မ၏ စားပွဲတစ်နေရာတွင် ချထားပေးခဲ့သည်.. အရောင်မှိုင်းနေသောပုလင်းလေးကိုပင် နှုတ်မဆက်နိုင်ပဲ ကျွန်မတံခါးပိတ်လိုက်မိသည်.. ညှိုးငယ်သောမျက်လုံးများဖြင့် လှမ်းကြည့်နေသောပုလင်းလေးကို ကျွန်မ မမြင်လိုက်မိပါ .. ကျွန်မပြန်လာသောအခါ စားပွဲပေါ်တွင်ပုလင်းလေးရှိနေသေးသည်.. သို့သော် ကျွန်မမိတ်ဆွေ ပုလင်းလေးမဟုတ်တော့ပါ.. ခရမ်းနုရောင်မှ သွေးရောင်သို့ပြောင်းလဲနေသော သေဆုံးနေသော ပုလင်းငယ်ကိုသာ တွေ့ရသည်.. ကျွန်မအထိတ်တလန့်နှင့် ပုလင်းထဲကိုကြည့်လိုက်သောအခါ ကျွန်မ နောက်ဆုံးထည့်ပေးခဲ့သောကြိုးတစ်ချောင်းက ကျွန်မပုလင်းလေး၏နှလုံးသားကို ဖြစ်ညှစ်ထားခဲ့သည်.. မုန်းတီးစွာ စက်ဆုပ်စွာ သွေးရူးသွေးတန်းနှင့် ထိုကြိုးကို ကတ်ကျေးနှင့်အပိုင်းပိုင်းညှပ်လိုက်မိသည်.. ကြိုးသည် အပိုင်းပိုင်းပြတ်သွားလေပြီ .. သို့သော်လည်း ကျွန်မပုလင်းလေးအသက်ပြန်မရှင်လာတော့ပါ .. ကျွန်မပုလင်းလေး.. နှလုံးသားကိုဖြစ်ညှစ်ခံထားရသော ပုလင်းလေး.. ဘယ်လောက်တောင်မွန်းကျပ်နေမလဲ.. မျက်ရည်များသည် ကြမ်းပြင်ပေါ်သို့ကျဆင်းကာ ရေများအဖြစ် အိုင်ထွန်းလာကြသည်.. တဖြည်းဖြည်း များလာသောရေများကို ကျွန်မကြည့်နေမိသည်.. ပုလင်းလေးကို ရင်ခွင်ထဲပိုက်ကာ ကျွန်မ၏ အဖော်ကောင်းလေးကို လွမ်းဆွတ်တမ်းတနေသည်.. ရေများသည် ခြေမျက်စိမှ ဒူးခေါင်းအထိ.. ဒူးကျော်ကာ ရင်ဘတ်ထဲမှ ပုလင်းလေးကို ဘောင်ဘင်လှိုင်းခတ်သည်အထိ မြင့်တက်လာသည်.. မကြာခင် ကျွန်မ မြုပ်တော့မည်.. ပုလင်းလေးနှင့်ကျွန်မ မြုပ်သွားလေသည်.. ကျွန်မနေမကောင်းပါ.. ပုလင်းလေးလိုပဲ ရေများက ကျွန်မနှလုံးသားကို ဖြစ်ညှစ်ထားကြသည်.. ပုလင်းလေးလိုပဲ ကျွန်မသေသွားတော့မှာလား.. ကျွန်မမျက်လုံးများပိတ်လိုက်သည်.. နှလုံးသားက ပေါက်ကွဲထွက်တော့မတတ် နာကျင်လာသည်.. စိတ်တစ်ခုကြောင့် မျက်လုံးများဖွင့်ကာ ရင်ခွင်ထဲမှ ပုလင်းလေးကို ငုံ့ကြည့်လိုက်မိသောအခါ ခရမ်းနုရောင် ပုလင်းလေးက ကျွန်မကိုကြည့်နေသည်.. ကျွန်မကပြုံးပြလိုက်သောအခါ ချက်ချင်းပင် ကျွန်မတို့ တိမ်တွေထဲရောက်သွားသည်.. တိမ်တွေပေါ်ထိုင်ကာ ကဗျာများဖတ်နေသော ကျွန်မနှင့်ပုလင်းလေးတွင် အနာဂတ်တွေ ရည်မှန်းချက်တွေ ယှဉ်ပြိုင်မှုတွေ ဘ၀တွေမရှိတော့သလိုပဲ.. ဒီလိုပဲ အမြဲတမ်း နေသွားရတော့မည်.. ကောင်းလိုက်တာနော်.. ပုလင်းလေးကို ကျွန်မပြောမိသည်.. ထိုအချိန်တွင် ငှက်တစ်ကောင်က ကျွန်မတို့နှစ်ယောက်နား ၀ဲပျံလာသည် . ကျွန်မပိုင်ဆိုင်သောငှက်ကလေး . အို မင်းလည်းဒီမှာရှိနေတာလား.. ငှက်ကလေးက ကျွန်မလက်ပေါ်တွင်လာနားသောအခါ ကဗျာစာရွက်ခေါက်လေး ဖြစ်သွားသည်.. ကျွန်မပျော်သွားသည်.. ကဗျာစာရွက်လေးကို ပုလင်းလေးထဲသို့ထည့်ကာ သိမ်းထားလိုက်သည် .. ပုလင်းလေးလည်း ပြုံးလို့.. သူပြုံးသည်ကိုမြင်သောအခါမှ ကျွန်မသူ့အပြုံးကို မည်မျှလွမ်းဆွတ်မျှော်လင့် နေမိကြောင်း သိလိုက်ရသည်.. ပထမဆုရသောကျောင်းသားလေးကဲ့သို့ ကျွန်မကျေနပ်သွားသည်.. အရာအားလုံးသည် ပေါ့ပါးနေသည်.. ကျွန်မသေသွားပြီလား.. သေသွားသည်ဆိုလည်း ကိစ္စမရှိပါ.. ကျွန်မနေကောင်းသွားပြီ.. ကျွန်မပုလင်းလေးလည်း နေကောင်းနေသည်.. ဘာမှအရေးမကြီးတော့ပါ.. အရေးကြီးသည်က ကျွန်မ.. ပုလင်းလေးနှင့် ကဗျာများသာဖြစ်ပါသည်...။ xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဒါကတော့ ဆားချက် အဲလေ မွေးနေ့လက်ဆောင်ပေးတာပေါ့.... ခုချိန်ထိ အိဖူးရဲ့ဘလော့ကို လာလည် ဆော့ကစား ဖတ်ရှု ဝေဖန် ဆဲဆိုသွားသမျှအားလုံးကို ကျေးဇူးအထူးတင်ပါတယ်.. ကျေးဇူးတင်လွှာနဲ့မှားမှာ စိုးလို့... တစ်ယောက်ချင်းနာမည်တွေရေးတော့ဘူးနော် ...။

နောက်တစ်ခေါက်ထပ်ပြောမယ်..
ကျေးဇူးတင်ပါသည်
XD

ကဲကဲ ...
အောက်မှာမုန့်စားသွားကြပါဦးနော် ... ဝအောင်စားနော် အားမနာနဲ့... ပြီးရင် လက်ဆောင်ပေးပေါ့..။

ဒါကတော့ ကိတ်မုန့်ချစ်သူတွေအတွက် ...


ဒိုးနတ်များစားချင်ကြသလားလို့ ....


ပီဇာလည်းစားကြဦး...

ဆူရှီနဲ့ဂင်ဘတ်တဲ့.. အော်ဒါမှာထားတဲ့လူတွေရှိလို့..



ရေခဲမုန့်


နင်နေမှာစိုးလို့ ဝိုင်သောက်ကြ


စားချင်သူတွေရှိနေတယ်.. မတူးရေ ဝအောင်စားပါ... ဘဲဥကတော့ပါတယ်ထင်တာပဲ..

ကဲကဲ တော်သေးပြီ.. ဒီလောက်ဆိုဝရောပေါ့... တော်တော့နော်....

Wednesday, November 18, 2009

ပါရမီဖြည့်ဖက်

အော် .. ဆရာမကြီးအိဖူးလည်း ကျောင်းပိတ်ရက်တွေမှာ အိမ်ထဲမှာပဲ လှိမ့်ပိန့် အပျင်းထူ အပျင်းတစ် .. အခုတော့ ကျောင်းဖွင့်ဖို့ လဝက်လောက်ပဲလိုတော့မယ် .. ဘာလိုလိုနဲ့ တတိယနှစ်ကျောင်းသူကြီးတောင်ဖြစ်လို့ .. ခွိ .. ညီမဝမ်းကွဲလေးတစ်ယောက်တောင် ကိုယ်မျက်စိရှေ့မှာတင် တက္ကသိုလ်တောင်ရောက်ပေါ့ .. times fly so quick ပါလားနော် ... တရားသဘောတွေ ဆင်ခြင်မိနေတယ် .. (ဒါက အင်ထရိုပေါ့နော့)

တရားသဘောဆိုလို့ပါ .. လောကကြီးမှာ ဘာမှမတည်မြဲဘူးမလား .. အနိစ္စသဘောတွေပေါ့လေ .. အရာရာကို အနိစ္စသဘောနဲ့ ရှုမြင်နိုင်ဖို့လိုတယ် .. လောလောဆယ်တော့ အနိစ္စသဘောကို ငွေမှာတွေ့ရတယ် .. မတည်မြဲပျက်ပြယ်ခြင်း အနိစ္စနောက်မှာ “ဒုက္ခ”ဆိုတဲ့သဘောကပါ ကပ်ပါလာတော့ မခက်ဘူးလား ...

ပြီးတော့ကာ “ကွေးသောလက်မဆန့်မီ ဆန့်သောလက်မကွေးမီ” တဲ့ .. အင်း ဒီတရားကလည်း နှလုံးသွင်း ဆင်ခြင်စရာပဲ .. “မျှော်မလင့်ထားတတ်တာများ တခါတရံဖြစ်တတ်တဲ့သဘော .. လောကကြီး လောကကြီး” ပေါ့လေ .. နှလုံးသွင်းမိစေတာကလည်း အကြောင်းရှိတယ်မလား .. ၁၅ မိနစ်တစ်ခါ ခုလာ ခုပျက်ဖြစ်နေတဲ့ လျှပ်စစ်မီးကြောင့်မှ မဟုတ်ရင် ဒီတရားကိုသတိတောင်ရပါ့မလားပဲ .. နောက်ရှိသေးတယ် .. အင်တာနက် connection ခုတက် ခုကျနဲ့ .. ခက်ရချည်ရဲ့ ..

ကျွန်မတို့ မြန်မာနိုင်ငံကြီးဟာဆိုရင် ထေရဝါဒဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားစည်ပင်တဲ့နိုင်ငံဖြစ်တယ် .. ဗုဒ္ဓရဲ့အဆုံးအမ တရားတော်တွေနဲ့အညီ ကျင့်ကြံနေထိုင်ကြတယ် .. ဟုတ်ကဲ့ အဲလိုကျင့်ကြံ နေထိုင်ဖို့ဆိုတာကလည်း ပါရမီဖြည့်ဖက်လိုတယ်ရှင့် .. ဘုရားလောင်းတောင်မှ ပါရမီဖြည့်ဖက်ဆိုတာရှိသေးတာ ကျွန်မတို့လို *ကင်းမွန်သီး*တွေဆိုရင်တော့ ပြောမနေနဲ့တော့ပေါ့ .. (*ကင်းမွန်သီး*ဆိုတဲ့အသီးဟာ ပုလည်း ပုပါတယ် ထုလိုက်ရင်လည်း အရည်စင်တဲ့အတွက် ကင်းမွန်သီး = ပုထုဇဉ်။ ဘယ်သူ့စကားလည်းတော့ မသိဘူး ယူသုံးလိုက်တယ်)

အဲ .. အဲ့လို အနိစ္စသဘောတွေ စိုသောလက်မခြောက်မီတွေ ဆင်ခြင်နိုင်ရုံတင်မကပါဘူး .. တချို့ လူတွေများဆိုရင် ရေအကျိုးဆယ်ပါးပါ ပြည့်တာ .. “စိုသောလက်မခြောက်မီ ကွေးသောလက်မဆန့်မီ” တရားသဘောပြနေတဲ့လျှပ်စစ်မီးကြောင့် “ရေ” ဆိုတာများ အဆင်ပြေနိုင်ပါ့ဦးမလား .. မြန်မာတွေဆိုတာ ဖြတ်ထိုးဥာဏ်အင်မတန်ကောင်းတယ်လို့ သမိုင်းမှာသင်ခဲ့ရတယ် .. ဒီတော့လည်း မြန်မာပီပီ ရှိတဲ့ဥာဏ်လေးကို လွှာသုံး ဖျစ်ညှစ်သုံး အဆင်ပြေသလိုလုပ်ရတော့တာပေါ့ .. ရှိတဲ့လူကလည်း ဝေပေး မျှပေးနဲ့ဆိုတော့ ရေအကျိုးဆယ်ပါးလည်း မတောင်းပဲပြည့်ရောပေါ့ ..

ရာသီဥတုကလည်း ဘာတဲ့ .. အော် ဆောင်းဝင်ပြီတဲ့ .. ပူလိုက်တာပြောမနေပါနဲ့ .. ကဲလေ သူ့ကိုတော့ အပြစ်ပြောလို့ ဘယ်ဖြစ်မတုန်း .. ပူနေရင်လည်း အေးအောင်လုပ်ရမယ့် နည်းလမ်းတွေရှိပါတယ် .. ခက်နေတာက အဟင်း အဲကွန်းတွေ ပန်ကာတွေလည်ပတ်ဖို့ဆိုတာက စွမ်းအင်တစ်ခုလိုတယ်မလား .. လောပိတရေတံခွန်ကကျတဲ့ ရေအားတွေနည်းပါးသွားပုံရတာလား .. အဲ့ရေအားတွေဟာ မြို့တစ်မြို့ကိုပဲ စုပုံရောက်သွားသလား .. စက်မှုနိုင်ငံအဖြစ်ပြောင်းလဲမယ်ဆိုတဲ့ ကျွန်မတို့နိုင်ငံကြီးလည်း ပြည်သူတွေကို အောက်ခြေလွတ်စေချင်ပုံမရဘူး .. “အခြေကနေတက်လာခဲ့တာမမေ့ပါနဲ့ လူ့စွမ်းအင်ကို အပြည့်အဝအသုံးချရတဲ့ ယပ်တောင်ကိုသုံးပါ”တဲ့ .. မလွယ်ဘူးလား ..

ဒါမယ့်လည်း ပျင်းရိခြင်းခြောက်ပါးဆိုတာလည်း ရှိသေးတယ်မလား .. ပူလွန်းလို့သာ ဘာမှမလုပ်ရရင်တော့ အလုပ်တွေဘယ်ပြီးမလဲ .. ဒီလိုပဲ ရာသီဥတုပူပူထဲမယ် သွားရလာရပေါ့ .. ပိုက်ဆံမရှိတဲ့လူတွေလည်း ဘတ်စ်ကားစီးကျပ်ကျပ်လေးစီးပြီး ဒုက္ခသုက္ခတွေကို ခါးစည်းခံကြဦးပေါ့ .. လောကဓံတရားရှစ်ပါးအရ ဘဝရဲ့အနိမ့်အမြင့်တွေကို ကြံ့ကြံ့ခံရင်ဆိုင်ကြဦးပေါ့ .. တကယ့်ကို ခန္တီပါရမီတွေ ပြည့်စုံထူးကဲတဲ့ မြန်မာပြည်သူတွေပါ ..

၂၀၁၂ မှာ ကမ္ဘာပျက်မယ်တဲ့ .. အိုး ပျက်စမ်းပါစေ .. ဘယ်သူ့ကို ဂရုစိုက်ရမတုန်း .. အားလုံးတူတူ ပျော်ပျော်ကြီးသေကြရမှာပဲ .. သေချာတာတစ်ခုက တစ်ကမ္ဘာလုံးသေသွားပြီး တခြားနိုင်ငံက ဘယ်သူတွေ ဘယ်ဘဝရောက်ရောက် ကျွန်မတို့မြန်မာပြည်သူပြည်သားတွေ အားလုံးကတော့ ဗုဒ္ဓအဆုံးအမနဲ့အညီ ကျင့်ကြံနေထိုင်ကြတဲ့အတွက် သောတပန်ဖြစ်သူဖြစ် နိဗ္မာန်ရောက်သူရောက် နတ်သမီးနတ်သားတွေ ဖြစ်လိုဖြစ်နဲ့နေမှာပါ .. တွေးကြည့်လိုက်ရင် ဝမ်းသာစရာမကောင်းဘူးလားရှင့် ...

အော် ဒါနဲ့ ကျွန်မတို့ရဲ့ပါရမီဖြည့်ဖက်ဟာ ဘယ်သူများပါလိမ့် .........။ စဉ်းစားချင်စရာလေးပါပဲ .......။

Tuesday, November 17, 2009

ခံစားချက်ရောင်စုံနဲ့တောင်ကြီး

အသွားတစ်လမ်းလုံး ကားပေါ်မှာ တစ်ရေးမှအိပ်လို့မရခဲ့ဘူး .. မျက်လုံးကြောင်နေတာပဲလား .. အပျော်လွန်ပြီး အိပ်မရတာပဲလားတော့မသိဘူး .. တောင်တက်တောင်ဆင်း ကွေ့ကွေ့ကောက်ကောက်လမ်းကြောင်းပေါ်က ကားတစ်စီးထဲမှာ အိဖူးကြည့်လိုက်တော့ (အိဖူးကလွဲလို့) အားလုံးကအိပ်လို့ .. အဲဒါနဲ့ပဲ ဘေးကတောင်စောင်းကြီး တွေကိုပဲ လိုက်ကြည့်နေမိတယ် .. ကြည့်နေရင်းနဲ့ ကိုယ့်ဟာကိုယ်တွေးပြီး ကြောက်စရာမရှိ ကြံဖန်ကြောက် နေမိသေး .. ကြည့်နေရင်းနဲ့ တောင်စောင်းထိပ်ကနေ လူတစ်ယောက်ပြုတ်ကျလာတာတို့ ခုန်ချလိုက်တာ ကိုမြင်လိုက်တာတို့ဆို ဘယ်လိုနေမလဲမသိဆိုပြီးတော့လေ ...။ (အဲဒါပြောတာ အတွေးခေါင်ပါတယ်ဆို) .. ခဏနေတော့ မိလှိုင်နိုးလာတယ် .. ရှေ့နဲ့နောက်စကားများနေကြတော့ မြတ်နိုးပါနိုးလာရော .. ခုနက အိဖူး တွေးကြောက်တဲ့အကြောင်း သူတို့ကိုပြောပြတော့ ဝိုင်းပြီးချီးမွမ်းကြတယ်လေ .. “ငပေါ” တဲ့ ..။
((တာဝန်ကျေတဲ့အိဖူးလေးပါ))
တောင်ကြီးနေရမယ့်အိမ်ကို ရောက်ရောက်ချင်းစဉ်းစားမိတာက အိပ်ရင်ကောင်းမလား ရေအရင်ချိုးရင် ကောင်းမလားဆိုတာပဲ .. နောက်တော့ ဘယ်ဟာမှအရင်မလုပ်ဖြစ်ဘူး .. အိမ်ရှိလူကုန်လိုက်နှုတ်ဆက်ပြီးတော့ သဲသဲရဲ့မီးပုံးအတွက်ကော်သုတ်ပေးဖြစ်တယ် .. (ရောက်တာနဲ့ခိုင်းတာပဲ) .. ပြီးတော့ ရှားတို့ရဲ့ညမီးကျီ သွားကြည့်ဖို့ ဘုန်းကြီးကျောင်းရောက်သွားတယ်လေ .. သူတို့မီးပုံးပျံအတွက်လည်း ကော်သုတ် .. လိုချင်တာ လေးတွေ ဓါတ်ပုံရိုက်နဲ့ .. အိမ်ပြန်ရောက်တော့ ခဏပဲအိပ်ဖြစ်တယ် .. ။

ပြီးတော့ အားလုံးရဲ့သဘောတူညီချက်အရ တောင်ပေါ်ကဝိုင်ခြံလေးကို ရောက်သွားကြတယ် .. တဲလေးထဲမှာ အားလုံးစုစုဝေးဝေးထိုင်လို့ .. အမြည်းလေးကလည်းကောင်း .. စွမ်ထန်ဟင်းရည်လေးကလည်းချဉ်ချဉ် .. ဝိုင်လေး ကလည်း ရှလွတ်နဲ့ .. အားလုံးငြိမ့်နေကြတာပေါ့ ..

ပြီးတော့ မြစိမ်းတောင်ဘုရားကိုသွားတယ် .. ဘုရားပေါ်ကနေ မြို့ကိုကြည့်ဖြစ်တယ် .. ပထမဆုံးအပေါ်စီးကနေ ခေါင်မိုးနီနီမြို့လေးကိုမြင်ရတဲ့မြင်ကွင်းပေါ့ .. တအားစွဲသွားတာပဲ ..

တောင်ကြီးမှာ ရေချိုးရတဲ့အရသာကလည်း တစ်မျိုး .. ရေအေးအေးလေးနဲ့ ကိုယ်ပေါ်ကျနေတဲ့ နေရောင်လေးနဲ့ .. နွေးလိုက် အေးလိုက်ပဲ .. ခေါင်းကတော့ ခဏခဏလျှော်ရသလားမမေးနဲ့ .. ဆိုင်ကယ်စီးတော့ လေတိုးတဲ့ ဒဏ်ရော ညဖက်နှင်းရိုက်တဲ့ဒဏ်ရောခံရတာပေါ့ .. ခေါင်းတစ်ခါတစ်ခါဖီးရင် ဆံပင်က နှစ်ပိဿာလောက် ကျွတ်တော်မူတယ် ..

ဘော်ဒါတွေနဲ့ အသားကျပြီးသွားတဲ့နောက်တော့ နေ့လည်နေ့ခင်းတွေ သိပ်မပျင်းရတော့ဘူး .. နှစ်ယောက်တည်းဖြစ်မနေတော့ဘူးပေါ့ .. အနည်းဆုံးတော့ ဘာကိုစိတ်ညစ်နေလဲ ဘာကိုကြောက်နေလဲ ပြောပြစရာလူတွေရှိသေးတာပေါ့ .. မဟုတ်ရင် နေ့လည်ခင်းတွေဆို ဘာလုပ်လို့လုပ်ရမှန်းကိုမသိဘူး ..

တောင်ကြီးသားတွေ ဧည့်ဝတ်ကျေပုံများ ဘာမှလုပ်စရာမရှိဘဲ ထိုင်မနေလိုက်နဲ့ .. ထိုင်တာနဲ့ ဘာလုပ်မလဲ ဘယ်သွားမလဲ ဘာစားမလဲ .. “ဟိုသွားရင်ကောင်းမလားမသိဘူး” ဆိုတာနဲ့ ဘယ်ချိန်သွားမလဲ လာခေါ်ပေးမယ်ဆိုတာက “ကောင်းမွန်” .. ညဖက် မီးပုံးပျံကွင်းထဲရောက်ရင်လည်း စကားများကြ စားကြ သောက်ကြ .. စုရပ်နေရာမှာ ထိုင်နေရတာပျင်းတော့ ပွဲဈေးတန်းဖက်သွားလိုက် ဟိုဖက်လျှောက်လိုက် ဒီဖက်လျှောက်လိုက်လုပ်နေတဲ့ အိဖူးနဲ့မြတ်နိုးတို့နောက် မငြီးမငြူလိုက်ပေးတာ “သားကြီးရယ် သီဟရယ် ဇေယျာစုရယ်” .. ရန်ကုန်ကနေ တောင်ကြီးပြန်လာဖို့ ဖင်တကြွကြွဖြစ်နေပြီး “ငါပြန်ရောက်ရင် နင့်ကို ငါးကန်လိုက်ပို့မယ်” “ငါရောက်ရင် နင့်ကိုဝယ်ကျွေးမယ် စားချင်တာ စာရင်းပြုစုထား” ဆိုတဲ့ အိဖူးရဲ့ချစ်ဘော်ဒါကြီး “ဂွမ်းစိန်” .. ကွင်းတစ်ပတ်ပတ်ဖို့ အမြဲခေါ်နေတတ်တဲ့ “ဇင်လင်းနဲ့ဖိုးချို” .. မနက်ဖန်စာမေးပွဲရှိတယ် ဒီနေ့စောစောပြန်မယ် အမြဲပြောတတ်တဲ့ “ကိုဖြိုး” .. အိုး အားလုံးက သိပ်ချစ်ဖို့ကောင်းတဲ့သူငယ်ချင်းတွေပါ ..။
((သူငယ်ချင်းတွေ အစ်ကိုတွေ))

ညဖက်တွေလည်း ပျော်ပျော်ပါးပါး .. တစ်ညကဆို ပွဲပြီးသွားတော့ အိမ်တန်းမပြန်ကြဘူး .. အောက်ပန်းခြံနား သွားထိုင်ပြီး သီချင်းတွေ အော်ဆိုနေကြသေးတယ် .. အဲ့ညက အဲလေ အဲ့မနက်ပေါ့ အဲ့မနက်က အိမ်ကိုလေးနာရီမှ ပြန်ရောက်လာတယ်လေ .. ပျော်စရာကြီးပဲ .. သဲသဲရဲ့နေ့လွှတ်မီးပျံးလွှတ်တဲ့နေ့က စူဠာမုနိဘုရား သွားကြတယ် .. အဲ့နေ့က ဘုရားမှာဆုတောင်းဖြစ်တယ် .. “သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ပတ်သက်လာရင် ဒီလိုပဲပျော်ရွှင်ရပါစေလို၏” လို့ပေါ့ .. ။


လည်ပတ်ပျော်ရွှင်ရင်းနဲ့ ပြန်ရမယ့်မနက်ရောက်လာပြီပေါ့ .. ပြန်မယ့်မနက်ကျမှ ဈေးကို ကမန်းကတန်းသွားပြီး ဟိုဟာတွေဝယ် ဒီဟာတွေဝယ်နဲ့ ဝုန်းဒိုင်းဝုန်းဒိုင်းပေါ့ .. ဝယ်ခြမ်းပြီး အထုပ်တွေသိမ်းကြ .. တစ်အိမ်လုံးပတ်ပြီး ဓါတ်ပုံရိုက်ကြနဲ့ .. နေ့လည်စာတောင် မစားအားဘူး ..။


ကားဂိတ်ရောက်သွားတော့ အတန်တန်မှာလို့မဆုံးဘူး .. “အွန်လိုင်းလာနော်” “ရန်ကုန်လာရင် ဖုန်းဆက်မယ်နော်” “နင်တို့လည်း နောက်နှစ်တောင်ကြီးထပ်လာနော်” နဲ့ .. အဲ့အထိ ဘယ်လိုမှမခံစားရသေးဘူးလေ .. ကားပေါ်တက်ထိုင်ပြီးတော့ သူတို့အားလုံးက ကားဘေးကနေ လာနှုတ်ဆက်ကြပြန်တယ် .. “တာ့တာ”ပေါ့ ပြီးတော့ ကနေကြတယ်လေ .. အဲ့မြင်ကွင်းကိုကြည့်ရင်း ဘယ်လိုမှမခံနိုင်တော့ဘူး .. ငိုမိပါလေရော .. ရန်ကုန်က သူငယ်ချင်းတွေထက်တောင်ကောင်းတဲ့ ဒီဘော်ဒါတွေနဲ့ ခွဲရပြီဆိုပြီးတော့ပေါ့ .. မြတ်နိုးလည်း အိဖူးကိုကြောင်တောင်တောင်နဲ့ ကြည့်နေပြီးမှ သူပါမျက်ရည်ကျတယ် .. အော် အငိုဆိုတာလည်း ကူးစက်တတ်တာပဲကိုး .. ။

အဲလိုနဲ့ ရန်ကုန်ကို မျက်ရည်လည်ရွှဲနဲ့ ပြန်ရောက်လာတယ်ပဲပြောရမှာပေါ့ .. ပြန်ရောက်တဲ့ တစ်ရက်နှစ်ရက်တုန်းကဆို ဘယ်လိုမှန်းလည်းမသိဘူး .. တောင်ကြီးမှာ နေ့လည်ခင်းတွေကအစ ဘော်ဒါတွေနဲ့ ဖလန်းဖလန်း လျှောက်သွားနေခဲ့တာ .. အိမ်ပြန်ရောက်တော့ အိမ်စောင့်ကြီးဖြစ်ပြီး တစ်နေ့လုံးမှ ကိုယ်တစ်ယောက်တည်းရယ် .. မနေတတ်မထိုင်တတ်နဲ့ပေါ့ .. လွမ်းလိုက်ရတာ ပြောမနေပါနဲ့တော့ .. ။

((ဖတ်ရတာတော့ သိပ်ပျော်စရာကောင်းနေမလားပဲနော် .. တကယ်တမ်းကတော့ အဲ့လောက် ပျော်စရာမကောင်းခဲ့ပါဘူး .. စိတ်ညစ်စရာတွေ တပုံတပင်နဲ့ .. ဘော်ဒါတွေနဲ့နေနေရတဲ့အချိန်ကလွဲရင် တခြားအချိန်တွေကို ပြန်တောင်မစဉ်းစားချင်ဘူး .. ဒီပို့စ်ရေးတာတောင် တော်တော်ရေးယူရတယ် .. ပြန်ရောက်ပြီး အတော်ကြာမှ တက်လာတာသာကြည့်တော့ .. သေချာတာကတော့ အလွမ်းတွေ အပျော်တွေ မျက်ရည်တွေ အချစ်တွေဟာ တောင်ကြီးမြို့လမ်းမတွေမှာ ပြန့်ကျဲကျန်ရစ်ခဲ့တာပဲလေ .. အဲ့လောက်ကို ခံစားချက်စုံလင်ခဲ့တဲ့ တောင်ကြီးခရီးပါ ...။ ))

တနင်္ဂနွေမှတောက်ပအပြုံးများ

ဘဝမှာ “ဆရာမ” ရယ်လို့ ပီပီပြင်ပြင်အခေါ်ခံရတာ ဒီနေ့က ပထမဦးဆုံးအကြိမ်ဖြစ်လိမ့်မယ် .. ကလေး တစ်ယောက်ရဲ့ခေါ်သံကို နားနဲ့ပီပီသသကြီးကြားလိုက်ရတော့ ရုတ်တရက်မို့ ရင်ထဲမှာ လှိုက်ခနဲ .. ခံစားချက်က ထူးဆန်းပါပေ့ .. ချက်ချင်းလက်ငင်းကြီး ဆရာမဖြစ်ချင်စိတ်တွေတောင် ပေါက်လာသလိုလိုပါပဲ .. ကလေးပေါင်း များစွာရဲ့ “ဆရာမ” ခေါ်သံတွေကြားထဲမှာ သူတို့မုန့်စားနိုင်ဖို့အရေး ကျွန်မလည်းချွေးတလုံးလုံးနဲ့ လူအုပ်ထဲ ရောက်သွားပါတော့တယ် ..

ဒီနေ့ ကျွန်မတို့တွေ မိဘမဲ့ကျောင်းတစ်ကျောင်းကို ရောက်နေခဲ့တာပါ .. ကျောင်းဝန်းက အတော်လေး ကျယ်သလို ကလေးတွေလည်း အတော်ကိုများပြားပါတယ် .. ဘလော့ဂါရှင်းသန့်ရဲ့ဖိတ်ခေါ်ချက်အရ ပရဟိတအဖွဲ့နဲ့အတူ လုပ်အားပေးသဘောမျိုးရောက်နေခြင်းပါ .. (အဖွဲ့နာမည်သက်သက်ရှိပေမယ့် သူတို့ကို “Sunday အဖွဲ့” ရယ်လို့ပဲသုံးပါမယ်) .. တစ်ဖက်ကမ်းကို ရန်ကုန်ကနေ မနက်ကိုးနာရီလောက်မှာ ထွက်ခဲ့ကြတယ် .. ဆန်းဒေးအဖွဲ့ကတော့ တနင်္ဂနွေတိုင်း အဲ့ဒိကျောင်းမှာ ကလေးတွေကို စာသင်ပေးနေကြပါ .. ဒါပေမယ့် ဒီတနင်္ဂနွေမှာတော့ သူတို့အဖွဲ့ရဲ့ ၇ နှစ်ပြည့်နှစ်ပတ်လည်ဖြစ်တဲ့အတွက် ကျောင်းမှာ ပျော်ပွဲရွှင်ပွဲ သဘောမျိုးနဲ့ ဆိုကြကကြပြီး ကလေးတွေအတွက် နိဗ္မာန်ဈေးလေးခင်းကျင်းမယ်တဲ့ ..

ကားနဲ့သွားရတဲ့ခရီးက တော်တော်တော့ကြမ်းပါတယ် .. ကားလမ်းက မပြေပြစ် .. မုန့်တောင်းတွေ အအေးတွေ ပေါက်စီဘူးတွေနဲ့ လူပေါင်း ၂၀ ကျော်ဟာ ကားထဲမှာကျပ်ကျပ်ညပ်ညပ် .. ဒါပေမယ့်လည်း လူငယ်တွေရဲ့ ထုံးစံအတိုင်း ဘာကိုမှဂရုမပြုမိပဲ စလိုက်နောက်လိုက် စကားများလိုက်နဲ့ ရောက်လာတာပဲ .. ကားပေါ်က ဆင်းတော့ ကလေးတွေက အလုအယက်လာကြိုကြ နှုတ်ဆက်ကြပါတယ် .. ကျွန်မတို့လည်း ကျောင်းဝန်းထဲမှာ ဟိုဒီကြည့် လျှောက်သွားရင်း ခဏနေတော့ ကလေးတွေထမင်းစားချိန်ရောက်လာပါတယ် .. ထမင်းစားဖို့ စနစ်တကျတန်းစီကြပြီး ထမင်းစားဆောင်ထဲကို အစီအရီရောက်သွားကြပြီး ထမင်းစားကြပါတယ် ..

ကလေးတွေလို့ဆိုပေမယ့် လူပျိုအပျိုပေါက်အရွယ်တွေပါ ရှိတာကိုတွေ့ရပါတယ် .. အဲဒါကိုစိတ်ဝင်စားလို့ မေးကြည့်တော့ ကျောင်းတွေဘာတွေပြီးရင်တော့ ဒီကျောင်းက စာသင်ကျောင်းမှာပဲ ဆရာဆရာမ လုပ်ချင်ရင်လုပ် မလုပ်ချင်ရင် အိမ်ပြန်လို့ရပါတယ်တဲ့ .. “အိမ်ပြန်လို့ရတယ်” ဆိုတာကို နားမလည်တော့လို့ ထပ်မေးတော့ ရှင်းသန့်ပြောတာက တကယ့်မိဘမဲ့ကလေးအရေအတွက်က ၆၀ ၇၀ လောက်ပဲတဲ့ .. ကျန်တဲ့ ကလေးတွေက စားဖို့သောက်ဖို့တောင် အနိုင်နိုင်နဲ့မို့ မိဘတွေက ဒီကိုလာပို့သွားကြတာ .. နာဂစ်အပြီးမှာတော့ ကလေးတွေပိုများလာတယ်တဲ့ .. အော် ဒီလိုလားပေါ့ .. ဘယ်လိုပဲဖြစ်ဖြစ် သူတို့လေးတွေအားလုံးက တစ်နေရာတည်းမှာရောက်နေတဲ့ အခြေအနေတူကလေးတွေပဲလေ .. အားလုံး သနားစရာ ချစ်စရာတွေပါ ..

နောက်တော့ ဆန်းဒေးအဖွဲ့ရဲ့ ပျော်ပွဲရွှင်ပွဲအစီအစဉ်စပါတော့တယ် .. ကလေးတွေက ကကြဆိုကြနဲ့ .. အရွယ်တူလေးတွေက အုပ်စုလိုက်အုပ်စုလိုက်နဲ့ .. သူတို့အလှည့်မရောက်သေးခင် စင်အောက်မှာ စုစုဝေးဝေး ထိုင်နေရတာကို လိုက်ကြည့်နေမိတယ် .. ကပြဖျော်ဖြေဖို့ မိတ်ကပ်လိမ်းထားတာကြောင့်ပဲလား အရွယ်ညီ နေတာကြောင့်ပဲလားတော့မသိဘူး .. ကျွန်မမျက်စိထဲမှာ အားလုံးရဲ့ရုပ်ကလေးတွေက ဆင်တူလေး တွေချည်းပဲလို့ .. အဲဒိအကြောင်းကို အနားမှာထိုင်နေတဲ့ မမေရာကိုပြောပြမိတော့ သူတို့ခံစားနေရတဲ့ စိတ်အခြေအနေကြောင့်ဖြစ်မယ်တဲ့ .. အင်းလေ ဟုတ်လောက်ပါရဲ့ .. သူတို့စိတ်ထဲမှာ ဘာကိုမှရေရေရာရာ အားကိုးလို့မရမှန်းသိနေတော့ secure မဖြစ်ဘူးထင်တယ် .. ကိုယ့်ကိုကိုယ်ပဲ အားကိုးမယ် .. ကိုယ်မှ အသုံးမကျရင် ခံပေတော့ပဲလို့များ တွေးကြသလား .. အဲ့အတွေးကြောင့် မျက်နှာ expression က အဲလိုဖြစ်နေ သလား .. ပြုံးနေ ရီနေကြပေမယ့် သူတို့အပြုံးတွေက သိပ်မတောက်ပလိုပဲ ..

နေ့လည်တစ်နာရီလောက်မှာ ပွဲအစီအစဉ်ကို ခဏနားပြီး နိဗ္မာန်ဈေးအတွက် ဆန်းဒေးဆရာဆရာမတွေ ပြင်ကြဆင်ကြပါတယ် .. ဒိုးနတ် ပေါက်စီ ယိုးဒယားအကင် ဂျယ်လီရှိတ် ကော်ဖီအေး နောက်ပြီး မုန့်ပေါင်းများစွာနဲ့ စာအုပ်တွေ ခဲတံတွေ အင်္ကျီတွေလည်းပါရဲ့ .. သစ်ပင်ရိပ်လေးတွေရှာ အဲ့သစ်ရိပ်အောက်က ခုံတန်းလေးတွေပေါ်မှာ ပြင်ဆင်နေတာတွေကို ကျွန်မကြည့်ကောင်းကောင်းနဲ့ ထိုင်ကြည့်နေမိတယ် .. နန်းညီတို့ မမေရာတို့ ကိုမင်းယွန်းတို့ကတော့ ကင်မရာကိုင်ပြီး တဖျတ်ဖျတ်နဲ့ပေါ့ .. ရှင်းသန့်နဲ့ little brook ကတော့ ပစ္စည်းတွေ ဟိုဒီသယ်လို့ လူးလာခေါက်တုံ့ .. ကျွန်မကတော့ ဘာလုပ်ရမှန်းမသိဘူး .. ဆန်းဒေးအဖွဲ့ လူတွေနဲ့လည်း မရင်းနှီးတော့ ကူလုပ်ပေးမယ်ဆိုတာတောင် သူတို့က အားနာလို့လားမသိဘူး ပေးမလုပ်ဘူး .. လှေကားမှာ ကျွန်မလိုပဲ (ဘာလုပ်ရမှန်းမသိလို့ ထိုင်နေသူတွေ) နှစ်ယောက်သုံးယောက်လောက်ရှိသေးတယ် ..

ပြီးတော့ ကလေးအားလုံးကို စုလိုက်ပြီး မုန့်ထုတ်ဖို့ ကဒ်လေးတွေဝေပါတယ် .. တစ်ယောက်ကို ဘယ်နှကဒ်လောက်ရသလဲတော့ မသိပါဘူး .. အားလုံးကိုဝေပေးပြီးတော့မှ မုန့်တွေကိုစတင်ထုတ်ပေးပါတယ် .. ကလေးလေးတွေလည်း ကဒ်ပေါ်ကအရောင်ကိုကြည့်လိုက် ဆိုင်ရဲ့ဆိုင်းဘုတ်တွေမှာ သူတို့ရထားတဲ့အရောင်ကို လိုက်ရှာလိုက်နဲ့ .. တွေ့သွားတဲ့လူတွေကလည်း သူတို့အပေါင်းအသင်းတွေကို “ဒီမှာ ဒီမှာ အစိမ်းရောင်”လို့ အော်ခေါ်လိုက် .. အပြေးအလွှားမုန့်တွေတိုးထုတ်လိုက်နဲ့ ပျော်နေကြတာပေါ့ .. ကလေးတွေကို ကြည့်နေရင်းနဲ့မှ ညစ်တီးညစ်ပတ် ကလေးပုတုလေးတစ်ယောက်ရယ် ကဒ်ပြားလေးတွေကို လက်မှာတင်းတင်းဆုပ်လို့ ကျီးကြည့်ကြောင်ကြည့်နဲ့ .. လက်ထဲမှာလည်း ဘာမုန့်မှမတွေ့သေးဘူး .. အရပ်လေးပုလတက်နဲ့ ဟိုမော့ဒီမော့ပေါ့ ..

လှေကားမှာထိုင်နေရာကနေ အနားသွားရပ်ပြီး “သား မုန့်တွေမထုတ်ဘူးလား” လို့သွားမေးတော့ နှပ်ချေးလေး ရှုံ့သွင်းရင်း လက်ထဲကို သူ့ကဒ်တွေအားလုံးထိုးထည့်တယ် .. “ဆရာမ လိုက်ထုတ်ပေးပါ” တဲ့ .. ဆရာမဆိုတဲ့ အသုံးအနှုန်းကိုရီချင်သွားသလို သူ့ကိုလည်းသနားသွားတယ် .. “အော် အေးအေး .. လာသွားထုတ်ကြမယ်” ဆိုတော့ လက်ကိုလာတွဲထားတယ် .. သူ့ကဒ်ပြားတွေကြည့်လိုက် ဟိုဖက်ဆိုင်မှာထုတ်လိုက် ဒီဖက်ဆိုင်မှာ ထုတ်လိုက်နဲ့ အလုပ်တွေကိုရလို့ .. သူတစ်ယောက်ကို လိုက်ထုတ်ပေးနေတာမြင်တော့ တခြားကလေး ပိစိတွေကပါ “ဆရာမ သားကိုလည်းရှာပေးပါ” “အနီရောင်ကဘာမုန့်လဲ ဘယ်မှာလဲ ဆရာမ” “သမီးက ပေါက်စီစားချင်တာ ဆရာမ” ဆိုပြီး အနားကိုရောက်လာကြပါတယ် ..

မုန့်ရဖို့ကလည်း မလွယ်ပါလား .. ကျွန်မလိုက်ထုတ်ပေးရမယ့် ကလေးကနှစ်ယောက်လောက် ထုတ်မယ့် နေရာကိုရောက်တော့ တခြားကလေးတွေကပါ သူတို့ကဒ်တွေထိုးပေးပြီး လူမိုက်ငှားတာက ငါးယောက် လောက်နဲ့ .. J cup jelly shake ဆိုင်နားမှာတင် ပိတ်မိနေတာ အတော်ကြာပါတယ် .. သူတို့ဆိုင်က ဂျယ်လီရှိတ်တစ်ဘူးရယ် အိုအိရှိတစ်ထုပ်ရယ် စာအုပ်တစ်အုပ် ခဲတံတစ်ချောင်း ခဲဖျက်တစ်ခုရယ် ပေးရတာကများတော့ လက်မလည်ဘူး .. ဂျယ်လီဒိုင်ခံထည့်တဲ့သူ စာအုပ်ဒိုင်ခံပေးတဲ့သူရယ်လို့မရှိတော့ ကသောင်းကနင်းနဲ့ လူတွေပြုံနေတာပေါ့ .. သိပ်ကြာလွန်းအားကြီးတော့ မနေနိုင်တော့ဘူး .. ကျွန်မပါဝင်လုပ်နေရရော .. အနားက ကဒ်ပြားပေးထားတဲ့ ကိုယ့်ကလေးတွေကလည်း တကြော်ကြော် .. ကဒ်ပေးထားပြီးတဲ့ကလေးသုံးယောက်က ဘယ်ရောက်သွားမှန်းမသိဘူး .. ကူလုပ်ပေးပြီးနောက် မူးချာလည်သွားတာပဲ .. တစ်ခါမှ ဒီလိုမလုပ်ဖူးတော့ ပျော်ဖို့တော့ကောင်းသား ..

နိဗ္မာန်ဈေးပြီးတော့ ပျော်ပွဲရွှင်ပွဲကို ပြန်စပါတယ် .. ထပ်ကကြ ဆန်းဒေးဆရာဆရာမတွေက ဆုငွေချီးမြှင့်ကြ .. ဆရာဆရာမတွေကပါ ပါဝင်ကပြလိုက်ကြနဲ့ .. ပြီးတော့ ဆုပေးပွဲလည်း ပါသေးတယ် .. ဘောလုံးအသင်းတွေ ထုပ်ဆီးတိုးအသင်းတွေကို ဆုချီးမြှင့်တဲ့အခမ်းအနားပေါ့ .. ကြည့်ရတာလည်း ကြည်နူးစရာ .. လေးနာရီလောက်ကြမှ အားလုံးသိမ်းပြီး ပြန်ဖို့ပြင်ကြပါတယ် .. ကားမထွက်သေးခင် စောင့်နေတုန်း ကလေးလေးတစ်ယောက်နဲ့ ဆော့နေလိုက်သေးတယ် .. “ဆရာမ နောက်အပတ်ရောလာမှာလား” တဲ့ .. “အေး လာမှာပေါ့ကွ” ဆိုတော့ ကရင်မျက်နှာလေးနဲ့ကောင်လေးက ရီပြပြီး “သားတို့က တနင်္ဂနွေကိုပဲ မျှော်နေကြတာ ဆရာမရဲ့” တဲ့ ...

ပြန်လာတော့ ကားပေါ်မှာ အားလုံးက မောပန်းနွမ်းနယ်စွာ ပျော်ရွှင်စွာနဲ့ အလာတုန်းကလိုပဲ စကားသံတွေ တညံညံနဲ့ပါပဲ .. ရန်ကုန်ဖက်ပြန်ရောက်ရင် အားလုံးပဲ တနင်္လာနေ့အလုပ်ခွင် ကျောင်းခွင်အသီးသီးပြန်ဝင်ဖို့ အားမွေးကြရဦးမယ် .. ဒီလိုနဲ့တစ်ပတ်လုံး ကိုယ့်ကိစ္စနဲ့ကိုယ် လုပ်ရင်းကိုင်ရင်း တနင်္ဂနွေနေ့ရောက်တဲ့အခါကျ မျှော်နေတဲ့ကလေးတွေဆီ အားအပြည့်နဲ့သွားပြီး သူတို့မသိ နားမလည်တဲ့စာတွေကို သွားရှင်းပြရင်း ကြင်နာရင်း ပီတိတွေသွားယူကြရဦးမယ် .. သူတို့တွေ လက်ရှိနေရာထက် ပိုကောင်းမယ့်နေရာလေးကို ပိုင်ဆိုင်နိုင်အောင် သွားကူညီကြရမယ် .. ကလေးတွေအားလုံးကို တောက်တောက်ပပပြုံးတတ်စေချင်တယ် .. ဒါဟာ ဆုတောင်း တစ်ခုဆိုရင် အဲ့ဆုတောင်းပြည့်ဖို့ ကျွန်မတို့တွေအားလုံးလုပ်ဆောင်နိုင်ပါလိမ့်မယ် ...။



Friday, November 13, 2009

?????????? ??

ပို့စ်မရေးတာကြာလို့ထင်တယ် .. ဘာမှလည်း ခေါင်းထဲကမထွက်လာဘူးတော့ .. အခုဆို အိမ်ထဲမှာပဲ ပိတ်မိနေတာအတော်ကြာ .. အတော်ကြာဆိုတာ တောင်ကြီးကပြန်ရောက်ပြီးကတည်းကပေါ့လေ .. အေးအေးဆေးဆေးလေး အိမ်ထဲမှာနေရင်း .. အဖော်ကောင်းရင် ရေသွားကူးလိုက် မုန့်စားလိုက်နဲ့ .. ပိုက်ဆံရှိရင် အင်တာနက်ဆိုင်လေးသွားလိုက် ဓါတ်ပုံတွေတင်လိုက်

တကယ်တမ်းစိတ်ထဲမှာ သွားချင်နေတာက ဘုရားကို .. ဘာလို့လဲတော့မသိဘူး .. ဘုရားကို မနက်စောစောလေး သွားပြီး ဆောင်းတန်းလေးတစ်ခုမှာ အေးအေးလူလူထိုင်ပြီး လူတွေကိုကြည့်ချင်တဲ့ဆန္ဒက အပြင်းအထန်ပဲ .. သွားဦးမှပါ .. အောင်စာရင်းလည်း ထွက်တော့မယ် .. ကောင်းကောင်းမွန်မွန်မဖြေခဲ့တဲ့ရလဒ်က ဘယ်လိုဖြစ်လာ ဦးမလဲ .. အော် စိတ်ဆင်းရဲလိုက်တာ ..

လွမ်းနေမိတဲ့လူတွေကလည်း အားကြီးအများကြီး .. ကျောင်းလည်းတက်ချင်တယ် .. ထမီမဝတ်ရတာကြာလို့လေ .. ထမီလေးနဲ့ရင်ဖုံးလေးနဲ့ လွယ်အိတ်လေးလွယ် ခြင်းတောင်းလေးဆွဲ သူငယ်ချင်းမလေးနဲ့တူတူ ထီးလေး ဆောင်းပြီး ဟိုပြောဒီပြောနဲ့ ကျောင်းလမ်းမှာလျှောက်ရတဲ့အရသာကို ပြန်လိုချင်နေမိတယ် .. သူငယ်ချင်းတွေကိုလည်း တွေ့တော့တွေ့ချင်သား .. ဒါမယ့် မတွေ့ရလည်း ဘာမှမဖြစ်ပါဘူး .. လွမ်းတဲ့ထဲ ဒင်းတို့မပါဘူး ..

တကယ်လွမ်းနေမိတာက တောင်ကြီးကဘော်ဒါတွေရယ် .. နေ့လည်ခင်းပျင်းတဲ့ချိန်တွေဆို တအားသတိရတာပဲ ရော .. ဒီလိုပါပဲ .. နောက်ကိုယ့်ဟာကိုယ် ရှုပ်ယှက်ခပ်နေရင်လည်း အေးဆေးပြန်ဖြစ်သွားဦးမယ် .. ဒါပေမယ့် သူတို့တွေရန်ကုန်ဆင်းလာရင် ကောင်းမယ်လို့တွေးနေမိတယ် ..

ပျင်းရိတဲ့ရောဂါကို ဘယ်လိုကုရမလဲမသိဘူး .............

ဘာကိုမှမကျေနပ်နိုင်ပဲ အီလည်လည်ဖြစ်နေတာကို ဘယ်လိုလုပ်ရမလဲမသိဘူး ................

ဘယ်ဟာကို ဘယ်လိုလုပ်လိုက်ရင် အကောင်းဆုံးလဲမသိဘူး ...???????


Friday, October 9, 2009

ကျိုးကြေအိပ်မက်များ၏လမ်းကျယ်

ဂစ်တာတစ်လက်ကို ကျောမှာလွယ်လာသော လူတစ်ယောက်ကို ထိုလမ်းလေးထဲတွင် အမြဲတွေ့ရတတ်ပါသည် .. လမ်းလေး၏ ဘေးတစ်ဖက်တစ်ချက်တွင် ပျဉ်းမပင်များ အစီအရီပေါက်နေသည် .. တခါတရံ သူပြန်လာသော ညဖက်အချိန်တွင် မြို့တော်သည် အိပ်မောကျလျက်ရှိသဖြင့် လမ်းလေးသည် လူရှင်းနေလေ့ရှိသည် .. သူကတော့ လူရှင်းသည် မရှင်းသည်ကိုပင် သတိမူမိပုံမပေါ် .. ခေါင်းငိုက်စိုက်ချပြီး တစ်လှမ်းချင်းသာ အဆက်မပြတ်လျှောက်နေသည် ..

တကိုယ်ရေတည်းလျှောက်လာသော သူ့ပုံစံသည် အထီးကျန်ဆန်လှသလို တဆက်တည်းမှာပင် လွတ်လပ် ပေါ့ပါးလှပါသည် .. လရောင်က သူ့ပေါ်တွင် သူ့ကျောပေါ်က ဂစ်တာလေးပေါ်တွင် ဖြာကျလျက် .. သူ့ဘေးနားတွင် သူ၏ပါးလှပ်သော အရိပ်ကသာ အဖော်သဟဲတစ်ယောက်သဖွယ် ကပ်ငြိပါလာသည် .. ငြိမ်သက်တိတ်ဆိတ်နေသောညတွင် သူ့နှလုံးခုန်သံက တစ်ခုတည်းသောဆူညံသံဖြစ်သည် .. သူလမ်းလျှောက် လာသည်ကို ကြည့်မိလျှင် ထိုအရာနှစ်ခုကိုသာ သတိထားမိပေလိမ့်မည် .. သူ့အရိပ်နှင့် သူ့နှလုံးခုန်သံ ..

သူ့ပုံစံသည် လောကကြီးတွင် လမ်းလျှောက်စရာကလွဲလို့ ဘာမှလုပ်စရာမရှိသလိုပင် .. ပူပင်ခြင်းမရှိသလို ပျော်ရွှင်ခြင်းလည်း မရှိပါ .. ခြေတစ်လှမ်းနှင့် နောက်တစ်လှမ်းကြားတွင် စဉ်းစားတွေဝေမှုမပါ .. တွန့်ဆုတ်မှုမပါ .. ထို့အတူ တက်ကြွမှုမပါ နိုးကြားမှုမပါ .. ခြေလှမ်းများသည် ဗလာသက်သက် .. ပန်းတိုင်မသိသလို ခရီးဆုံးတွင် စောင့်ကြိုနေမည့်သူလည်းရှိပုံမပေါ်ပါ .. သို့သော် တစ်စုံတစ်ခုကို တွေ့ကောင်းတွေ့နိုး ရှာဖွေနေသလို ..

သူသည် အိပ်မက်ကော မက်တတ်ပါသလား .. တစ်ဖက်တစ်ချက်တွင် ခရမ်းရောင်ပျဉ်းမပန်းများ ကြွေကျ နေသော .. ဖြာကျနေသော လရောင်တို့ဖြင့် ပြီးပြည့်စုံနေသော လမ်းမကျယ်လေးသည် အိပ်မက်မက် ချင်စရာကောင်းလှပါသည် .. ထိုကဲ့သို့ လှပသောလမ်းလေးကိုပင် သတိမပြုလောက်အောင် သူ့အတွေးများက တစ်ခုခုပေါ်တွင် စူးစိုက်နေပုံရပါသည် ..

သို့မဟုတ် သူအိပ်မက်မက်နေခြင်းဖြစ်မည် .. လမ်းလေးကိုမက်နေခြင်း မဟုတ်သည့်တိုင် တစ်ခုခုကို အိပ်မက်မက်နေခြင်းလည်း ဖြစ်နိုင်ပါသည် .. လမ်းလေးထက်လှပသည့်အရာ .. လရောင်ထက်ပိုလင်းသောအရာ .. သူ့ဂစ်တာလေးထက် သံစဉ်ပိုချိုမြပြီး .. သူ့နှလုံးကို ဒိထက်ပိုခုန်နိုင်အောင် လုပ်နိုင်စွမ်းရှိသည့် အရာတစ်ခုခု အကြောင်းကို သူအိပ်မက်မက်နေလိမ့်မည် .. ချိုမြိန်သောအိပ်မက်မက်နေသူနှင့်တူသလို အိပ်မက်ဆိုးတစ်ခုကို အမြဲတွေးနေသူနှင့်လည်း တူနေသေးသည် ..

တစ်ည .. မိုးရွာပြီးစမို့ ပျဉ်းမပင်များစိုစွတ်ကာ လမ်းမသည်လည်း မိုးနံ့တသင်းသင်းပျံ့လျက်ရှိသည် .. သူပြန်လာသည် .. ခရမ်းရောင် ပန်းလေးတစ်ပွင့်က လေနှင့်အတူလွင့်ကာ သူ့ရှေ့သို့ ရောက်လာသည် .. ရုတ်တရက် အရှိန်သတ်လိုက်သဖြင့် သူ တုံ့ ကနဲရပ်သွားသည် .. သူ့ရှေ့က ခရမ်းရောင်ပန်းလေးကို ကြည့် နေသည် .. အရင်က မမြင်ဖူးသောအရာတစ်ခုကို မြင်လိုက်ရသည့်အတိုင်း ပန်းလေးကိုငေးကြည့်နေသည် .. သူသည် အိပ်မက်မှ နိုးလာသည်နှင့်တူနေတော့သည် .. ပန်းလေးကို ယူလိုက်ပြီး သူဆက်ထွက်သွားပါသည် .. ဘေးတစ်ဖက်တစ်ချက်သို့ တွဲလောင်းချထားပြီး လွှဲရမ်းခြင်းမရှိသည့် သူ့လက်ထဲသို့ ပန်းပွင့်လေးပါသွားသည် .. သူ့အိပ်မက်ကို ပိုပြည့်စုံအောင် သို့မဟုတ် အိပ်မက်မှ နိုးထအောင် ပန်းလေးက လုပ်ဆောင်နိုင်လိမ့်မည် ထင်သည် ..

သေချာသည်ကတော့ ထိုနေ့မှစ၍ သူ့ကို လမ်းလေးထဲတွင် ဘယ်တော့မှမတွေ့ရတတ်တော့ပေ .. မြို့တော် အိပ်မောကျနေချိန်တွင် လရောင်လင်းသည့် လမ်းလေးထဲသို့ ဂစ်တာတစ်လက်ကျောမှာလွယ်လျက် လမ်းလျှောက်လာတတ်သည့် သူသည် လိုချင်တာကို ရှာဖွေတွေ့ရှိသွားပုံရသည် ..

သူသည် အိပ်မက်မက်တတ်သူ ဟုတ်ပါသလား ..
အိပ်မက်လှလှမက်တတ်သူလား .. အိပ်မက်ဆိုးများဖြင့် နိုးထနေတတ်သူလား ..
ပန်းပွင့်လေးကြောင့် သူအိပ်မက်မက်မလား .. ထိုပန်းလေးကြောင့် အိပ်မက်ကလန့်နိုးမလား ..

သို့မဟုတ် ပန်းပွင့်လေးက သူ၏ ပျောက်ဆုံးသွားသောအိပ်မက်များလား ..







Monday, October 5, 2009

အရာရာ

သူငယ်ချင်းတစ်ယောက်က သူလက်ထပ်တော့မယ်ပြောတယ် .. သူ့မှာ စေ့စပ်ထားတဲ့လူရှိတယ် အဲ့ဒိလူနဲ့ပဲ လက်ထပ်မယ်ဆိုတာသိရက်နဲ့ “အိဖူးရေ .. ငါလက်ထပ်တော့မယ်”လို့ သူပြောလာတဲ့အချိန်မှာ တော်တော် လေးကို အံ့သြသွားခဲ့တယ် .. ကျွန်မတို့အသက်က ၁၈ နှစ်ပဲရှိသေးတာပါ .. ကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်ရတာ ကောင်းပေမဲ့ ၁၈ နှစ်မှာတော့ လက်မထပ်ချင်မိပါဘူး .. စတေးလိုက်ရမဲ့ လွတ်လပ်တဲ့လူငယ်ဘဝလေးကို နှမြောမိတယ်လေ .. အခုမှ ဘဝမှာ အလန်းဆန်းဆုံးနေ့ရက်တွေ ရခါစရှိသေး .. ချက်ချင်းပဲအပြီးသတ်ရတော့ မှာလားနော် .. ကျွန်မက အဲ့လိုမျိုးပြောတော့ သူငယ်ချင်းက ငြင်းတယ်လေ .. နင်တကယ်ချစ်တဲ့လူရှိလာတဲ့ အခါ နားလည်လာမယ်တဲ့ .. အဲ့အချိန်ရောက်ရင် သူ့ကို (ကျွန်မချစ်သူကို) ပိုင်ဆိုင်ရဖို့အတွက် အရာရာကို စွန့်လွှတ်နိုင်သွားလိမ့်မယ်တဲ့ .. ကျွန်မကတော့ သူငယ်ချင်းကို ခေါင်းပဲ ခါပြလိုက်မိတယ် .. “အရာရာကို စွန့်လွှတ်သွားနိုင်မယ်”တဲ့ .. တစ်မျိုးကြီးပဲ ..

“အရာရာ” .. အရာရာဆိုတာဘာတွေလဲ .. ငွေကြေးလား ပျော်ရွှင်မှုလား လွတ်လပ်မှုလား အသိုင်းအဝိုင်းလား .. ရုပ်ပိုင်းဆိုင်ရာလား စိတ်ပိုင်းဆိုင်ရာလား .. အားလုံးပဲလား .. အရာရာဆိုတဲ့ထဲမှာ ကျွန်မတို့ရဲ့အမူအကျင့် တွေ နေ့စဉ်လှုပ်ရှားမှုတွေရောပါလား .. စွန့်လွှတ်နိုင်သွားလိမ့်မယ်ဆိုတဲ့ထဲမှာ အမူအကျင့်တွေကို ပုံစံပြောင်း တာရောပါလား .. လူသစ်စိတ်သစ်ဖြစ်သွားတာမျိုးကိုခေါ်လား .. ဘယ်လိုဟာမျိုးကိုခေါ်တာပါလိမ့် ..

လူတစ်ယောက်ကို ပိုင်ဆိုင်ချင်တာ ပိုင်ဆိုင်ရဖို့အတွက်နဲ့ အရာရာကိုစွန့်လွှတ်နိုင်မှာလား .. နေထိုင်နေတဲ့ ကိုယ့်ဘဝပုံစံကို ပြောင်းလိုက်ရမှာလား .. နောင်တစ်ချိန်မှာ ကျွန်မတကယ်စွန့်လွှတ်နိုင်တာ မစွန့်လွှတ်နိုင်တာ အပထား .. အဲလိုပြောသွားတာကိုပဲ ပိုမခံနိုင်ဖြစ်နေသလိုပဲ (ဘာမှလည်းဆိုင်ဘူးနော်) .. ကျွန်မက နည်းနည်း တော့အတွေးခေါင်တယ် .. အခုကိစ္စကို မနေနိုင်မထိုင်နိုင်တွေးနေတာကိုပဲကြည့် .. သူငယ်ချင်းကဖြင့် သူ့အိမ်ထောင်နဲ့သူအဆင်ပြေလို့ ပျော်လို့ရွှင်လို့ .. ကျွန်မမှာတော့ တွေးလိုက် မကျေနပ်လိုက် .. လက်ထပ်သွား တဲ့သူငယ်ချင်းကို နှမြောလိုက်နဲ့ ကိုယ့်ဒုက္ခကိုယ်ရှာနေမိတာ .. ကြာတော့လည်း ကိုယ့်ကိုကိုယ်စိတ်တိုလာတယ် ..

နောက်ထပ်စိတ်ကိုဆွပေးတဲ့ သတင်းတစ်ခုကလည်း အဲ့သူငယ်ချင်းဆီကပဲကြားတာပဲ .. ကျွန်မတို့ရဲ့ သူငယ်ချင်းထဲက နောက်ထပ်တစ်ယောက်က (အထက်တန်းတုန်းက သူငယ်ချင်းလေးယောက်ရှိခဲ့တယ်) ကလေးမွေးပြီးသွားပြီတဲ့ .. ဘုရားရေ .. ပြောပြတဲ့အချိန်မှာ ကျွန်မကြက်သီးတောင်ထသွားတယ် .. နောက်တော့တွေးမိလာတာက “ကောသလအိပ်မက် ၁၆ ချက်” ထဲကအတိုင်းပါပဲလားလို့ ..

အပြင်မှာမြင်ရင်တော့ အဲ့လင်မယားကို ဘယ်သူက ကလေးရှိတယ်လို့ ထင်မှာလဲနော် .. တဆက်တည်းပဲ ကလေးမွေးလိုက်တဲ့သူငယ်ချင်းကိုတော့ ချီးကျူးတယ် .. မွေးရဲတဲ့သတ္တိရှိလို့ပါ .. ဘယ်လိုပဲပြောပြော သူလည်း အိမ်နဲ့တော့ အတိုက်အခံတွေကြုံရမှာပဲ .. ဖျက်မချလိုက်ပဲ မွေးပစ်လိုက်တဲ့သတ္တိကတော့ တကယ့် အမေစိတ်ဓါတ်ပဲထင်ပါတယ်နော် .. အပြင်မှာတွေ့တော့လည်း အရင်ကလိုမဟုတ်ပဲ တည်ငြိမ်သွားလိုက်တာ .. အရင်ကဆိုကျောင်းမှာ ဆပ်စလူးစိန် အာပြဲမလေးကိုး .. သူလည်း သူ့ရည်းစား အဲလေ သူ့ခင်ပွန်းကို တော်တော်ချစ်ပုံရတယ် .. သူဆိုရင်ကော အရာရာကိုစွန့်လွှတ်ခဲ့တာပဲလား .. မိဘတွေရဲ့အငြူစူခံပြီးမှ မွေးလာတဲ့သူ့သမီးလေးက သူ့ဘဝပါတဲ့ ..

အချစ်ဆိုတဲ့အရာကလည်း တော်တော်ဆန်းကြယ်သားပဲ .. အရာရာကိုရင်ဆိုင်နိုင် အရာရာကို စွန့်လွှတ်နိုင်လောက်အောင်ပဲ တန်ခိုးကြီးတယ်ထင်ပါ့ .. တွေးရင်တော့ ရူးတောင်ရူးသွားမလားပဲ .. ပထမသူငယ်ချင်းနဲ့တုန်းက လက်မခံချင်တဲ့ကိစ္စက ဒုတိယသူငယ်ချင်းနဲ့တွေ့မှပဲ ပိုပြီးတအံ့တသြကြီးဖြစ်လို့ .. ပျော်ရွှင်ရလိုက် စိတ်ညစ်ရလိုက်နဲ့ ပူလိုက်အေးလိုက်ဖြစ်နေတဲ့အချစ်ဆိုတာကြီးက လူတွေရဲ့ရင်ထဲမှာ ဘာလို့ဖြစ်ဖြစ်လာလဲမသိဘူးနော် .. လာလိုက်သေးတယ် “အရာရာကို စွန့်လွှတ်သွားနိုင်တယ်” တဲ့ .. ဟုတ်လို့လား မကျေနပ်ပါဘူး ..

ခုနေတော့ မကျေနပ်ဘူးပဲ အော်နေတဲ့ကျွန်မလည်း ဘယ်အချိန် အဲ့စကားကို ပြုံးပြုံးလေးလက်ခံမိမလဲမသိ ....။

Friday, October 2, 2009

ငယ့်အတွက်ဖြစ်တည်မှု

ငယ်သည် လူတွေအတွက် တစ်ခုခုပေးစွမ်းနိုင်သူ အမြဲဖြစ်ချင်ခဲ့သည် .. အနည်းဆုံးတော့ ငယ့်ကို ချစ်ခင်သူတွေနှင့် ငယ်ကချစ်ခင်သူတွေအတွက် အမြဲရပ်တည်ပေးချင်ပါသည် .. စိတ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ် ရုပ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ် သူတို့တွေအတွက် (သူတို့ရဲ့လိုအပ်မှုတွေအတွက်) ဖြည့်ဆည်းပေးချင် သည် .. ပြီးတော့ ငယ်က အပေါင်းအသင်းမိတ်ဆွေ သူငယ်ချင်းများကို သိပ်တွယ်တာတတ်သည် .. သူတို့တွေနှုတ်ခမ်းမှ အမှတ်တမဲ့ထွက်လာသော စကားလေးတွေကို ငယ်ဂရုတစိုက်နားထောင်ဖြစ်သည် ..

မျက်နှာအဆီပြန်တတ်သော သူငယ်ချင်းအတွက် အဆီစုပ် Tissue တစ်ထုပ် .. ဆံပင်ကောက်ထားသော ဆံသားမာ၍ဖြီးသင်ရခက်သော သူငယ်ချင်းအတွက် (ဆံပင်အကောက်သီးသန့်) ခေါင်းလျှော်ရည်တစ်ဘူး .. တီရှပ်အမည်း ဒီဇိုင်းစုံဝတ်တတ်သော ဘော်ဒါအတွက်လည်း ဒီဇိုင်းမိုက်မိုက် တီရှပ်အမည်းလေးတွေ (လက်ထဲပိုက်ဆံရှိချိန်နှင့် ဈေးလည်းသင့်တော်လျှင်) .. ခဏခဏစိတ်ညစ်ရတတ်သော သူငယ်ချင်း အတွက်လည်း ငယ်ကရင်ဖွင့်ဖော်အဖြစ် အမြဲအသင့်ရှိသလို ကလေးဆန်၊ တဇွတ်ထိုးလုပ်တတ်သော ညီအတွက်လည်း (ယောက်ျားလေးနှင့်မိန်းကလေးဆိုပေမယ့် ညီအစ်ကိုဟု သူက သတ်မှတ်သည်) သူ့စိတ်ကိုထိန်းကျောင်းပေးဖို့ ငယ်သည်တက်ကြွနေမိသည် ... ငယ့်ကြောင့် စိတ်ချမ်းသာရမည့် လူများအတွက်ဆိုလျှင်လည်း သူတို့စိတ်ချမ်းသာအောင် တခါတရံစွမ်းဆောင်ပေးလေ့ရှိပါသည် ..

ထို့ပြင် တစ်ဦးချင်းစီ၏ ဖြစ်လာသမျှ စိတ်ညစ်စရာတွေ ပြဿနာတွေတွေကို သူငယ်ချင်းများကြားတွင် ဒိုင်ခံနားထောင် အကြံပေးလုပ်တတ်သည်မှာလည်း ငယ်တစ်ယောက်တည်းရှိပါသည် .. ထိုအခါများတွင် သူတို့လိုခံစားကာ အတူစိတ်ညစ်လိုက် .. အကြံပေး ကူညီလို့ရလျှင် အားကြိုးမာန်တက်ပြောပြလိုက် .. ပြီးဆုံးသွားလျှင် သူတို့နဲ့အတူပျော်ရွှင်လိုက်နှင့်မို့ ဟိုးအရင်ခင်မင်စအချိန်တွေက ငယ့်ကိုသူတို့တွေ နားမလည်နိုင်ဖြစ်ခဲ့ရသေးသည် .. ယခုတော့ သူတို့တွေ ငယ့်ကိုမရှိမဖြစ်လိုအပ်သလို ချစ်ခင်ကြတာကိုမြင်တော့ အခြောက်တိုက်ဘဝင်တွေမြင့်နေရသေးသည် .. ထိုသို့ခံစားရသည်ကိုလည်း နှစ်ခြိုက်နေမိသည် .. ငယ့်ကို ထိုသို့ချစ်ခင်ကြသည်ကိုလည်း ဂုဏ်ယူမိသည် .. အနည်းဆုံးတော့ ငယ်က သူတို့အတွက် အဓိကမကျသည့်တိုင် အရေးတော့ပါပါသည် .. ငယ်သည် ဘာလို့ ကိုယ်ကိုယ်တိုင်အတွက် ရပ်တည်ရုံသာမက သူများအတွက်ပါ ရပ်တည်နေလဲမသိပါ .. ထိုကဲ့သို့ဖြစ်ရသည့်အတွက် ငယ်ပျော်ရွှင်သည် .. ဒါ့ကြောင့် ယနေ့ထိတော့ ထိုပုံစံဖြင့်သာ နေထိုင်လာပါသည် .. ကြာလာတော့ သူတို့တွေအတွက် မလုပ်ပေးနိုင်တာ ဘာမှမရှိဟု ထင်လာသည် .. ရင်းရင်းနှီးနှီးပေါင်းသင်းသူတွေအတွက် ငယ်က တစ်ခုခုလုပ်ပေးခဲ့သည်ချည်းပင်ဖြစ်သည် .. ထိုသူတွေအတွက်တော့ ငယ်သည် တကယ့်ကို အပေးသမားသက်သက်ပင် .....

သို့သော် သို့သော် ........

သူ့အတွက် ငယ်ဘာမှမလုပ်ပေးနိုင်ခဲ့ပါ .. ဘာမှမလုပ်ပေးနိုင်ရုံမက ဘာမှလည်းမပြောပေးနိုင် .. ငယ့်အနေဖြင့် မဖြည့်ဆည်း မပေးစွမ်းနိုင်သူက သူဖြစ်နေသည့်အတွက်လည်း ဝမ်းနည်းလို့မဆုံး .. ငယ့်အတွက် အရေးပါသောလူတစ်ယောက်သည် ငယ်နှင့်အဝေးဆုံးမှာရှိသည် .. အဝေးဆုံးကလူအတွက် ရုပ်ဝတ္ထုများ ဖြင့်မဟုတ်တောင် စိတ်ဓါတ်အင်အားတစ်ခုအဖြစ် ငယ်ရပ်တည်ချင်ပါသည် .. ငယ်ကသာ သူ့ကိုစိတ်ဓါတ် အင်အား မပေးစွမ်းနိုင်သော်လည်း သူကတော့ ငယ့်အတွက်ဆေးတစ်ခွက်ဖြစ်သည် .. ငယ်စိတ်အားငယ် နေချိန်များ စိတ်ရှုပ်ရသောအချိန်များတွင် သူပြောသောစကားများက တစ်ခွန်းကိုတစ်ခွန်းဆိုသလို ထိရောက် လှသည် .. တကယ်လည်း သူ့စကားတွေနားထောင်ရင်း အားတင်းခဲ့ပါသည် .. သူက ငယ့်ကို “ပြောစကား နားထောင်တဲ့ကလေးမ” ဟုချီးကျူးလျှင် ငယ်အူမြူးနေရသည် .. တစ်ခါတွင်တော့ ငယ့်ကို လောဘကြီးသည်ဟု သူကစွပ်စွဲဖူးပါသည် .. လူတွေကို ဂရုစိုက်လွန်းသော ငယ့်အား “လူတွေကို ဂရုမစိုက်နဲ့” .. “ကိုယ့်အတွက် ကိုယ်ရပ်ကြည့်စမ်းပါဦး” စသည်ဖြင့်ပြောခဲ့သည် ..

ငယ့်အတွက်ပဲပြောဆိုလုပ်ကိုင်ပေးနေတာပဲ .. ငယ်ကတစ်လှည့် အားပေးစကားလေးပြောပါရစေဦးဟု ငယ် ပြောသောအခါ “ကိုယ့်အတွက် အဲဒါတွေမလိုဘူးလေ ငယ်ရဲ့” ဟူ၍သာကြားရသည် .. ထိုအကြောင်းဖြင့် သူ့ကို ငယ်ရန်စွာမိသည် .. စကားတွေကို ရောကောသောကောလုပ်ကာ သူကရှောချလေ့ရှိပါသည် .. နောက်ဆုံး ငယ်ကလေသံကိုလျှော့ပြီး “ဘာလို့အဲလိုဖြစ်နေရတာလဲ” ဟုမေးမိလျှင် သူက “ကိုယ်ဘာကိုမှ ဘယ်သူ့ကိုမှ မပြောပြချင်ဘူးကွယ်” ဟုပြောလာသည် .. “ဘယ်သူ့ကိုမှ” ဆိုသည့်စကားက ငယ့်ရင်ကို ခပ်ပြင်းပြင်း လှုပ်ခတ်သွားစေပါသည် ..

သူ့အတွက်တော့ ငယ်ဟာ ဘာမှမဟုတ်ပါလားဟုတွေးရင်း ငိုနေမိသည် .. တခြားလူတွေအတွက် ရပ်တည်ပေးနိုင်ခဲ့သောငယ်သည် အဖြည့်ဆည်းပေးချင်ဆုံး“သူ” နဲ့ကျမှ မထူးခြားသူဖြစ်ရလေသည် .. ထိုကိစ္စနဲ့ ပက်သတ်ပြီး ငယ်မကျေမနပ်ဖြစ်နေသည်ကို သိသောအခါ သူက “ငယ်ဟာ ဘာလို့မရင့်ကျက်သေးတာလဲ” ဟု မချင့်မရဲလေသံလေးဖြင့် ပြောလေသည် .. အဆုံးတွင်တော့ ငယ်သည် မခံမရပ်နိုင်စွာဖြင့် ပေါက်ကွဲတော့ လေသည် .. ထိုအခါ သူကတအံ့တသြကြည့်နေရင်းဖြင့် “ငယ် .. ဒါကို ဒီလောက်ကြီး serious ဖြစ်နေမယ် မှန်းမသိခဲ့ဘူး” တဲ့ .. ငယ်က သူ့ကို ဒေါသတကြီးဖြင့် အော်ဟစ်သောအခါတွင်တော့ ငယ့်ကိုဆွဲထိန်းလိုက်ပြီး “အဲဒါတွေက ဘာအရေးကြီးလို့လဲ .. ငယ် ကိုယ့်အတွက်ဖြည့်ဆည်းပေးနိုင်တာတွေ အနစ်နာခံတာတွေက ဘာများဖြစ်လာမှာလဲ .. ငယ့်ဖြစ်တည်မှုတစ်ခုနဲ့တင် ကိုယ်လုံလောက်နေပြီ .. ငယ့်ဆီက တခြားဘာမှ မလိုချင်ဘူးလေ” ဟု တိုးလျသောလေသံလေးဖြင့် ပြောလာသည် ..

သူ့ဆီက ထိုစကားမျိုးမကြားခဲ့ဖူးသည့်အတွက် ငယ်တစ်ခဏတာဆွံ့အသွားသည် .. ဘာမှမပြောဘဲနေမိစဉ် သူထွက်သွားပါသည် .. သူထွက်သွားပြီး အတန်ကြာတော့မှ ငယ်မတ်တပ်ထရပ်လိုက်မိသည် ..

ထိုအချိန်မှစပြီး ငယ်သည် ငယ့်အတွက်ငယ်သာ ဖြည့်ဆည်းလေတော့သည် ... အနည်းဆုံးတော့ သူ့အတွက် “စကားနားထောင်တဲ့ကလေးမ” အဖြစ် ရပ်တည်နေမိသည်ပေါ့ ....။


Thursday, October 1, 2009

အလကားနေရင်း သီချင်းဆိုမိသောအခါ

အင်း .. အဲလိုပေါ့နော် .. သီချင်းဆိုခြင်းဆိုသည်မှာ အိဖူးရဲ့ အကောင်းဆုံးစိတ်ဖျော်ဖြေတဲ့ နည်းလမ်းလေးတစ်ခုပါ .. ဝမ်းနည်းရင် စိတ်ညစ်ရင် ပျော်ရင် အူမြူးနေရင် ဘာဖြစ်ဖြစ် ပါးစပ်မှာ သီချင်းတစ်ပုဒ်ရှိနေတတ်တယ် .. ဆိုနေမိတဲ့သီချင်းတွေကတော့ အများကြီး .. အဲ့ထဲကမှ စိတ်နဲ့အတိုက်ဆိုင်ဆုံးကို ရွေးပေးရရင် .........

“မိုးလေးဖွဲတုန်း သတိရတယ် မြင်နေတယ် ပြတင်းတံခါးဆီပဲ .. သွားလို့မော့ကြည့် ပြောလိုက်ချိန် တစ်ကိုယ်ရေတည်း မိုးစက်တွေအလယ်” ဆိုတဲ့ ထွန်းအိန္ဒြာဗိုနဲ့ မျိုးကျော့မြိုင်ရဲ့သီချင်းလေး ... မိုးတွင်းကုန်ဆုံးတော့မယ် .. မိုးရာသီကိုချစ်တဲ့ အိဖူး အတွက်တော့ ငိုချင်စရာကြီး .. ဒီကြားထဲကမှ ခုတလော သူငယ်ချင်းတစ်ယောက်ကို တအားနဲ့အရမ်းလွမ်းဆွတ်နေမိတယ် .. ဒါပေမယ့် ဒီနေ့မိုးရွာတယ် .. ပြတင်းပေါက်ကနေ အပြင်ကိုငေးကြည့်နေရင်းနဲ့ သီချင်းလေးကို ဆိုမိရက်သားပေါ့ .. “ဝေးပြီးတစ်နေ့ ပြန်တွေ့ကြမယ် .. ယုံကြည်ထား မိုးစက်တွေရယ်” တဲ့ ..

ဒီလိုနဲ့ အိမ်အပြင်ကို လမ်းလျှောက်ထွက်လာခဲ့တယ် .. မိုးရွာထားတော့ သစ်ပင်တွေ မြက်ပင်တွေ အားလုံးအစိမ်းအစိမ်းတွေကြီးပဲ .. မနေနိုင်မထိုင်နိုင် သီချင်းတစ်ပုဒ် ဆိုမိတာက “All I see is green” ... ကျားပေါက်ရဲ့ see green လေ .. သူပြောတဲ့ green က အသံထွက်ဆင်တူတဲ့ grin ကိုပြောချင်တာလို့ထင်တာပဲ .. Green Day အဖွဲ့ရဲ့ green ကလည်း အဲ့ grin ကိုပြောတာပဲ .. အဓိပ္ပါယ်က ဆေးခြောက်ရှုခြင်းတဲ့ .. “With no green I cant' be complete, When my dope is gone I hate you all, I'm not in peace till I score some more green” ဆိုတော့ ပိုမရှင်းသွားဘူးလား .. ဘယ်လိုပဲဖြစ်ဖြစ် အဲ့သီချင်းကို ခဏခဏဆိုနေမိတာတော့ အမှန်ပဲ ..

ကွန်ကရစ်လမ်းမကြီးပေါ်မှာ တစ်ယောက်တည်းထိုင်နေမိတယ် .. ကောင်းကင်မှာ တိမ်တွေအဆုပ်လိုက် ထုနဲ့ထည်နဲ့တွေ့ရတော့ လှမ်းကိုင်ကြည့်ချင်လာတယ် .. လှမ်းကိုင်ကြည့်လိုက်လို့ လက်ထဲရောက်ရင် အငွေ့ပျံ ပျက်ပြယ်သွားမလားလို့ စိတ်ကူးယဉ် ကြည့်တော့ ထူးအိမ်သင်ဆိုထားတဲ့ တိမ်တွေအကြောင်းနာမည်နဲ့သီချင်းလေးကို ပြန် ကြားယောင်ရင်း ဆိုနေမိရော .. “တိမ်တွေဖွဲ့စည်းထား မြင်သာချိန်အခိုက်အတန့်လေးမှာ တိမ်တွေပြိုလဲသွား .. ” သီချင်းအေးအေးလေးနဲ့ ထူးအိမ်သင်ရဲ့ ကြည်လင်ချိုမြတဲ့အသံလေးနဲ့ လိုက်ဖက်မှုရှိလို့ အဲ့သီချင်းကိုတအားကြိုက်တယ် .. တိမ်တွေမြင်တိုင်းလည်း ဆိုမိတယ် ..

အိမ်ကိုပြန်တဲ့လမ်းမှာ စာမေးပွဲပြီးလို့ ကျောင်းတွေပိတ်သွားပြီဆိုတာကို တွေးတယ် ..“ရင်နာစွာပြန်လည်တွေးတိုင်း သတိရမိ နှစ်ကိုယ်တူညီ ချစ်ဖူးတဲ့တက္ကသိုလ်ဆီ” ပေါ့လေ .. “အချစ်ဆုံးရဲ့အပြုံးအရယ်လေးတွေ ပြန်မြင်ယောင်နေသည် .. မှုန်ရီရီ မျက်ဝန်းဝေသီ ..” ဆိုသလိုပဲ ကျောင်းက ချစ်စရာကောင်လေးရဲ့မျက်လုံးတွေကို တမ်းတနေသေး .. ကျောင်းပိတ်တော့ သိပ်ကိုပျင်းစရာကောင်းသွားပြီ .. တစ်မျိုးလည်းကောင်းပါတယ်လေ .. အသားမမည်းတော့ဘူးပေါ့ ဟိ ..

အိမ်ရောက်တော့ လူလည်းညောင်းလှပြီ .. မိုးကထပ်ရွာလာတော့ ချမ်းချမ်းဆီးဆီးနဲ့ အိပ်ချင်လာတယ် .. မိုးသံတွေနားထောင်ရင်း သစ်ပင်တွေ မြက်ပင်တွေ စိမ်းနေတဲ့ကွင်းပြင်ကြီးထဲကနေ တိမ်တွေကို မော့ကြည့်နေသလို အိပ်မက်မက်လာတယ် .. တိမ်တွေထဲမှာ ချစ်စရာကောင်လေးရဲ့ပုံလေးကပေါ်လို့ .. အိပ်ချင်တာလည်းမဟုတ်ဘဲ ခွေနေမိတဲ့ ကိုယ့်အဖြစ်ကိုယ် စဉ်းစားမိပြီးတော့မှ စိတ်ထဲမှာ ဆိုမိနေတဲ့သီချင်းက The Ants ရဲ့ “ငပျင်း !!!! .... ငပျင်း !!!!! ...”

ကဲ .. ပြီးလေ၏ ..။
နန်းညီတဂ်ထားတဲ့ ဆိုညည်းမိတဲ့သီချင်းများပို့စ်ပါ .. ထပ်တဂ်ခံရမယ့်လူများကတော့ ကိုကြီးဘရွတ်နဲ့ အောင်ဒီကန်ဖြစ်ပါတယ်ရှင် ... ရေးကြပေတော့နော့ .........။

Wednesday, September 30, 2009

ရွှေ့ခံရတဲ့နယ်ရုပ်

ငါ့စိတ်ထဲမှာ
..........
နယ်ရုပ်တစ်ရုပ်လိုဖြစ်နေတယ် ..

ရွှေ့သမျှအကွက်တွေထဲတိုးဝင်
ကျွေးသမျှကို အစားခံလိုက်ရပြီး
ထိုးပေးလိုက်တဲ့ လက်ထဲကိုရောက်
အချိန်တန်တော့ chess ခုံဘေးနားလေးကနေ
ငေးမောကြည့်လို့

ဘယ်သူတွေ ဘာဖြစ်ချင်ပြီး
ဘယ်သူက ဘာလိုချင်တာလဲ
ဘာလိုချင်လို့ ဒီလိုလုပ်ပြီး
ဘာအကြောင်းကြောင့် ဟိုလိုဖြစ်တာလဲ

ဘေးထွက်ပြီးနေတဲ့ င့ါကို
အလိုရှိလာရင်
လက်တွေက လှမ်းကြတယ်

အဲဒိတော့လည်း
နောက်တစ်ကျော့ပြန်
ရွှေ့သမျှအကွက်ထဲ တိုးဝင်
ကျွေးသမျှကို အစားခံလိုက်ရပြီး
ထိုးပေးလိုက်တဲ့ လက်ထဲကိုရောက်
အချိန်တန်ပြန်တော့ ငါ့မှာ
ငေးမောကြည့်လို့ .....

Thursday, September 24, 2009

ဝေဒနာများ

ကျွန်မတို့အဖြစ်က တော်တော်တော့ရီစရာကောင်းတယ် .. စလိုက်ပြီဟေ့ဆိုကတည်းက လွဲတော့တာပဲ ... ရင်ဘတ်နဲ့ တကယ်တမ်းခံစားရလာတော့ လူတွေက ရူးချင်ချင်တောင်ဖြစ်လာတယ် ..

စပြောမယ်နော် .. ကျွန်မမှာ ချစ်ရတဲ့ကောင်လေးတစ်ယောက်ရှိတယ် .. ကျွန်မချစ်နေတဲ့သူပေါ့ .. တကယ်ဆိုရင် သူနဲ့ကသူငယ်ချင်းလို့ပဲပြောရမှာပါ .. အမြဲတမ်း သွားအတူစားအတူနဲ့မို့ သူငယ်ချင်းပဲဖြစ်ရမှာ .. ဒါပေမယ့်လည်း လောကကြီးက ဖြစ်ချင်တိုင်းဖြစ်ခွင့်မပေးဘူးလေ .. အရောင်တွေစွန်းလာတဲ့ ကျွန်မရဲ့အရူးစိတ်က သူငယ်ချင်းထက်ပိုနေမိတယ် .. အရင်ကတော့ ကျွန်မယောက်ျားလေးတွေကို သိပ်မချစ်တတ်ခဲ့ဘူး .. အခုတော့ ကျွန်မပိုင်ဆိုင်လွန်းလှချည်ရဲ့ဆိုတဲ့လူတစ်ယောက်လည်းပေါ်လာရော ပထမဆုံးစစ်ပွဲမှာတင် ကျွန်မရှုံးနိမ့်တော့ တာပဲ .. ဘာလို့လည်းဆိုတော့ သူ့မှာချစ်နေတဲ့ကောင်မလေးရှိနေလို့ပေါ့ .. အဲဒိကောင်မလေးက ကျွန်မမဟုတ်ဘူးလို့တော့ မပြောတော့ဘူးနော် ... ဟုတ်ကဲ့ ကျွန်မအတွက် ရှုံးနိမ်မှုတွေရဲ့အစဆိုတာ အဲဒါပါပဲ ..

သူချစ်နေတယ်ဆိုတဲ့ကောင်မလေးက ကျွန်မရဲ့သူငယ်ချင်းမလေးပါ .. ကျွန်မအင်မတန်ချစ်ခင်မြတ်နိုးရတဲ့ ကောင်မလေးပေါ့ .. ဒီလောက်ဆို ဇာတ်လမ်းကိုနည်းနည်းရိပ်မိလောက်ရောပေါ့ .. အဲလို သမရိုးကျ ဇာတ်လမ်းထဲကလိုပဲ ကျွန်မက သူငယ်ချင်းအတွက်ချစ်သူကို စွန့်လွှတ်လိုက်ပါတယ် .. ကျွန်မကလည်း လူပီသတဲ့လူဖြစ်တာကြောင့် ချစ်သူက သူငယ်ချင်းကို ကျွန်မထက်ပိုဂရုစိုက်နေတာမြင်ရတော့ မနာလိုဖြစ်မိတာ ခဏခဏ .. ဒါပေမယ့်လည်းလေ သူငယ်ချင်းမလေးရဲ့မျက်နှာကို မြင်မိပြန်တော့ “အော် သူဆိုတော့ တော်ပါသေးတယ်” လို့ဖြေသိမ့်တွေးနေပြန်ရောရှင့် .. ကြာလာတော့ ကျွန်မဘယ်လိုဖြစ်လာလဲ သိလား .. အလွန်ထူးဆန်းစွာနဲ့ပဲ ကျွန်မချစ်သူကိုအမြင်တွေကပ် မုန်းတီးလာတော့တာပဲ .. မရတာကိုမှလိုချင်တဲ့ လူတွေရဲ့စိတ်ကိုလည်း မုန်းတယ် ..

အင်းလေ .. ပြောလက်စနဲ့ဆိုတော့ မထူးတော့ဘူး ပြောပြပါမယ် .. သူငယ်ချင်းမလေးကလည်း ချစ်သူကို ကြိုက်သလားဆိုတော့ “လုံးဝကိုမကြိုက်ဘူး”ဆိုတဲ့အဖြေကိုရပါတယ် .. အဲဒါကလည်း ကျွန်မကို အားနာလို့ မဟုတ်ပဲ သူတကယ်ကိုမကြိုက်ဘူးဆိုတာကို ကျွန်မသိပါတယ် .. သူငယ်ချင်းရဲ့ရင်ထဲမှာလည်း တခြား ကောင်လေးတစ်ယောက်ရှိနေတာကိုး ... အဲ့ဒိကောင်လေးကို သူကလည်း တကယ်ကိုချစ်နေမိလေရဲ့ ... အဲဒိကောင်လေးကရော သူငယ်ချင်းကိုချစ်သလားဆိုတော့ ဟင့်အင်း ... မချစ်ပါဘူး .. ကောင်လေး ချစ်နေတဲ့မိန်းကလေး တခြားတစ်ယောက်ပါ .. ပြီးတော့ အဲဒိတခြားတစ်ယောက်ဆိုတာက ကျွန်မပါတဲ့ ... ဒီလိုလှည့်ပတ်နေတဲ့ဇာတ်ကြီးနဲ့ ကြုံရမယ်လို့တွေးတောင်မတွေးမိဘူး ..

ကိစ္စတွေကို အလုံးစုံသိသွားပြီးတဲ့နောက် အချစ်ဆိုတာဘာလဲလို့ ကျွန်မကိုယ့်ကိုကိုယ်ပြန်မေးမိတယ် .. “လိုတာမရ ရတာမလို” တာအချစ်လား .. ရင်ဘတ်ထဲမှာ စူးအောင့်သွားတတ်တာ အချစ်လား .. သတိလက်လွတ်ငေးမောနေတတ်တာ အချစ်လား .. အနားမှာအမြဲတူတူရှိချင်တာ အချစ်လား .. ဘာပါလိမ့် ... အဲဒိတော့ .. ကျွန်မအဓိကပြောချင်တာကတော့ ကျွန်မရယ် ချစ်သူရယ် သူငယ်ချင်းရယ် ကောင်လေးရယ် .. ကျွန်မတို့လေးယောက် ဘယ်လိုစခန်းသွားမလဲ ........

(အနီးအနားကဇာတ်လမ်းများကို ပြန်လည်ရေးဖွဲ့ပါသည်)

Friday, September 18, 2009

အပြာရောင်စာအုပ်

ဘယ်နည်းနဲ့မှ မဖြစ်ခဲ့သင့်ပါဘူး
ဒါမှမဟုတ် ဖြစ်သင့်တာလား
ဘာလို့လည်းဆိုတော့
ငါက စာမျက်နှာအသစ်ကို
စလှန်ဖို့ ကြိုးစားနေပြန်ပြီ
ကိုယ့်ကိုကိုယ် တီးတိုးနှစ်သိမ့်ရင်း
အတိတ်ကိုအတိတ်မှာထားဖို့ကြိုးစား
အဲဒိ “ခဏ” ဆိုတဲ့အချိန်တွေ
ငါသိနေတာ ဒီမှာတစ်ခုက
ရစ်ပတ်နှောင်ဖွဲ့မိတဲ့အချိန်တွေ
သိပ်ကိုခမ်းနားခဲ့ပါတယ်ကွယ်
ရွတ်မိနေတဲ့မင်းနာမည်တစ်ခုကိုက
တေးသွားတွေကိုတောင် ရပ်တန့်စေခဲ့တာ
ကြည့်လိုက်တဲ့အကြည့်ကြောင့်
အရာရာ ဝေရီမှုန်မှိုင်း
မင်းရဲ့ဖြစ်တည်မှုတစ်ခုနဲ့တင် ငါပြည့်စုံနေခဲ့တာ
ဒါကြောင့် ငါပြောမယ်
နှုတ်ဆက်ခဲ့ပါတယ်
ငါကအားနည်းသူတစ်ယောက်ဆိုတာသိတယ်
မင်းနဲ့ပတ်သက်လာရင် ဘာမှခံနိုင်ရည်မရှိတာ
လှပဖူးပွင့်လာမယ့်မင်းကို စောင့်ကြည့်ရင်းနဲ့ပဲ
စွန့်လွှတ်လိုက်တော့မယ်
အားလုံးပြောင်းလဲပါစေတော့လို့ မျှော်လင့်ရင်း
ငါဟာလည်းပျောက်ဆုံးပြီး
နစ်မွန်းနေ တစ်ယောက်တည်း
သိပ်သည်းလွန်းတဲ့ အမှောင်ထုထဲမှာ
ငါ ငါကိုယ်တိုင်မှာလည်း အမှန်တရားပျက်ပြယ်
အမှန်တရားဟာ အလင်းတစ်ခုဖြစ်လာရင်
တစ်ကိုယ်တည်းလင်းပါစေ .......

(သူငယ်ချင်းရဲ့စာတစ်ပုဒ်ကို ပြန်ရေးထားတာပါ .. ဘာသာပြန်လိုက်တော့ ကဗျာလိုလို စာလိုလို ဘာဂလိုတိုတိုဖြစ်သွားတယ်)


Friday, September 11, 2009

ပျော်ရွှင်ပါစေ

ဒီနေ့ ... အိဖူးတို့ချစ်ကိုကို “Little Brook” ရဲ့မွေးနေ့မင်္ဂလာ .. အိဖူးနဲ့ အသက် ၁၁ နှစ်တောင်ကွာတဲ့ ကိုကြီးဟာ အခုဆိုရင် (၂၉) နှစ်ပြည့်ပြီပေါ့ .. အိဖူးက ငယ်ငယ်ကတည်းက အစ်မတစ်ယောက်ထက် အစ်ကိုပိုလိုချင်ခဲ့တာ .. ကံကြမ္မာကလက်ဆောင်ပေးလာတဲ့ ရှားရှားပါးပါး ဒီအစ်ကိုလေးတစ်ယောက်ဟာ သူ့ညီမလေးတွေကို သိပ်ချစ် သိပ်အလိုလိုက်တဲ့အစ်ကိုမျိုးပါ .. အေးဆေးတည်ငြိမ်တဲ့ရုပ်နဲ့ မျက်လုံးမှေးမှေး နားကားကား ကိုစိုင်းဆိုတာ အိဖူးတို့ရဲ့အစ်ကိုဖြစ်ခဲ့တာ ငါးနှစ်ကျော်ခဲ့ပြီ ...

ကိုကြီးနဲ့စသိရတုန်းက ရုပ်တည်ကြီးနဲ့မို့ ကြောက်တောင်ကြောက်မိသေး .. နောက်တော့ ဘာဂါလာကျွေးတော့ ချက်ချင်းပဲခင်သွားတော့တာ .. အဲ့တုန်းကတော့ အိဖူးက ကလေးဆိုတော့ဘယ်သိမလဲ .. မုန့်စားရရင် ပျော်နေတာပဲ (ခုလည်းပျော်တာပဲ မယုံရင်လာကျွေးကြည့်ပါလား) .. အဲလိုနဲ့ ခင်မင်ပြီးနောက် တစ်နှစ်သော အိဖူးရဲ့မွေးနေ့မှာ “အိမ်လာခဲ့ မုန့်စားကြမယ်” ဆိုပြီး ဖိတ်မိရဲ့ .. သို့ပေမယ့် အရှင်ဆေကိန္နတရားစခန်းမှာ Volunteer လုပ်ဖို့ အကြောင်းပေါ်လာတော့ မွေးနေ့ရှင်လည်း ဖိတ်ထားတဲ့ဧည့်သည်ကိုထားခဲ့ပြီး မှော်ဘီကိုလစ်ရောပဲ .. ကိုကြီးခမျာ မေကြီးနဲ့ပဲတွေ့ပြီး လက်ဆောင်ထုပ်ကြီးထားခဲ့ပြီး ပြန်သွားရရှာတယ် .. အိဖူးပြန်ရောက်တော့ ကုတင်ပေါ်က လက်ဆောင်ဘူးက အခန့်သား .. အဲ့တုန်းကပေးတဲ့ ဦးထုပ်နဲ့ ကောင်ကလေးအရုပ်ကိုတွေ့တိုင်း စိတ်မကောင်းဖြစ်ရတယ် .. “အော် ငါဘာမှတောင် မကျွေးလိုက်ရပါလား” ပေါ့လေ .. XD

အခုတော့လည်း အဲ့တုန်းကဟာတွေအကုန်မေ့ .. အိမ်မှာရှိသမျှမုန့်တွေ လုစားကြရင်း အနိုင်ကျင့်လိုက်ရင်း တူတူဟိုဒီသွားလာကြရင်း မေကြီးဆူတာတွေခံကြရင်းနဲ့ ဖြစ်ခဲ့သမျှအမှတ်တရတွေက အများကြီး .... ဘယ်လိုစသိတာလဲတောင် မနည်းစဉ်းစားရတယ် ... ကိုကြီးရဲ့ညီငယ်တွေဖြစ်တဲ့ နောင့်နောင့်တို့ ကိုကိုအာကာတို့ဆိုတာလည်း အိဖူးတို့ရဲ့အစ်ကိုတွေဖြစ်လာသလို မေကြီးမှာလည်း သားတစ်ယောက်ကနေ သားသုံးယောက်လောက် ကောက်ရသလိုကိုဖြစ်လို့ .. ရန်ကုန်က အိဖူးတို့ရဲ့အိမ်ဟာလည်း သူတို့အတွက် အမေ့အိမ်ဖြစ်သလို ဗန်းမော်က ကိုကြီးတို့အိမ်ဟာလည်း အိဖူးတို့အတွက် အလည်သွားပြီး ပျော်ရွှင်ရတဲ့ အိမ်ဖြစ်လာတယ် ..

ကိုကြီးက ကဗျာရေးတာသိပ်တော်တယ် .. စာလုံးဖွဲ့စည်းမှုအပိုင်းတွေလှတယ် .. ကဗျာတင်မဟုတ်ပါဘူးလေ .. စာရေးတာလည်း ကောင်းပါတယ် (မြှောက်ပြောမှ) .. အချစ်အကြောင်းရေးတယ်ဆိုလည်း သူရေးရင် သူများနဲ့မတူဘူး .. အကြောင်းအရာယူပုံတွေပြောပါတယ် .. ဒီနေ့ကိုကြီးမွေးနေ့ဆိုတော့ အိဖူးက သူ့အတွက် ဆုတောင်းပေးမယ် .. “ဘဝကို သေသေချာချာ ရှာဖွေတွေ့ရှိနိုင်ပါစေ” လို့ .. ပြီးတော့ အာဘွား .........။

xxxxx xxxxx xxxxx xxxxx xxxxx xxxxx xxxxx xxxxx xxxxx xxxxx xxxxx

ဒီနေ့ရဲ့နောက်ထပ်မွေးနေ့ပိုင်ရှင်ကတော့ အိဖူးရဲ့သူငယ်ချင်းတစ်ယောက်ပါ .. အိဖူးစိတ်ညစ် စိတ်ဓါတ်ကျ အားငယ် အထီးကျန်နေရင် တစ်ခုခုပြောပေးတတ်တဲ့ .. လူတွေကြောင့် ဝမ်းနည်းရရင် လူတွေကိုဂရုမစိုက်နဲ့လို့ အားပေးတဲ့သူငယ်ချင်းပေါ့ .. “နင်ဟာ ငါ့အတွက် ဆေးတစ်ခွက်” ဆိုတာမျိုးလေးပါ .. သူကတော့ မသိဘူး .. အိဖူးကတော့ သူ့ကိုသိပ်တွယ်တာတာ .. တကယ်တော့ သူနဲ့အိဖူးက ဝေးပါတယ် .. ဘာဝေးတာလဲတော့ မမေးနဲ့ .. ဝေးတယ်ပဲသိထားလိုက်ပေါ့ ..

သူကလည်း သူ့ပတ်ဝန်းကျင်နဲ့သူ .. အိဖူးကလည်း ကိုယ့်ပတ်ဝန်းကျင်နဲ့ကိုယ် .. နှစ်ယောက်ရဲ့ ပတ်ဝန်းကျင်တွေက မဆက်စပ်ဘူး .. ဆက်စပ်နေတာ အိဖူးနဲ့သူ နှစ်ယောက်တည်းပဲ .. သူ့ဘော်ဒါတွေနဲ့ အိဖူးမခင်သလို အိဖူးခင်မင်နေတဲ့သူတွေကိုလည်း သူမသိဘူး .. ခြွင်းချက် တစ်ယောက်တော့ရှိတယ် .. အစတုန်းကတော့ သူ့ကို အေးတိအေးစက်ကောင်လို့ ထင်ခဲ့ပေမယ့် ထူးဆန်းစွာနဲ့ပဲ သူ့နှလုံးသားက ပူနွေးနေခဲ့တယ် (ဘယ်သူ့အတွက်လဲဆိုတာတော့ ဒန် ဒန့် ဒန်ပေါ့) .. ဒီကောင်က သိပ်လျို့ဝှက်တာ .. အဲဒါကိုမကြိုက်ပါဘူး .. မေးမှပြောတယ် .. မမေးရင် မပြောဘူး .. ထားလိုက်ပါတော့ ဆရာကြီးကို မပြောတော့ပါဘူး .. တော်ကြာနေ သူ့သီချင်းတွေ ပေးနားမထောင်ရင် ဒုက္ခ ..

အင်း အဲ့ချစ်သူငယ်ချင်းကြီးအတွက် “ပျော်ရွှင်ပါစေ” လို့ ဆုတောင်းပေးပြီး birthday kiss လည်းပေးလိုက်မယ် .. မွ မွ မွ မွ .. မုန့်ဖိုးများများရပါစေ လဒရေ ..

xxxxx xxxxx xxxxx xxxxx xxxxx xxxxx xxxxx xxxxx xxxxx xxxxx xxxxx

နောက်ထပ် စက်တင်ဘာ ၁၂ ရက်နေ့မှာ မွေးတဲ့သူတွေလည်း ပျော်ရွှင်ပါစေ .... ဆုတောင်းပါတယ် ....

Sunday, September 6, 2009

ဤခရီးနီးသလော

ခရီးတော်တော်များများကို သွားခဲ့ဖူးပါတယ် .. မိသားစုနဲ့ ဆွေမျိုးနဲ့ အစ်ကိုအစ်မတွေနဲ့ (သူငယ်ချင်းတွေနဲ့တော့ နေ့ချင်းပြန်ခရီး) .. ခရီးအမျိုးမျိုး လူအမျိုးမျိုးပေါ့ .. ဒါပေမယ့် အဖွဲ့လိုက်ကြီး လူတွေရုန်းစုရုန်းစုနဲ့ တစ်ခါမှမသွားခဲ့ဖူးဘူး .. အရင်ခရီးတွေတုန်းကလည်း ပျော်ခဲ့ရပေမယ့် ၂၉ ရက်နေ့က ဘလော့ဂါတွေ စုစုစည်းစည်းသွားခဲ့ရတဲ့ “ပြည်”မြို့ သရေခေတ္တရာ လေ့လာရေးခရီးကတော့ စိတ်ထဲမှာပျော်ခဲ့ရ တယ် ဆိုတာထက် ပိုပါတယ် ..

ဒီခရီးစဉ်ရှိမှန်း စသိရတုန်းက လိုက်ချင်ပေမယ့် သိပ်စိတ်မပါခဲ့ဘူး .. ဘာလို့လည်းဆိုတော့ စာမေးပွဲနီးနေတာကြောင့်ရယ် .. ကိုယ်နဲ့သိတဲ့လူနည်းတာကြောင့်ရယ်ပေါ့ .. လူတွေအများကြီးပါမယ် ကိုယ့်လူအရင်းခေါက်ခေါက်ကြီး ဒေါ်နန်းညီပါတယ်ဆိုပေမယ့်လည်း သူပြောပြတဲ့တခြားလူတွေဆိုတာ အိဖူးနဲ့တော်တော်ဝေးတဲ့လူတွေကိုး .. အိဖူးက ဘလော့ဂါအသစ်စက်စက် (နည်းနည်းတော့ အသစ်စက်စက်) ဆိုတော့ သူပြောတဲ့လူတွေကိုကြားရပြီး လိုက်ရမှာရှိန်တယ်လေ .. (မီးကကြောက်တတ်တယ်ချင့်) .. နောက်တော့ ကိုယ့်လူတွေဖြစ်တဲ့ Little Brook, Andy, ကိုဂျဲတို့ပါ လိုက်မယ်ဆိုမှတော့ စိတ်ပါလာတယ် .. နောက်ပြီး အရင်ဘယ်ခရီးသွားသွား တူတူသွားလေ့ရှိတဲ့ အစ်မဝမ်းကွဲ မြတ်နိုးပါပါလာတော့ ပိုကောင်းသွားရော .. အဲဒါနဲ့ပဲ စာရင်းသွင်းပြီး ခရီးစဉ်ထဲဝင်လာတော့တာပဲ ......

စနေနေ့က အိဖူးကကျူရှင်ရှိတယ် .. မနက် ၈ နာရီကနေ ညနေ ၅ ခွဲထိပါ .. မနက်ခင်း ကန်တော်ကြီးပွဲလည်း သွားချင်ပေမယ့် ကျူရှင်ကြောင့် မသွားဖြစ်ခဲ့ဘူး .. ဒီလိုနဲ့ ကျူရှင်ဆင်းတော့ မြတ်နိုးအိမ်မှာ နန်းညီနဲ့ဆုံပြီး စုရပ်ဖြစ်တဲ့မြေနီကုန်းကိုချီတက်ခဲ့ကြတယ် .. မြေနီကုန်းရောက်တော့ လူတွေက အိဖူးတို့ကိုဝိုင်းကြည့်ကြတယ် .. အိဖူးတို့ကတော့ အစကမသိဘူးလေ “ဘာလဲဟ” ပေါ့ .. နောက်မှ အင်္ကျီဆင်တူတွေကြောင့်ဆိုတာ သိရတယ် .. အနားကဖြတ်လျှောက်သွားတဲ့လူတွေက “ဒီနေ့ဒါမျိုးအင်္ကျီတွေနဲ့ နေရာအနှံ့ပဲ” ဆိုတဲ့ တီးတိုးသံတွေကြားရတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပြုံးမိကြတယ် .. ခရီးကိုမသွားခင်ကတည်းက စိတ်ထဲမှာ “ဒီခရီးဟာထူးခြားမှာ” ဆိုတဲ့ခံစားချက်လေးဝင်နေခဲ့တယ် .. အလိုလိုနေရင်း ပြုံးမိနေတယ် .. အားရနေတယ် ..

ဒီလိုနဲ့ ခရီးစဉ်ကြီးစတင်ခဲ့တယ် .. မှော်ဘီနားရောက်တော့ ကားသမားနဲ့ နည်းနည်း ကတောက်ကဆ ဖြစ်ရပေမယ့် နောက်ကျတော့အကုန်အေးဆေးပါပဲ .. ကားပေါ်မှာလည်း ဆူညံလို့ .. ဒီအရွယ် ဒီလမ်းကြောင်းပေါ်က ဒီလူတွေကြီးပဲဆိုတော့ ဒီလိုပဲလာမှာပေါ့လေ .. တစ်ယောက်နဲ့တစ်ယောက် ခေါ်ပြောသံတွေ သီချင်းအော်ဆိုနေသံတွေ စကားပြောသံတွေ ရယ်သံတွေနဲ့ .. အိုး ရင်ထဲမှာ လှုပ်ရှားနေ လိုက်တာ .. အိပ်လို့လည်းမရပါဘူး .. သူများတွေက ဒီလောက်ဆူညံနေတာ ဒီလောက်စကားပြောနေတာ .. မနက်ကတည်းက ကျူရှင်မှာပင်ပန်းလာလို့ “ကားပေါ်ရောက်ရင် အိပ်ပစ်မယ်” ဆိုပြီး တွေးထားတဲ့အတွေးလေး လည်း ဝေးဝေးပြေး ..

ပဲခူးနားက ဆိုင်တစ်ဆိုင်မှာ စရပ်တယ် .. ကြည့်ရတာတော့ ဘီယာဆိုင်လိုလိုပါပဲ .. စင်တင်တေးဂီတပွဲနဲ့ ဘာနဲ့ ဟိဟိ .. ကောင်မလေးတွေက သီချင်းတွေဆိုလို့ ... ထမင်းကြော်မှာပေမယ့် အဲ့ထမင်းကြော်ဘူးက အိဖူးတို့တွေ ကားပေါ်ရောက်မှ ဆိုင်ကအပြေးအလွှားလာပေးတယ် .. စားရတာကံကောင်းပဲ .. နောက်တစ်ခု ကံကောင်းသေးတယ် .. ဒေါ်နန်းညီက ဇွန်းခိုးလာပေးလို့ အဆင်ပြေပြေစားလို့ရတာပေါ့ .. ခွိ ခွိ .. ကျေးဇူးပါ မယ်ညီရေ့ ... သူခိုးလာတဲ့အကြောင်း ဘယ်သူ့ကိုမှမပြောနဲ့နော် .. ပြောရင် “နန်းညီ ဇွန်းသူခိုး”မှန်း လူသိကုန်မယ် ရှုးတိုးတိုး .. XD

ကားစီးရတာ အေးအေးဆေးဆေးပါပဲ .. အသွားဆိုတော့ လူတွေက အားအင်ပြည့်ဝတယ်ထင်ပါ့ .. နေရာမရတဲ့လူတွေကလည်း အေးဆေး မတ်မတ်ပဲ .. လက်ပံတန်းနားကဆိုင်မှာ ထပ်ရပ်ပေးပြီးတော့ တောက်လျှောက်ပဲမောင်းသလား ဘာလား .. (အိပ်နေလို့ သိပ်မမှတ်မိ) .. ပြည်မြို့ ရွှေဆံတော်ဘုရားကို ရောက်မှပဲ နိုးတော့တယ် .. လူကလှုပ်လို့မရပါဘူးလို့ ကြည့်လိုက်တယ် .. လားလား ကိုဂျဲရယ် .. ကိုယ့်ညီမလေးကို ရက်ရက်စက်စက် .. အိဖူးပေါင်ပေါ်ကို သူ့ခြေထောက်ကြီးပစ်တင်ပြီး အားပါးတရကြီး အိပ်နေလေရဲ့ .... ဘုရားမှာ မျက်နှာသစ် သွားတိုက်ကြ .. ပန်းတွေဝယ်ပြီး ဘုရားပေါ်တက် ဘုရားဖူးကြ .. ဓါတ်ပုံတွေ ရှယ်ရိုက်ကြ .. ဗိုက်ဆာတော့ ဂေါပကရုံးခန်းနား ယောင်လည်လည်သွားလုပ်ကြနဲ့ ပျော်စရာပဲ .. ဘုရားပေါ်ကလူတွေကလည်း ကွက်ကြည့်ကွက်ကြည့်နဲ့ ..(ဒါမျိုးတွေက ရိုးသွားပြီ ကြည့်ကြပေါ့) .. နောက်တော့ နာမည်ကျော် ပြည်မြို့ရွှေဆံတော်ဘုရားက စပါယ်ရှယ်စမူဆာလေးနဲ့ ဗိုက်အလိုဖြည့်ကာ အလှူငွေသုံးသောင်း ခုနှစ်ထောင်နဲ့မှ တစ်ရာကို လှူဒါန်းခဲ့ကြလေသည် ..

နောက်တော့ နဝဒေးတံတားကြီးကိုဖြတ်ကျော်ကာ ရွှေဘုံသာမုနိဘုရားဖူး .. ဧရာဝတီမြစ်ကြီးကို နှုတ်ဆက်ပြီး ခရီးစဉ်ရဲ့အခရာဖြစ်တဲ့ သရေခေတ္တရာမြို့ဟောင်းကြီးကို ထွက်ခွာခဲ့ကြပါသည် .. (သမိုင်းဆရာကြီး ဂျူဝဿန်ပြောတဲ့ “သရေခေတ္တရာသမိုင်းကြောင်း” ကိုအမြဲသတိရနေမည်) ပြတိုက်မှာလေ့လာ .. အရိုးအိုးကြီးတွေထဲ ခေါင်းထိုးကြည့် .. ပြတိုက်ရှေ့ကလမ်းလေးမှာ အဖွဲ့လိုက်ပုံကို ဓါတ်ပုံရိုက် .. “ဘောဘောကြီး”ဘုရားကိုရောက်တော့ မိုးလေးနည်းနည်းရွာလာတယ် .. နည်းနည်းဆိုမှ နည်းနည်းရယ် .. ပြီးတော့ ခဏလေးပါပဲ .. ဘုရားကြီးရဲ့ထယ်ဝါခန့်ညားမှုကိုအံ့သြရင်း လေလေးတဖြူးဖြူးကို ခံစားနေမိတယ် .. နောက်ကျမှ လူတွေအကုန်လုံး မြို့ဟောင်းထဲလျှောက်ကြည့်နေကြပြီမို့ နောက်ကနေ အိဖူးရယ် ကိုဂျဲရယ် အန်ဒီရယ် မြတ်နိုးရယ် သုတ်သုတ်, သုတ်သုတ်နဲ့လိုက်ရတယ် .. အင်ကြင်းကျောက်တူးသူများကလည်း ရေစက်ဆုံတယ် .. အပြန်မှာတူးတဲ့ကျောက်ကို အင်တိုက်အားတိုက်ဝင်ပြီး ဝါးတုတ်ချောင်းနဲ့တူးခဲ့သေးတယ် .. လက်တွေတောင်ပေါက်လို့ ..ပြီးတော့ ကားပေါ်မှာကျန်ခဲ့တယ်တဲ့ (ဟွန့်) ..

နေ့လည်စာကို အဝေးပြေးကားရပ်ကွင်းထဲက ဆိုင်လေးမှာ ဖြစ်သလို ဗိုက်ပြည့်ခဲ့ရတယ် .. ဒီချိန်မှာ ဘာစားစားဝင်မယ့်ဗိုက်ကလည်း စားကောင်းနေတာပဲ .. ဒါတောင် နောက်ဆုံးကျန်နေတဲ့ ထမင်းနှစ်လုတ်က စားမရဘဲ လည်ချောင်းမှာနင်နေလို့ ရေနဲ့မျှောချရသေး .. ထမင်းစားပြီးတော့ “ရွှေနတ်တောင်” က ရှုခင်းကြီးမှာ စီးမျောရင်း ဓါတ်ပုံရိုက်ရင်း အနားယူခဲ့ကြတယ် .. ဘုရားကအလှူပြုတဲ့ သာကူကြိုကျဲကျဲလေးကလည်း သောက်လိုက်ရသေးတယ် .. ဘုရားပေါ်ကဆင်းပြီး ဘယ်သွားကြမလဲတိုင်ပင်နေကြတာလည်း တော်တော်ကြာတယ် .. နောက်ဆုံးတော့ ရေပြာကိုသွားကြမယ်တဲ့ .. ဘုရားပွဲနဲ့ကြုံတယ်တဲ့ .. အိုး ဘယ်သွားသွား အိဖူးတို့ကလိုက်ပြီးသားပဲ .... (အင်းလေ မလိုက်ဘဲနဲ့ နေခဲ့လို့လည်း ရမှမရတာ)

ရေပြာကိုသွားတဲ့လမ်းကတော့ လည်ချောင်းအနာဆုံးပဲ .. ကားပေါ်မှာ တစ်ဖက်ရဲ့သီချင်းအဆုံးကို နောက်တစ်ဖက်က ပြန်စဆိုရတဲ့ဂိမ်းဆော့ကြတာလေ .. ပြိုင်ငြင်းပြီး အကုန်ကြားအောင် အော်ရတော့ လည်ချောင်းနာတာပေါ့ .. အဲလိုဆော့လိုက်ကြတာ ရေပြာက စားသောက်ဆိုင်တစ်ဆိုင်ကို ရောက်တဲ့ထိပဲ .. ဆိုင်ရောက်တော့ နားပြီး လက်ဆောင်လဲဖို့ မဲနှိုက်ကြ .. အိဖူးက ဘာမှမပေါက်ပေမယ့် ဓါတ်ပုံရိုက်ခံရမယ့် မဲပေါက်တဲ့လူနောက်လိုက်ပြီး လယ်ကွင်းအလှကိုသွားလိုက်ကြည့်တာ အိဖူးနဲ့ မြတ်နိုးရယ်ပေါ့ .. ပြီးတော့ မနေနိုင်ဘူး .. အိဖူးတို့ပါ ဓါတ်ပုံဝင်ရိုက်တာပဲ .. လယ်ကွင်းထဲမှာ အပြေးလေ့ကျင့်ခဲ့ရသေးတယ် .... (ကျေးဇူး တင်ပါတယ် ကိုလင်းဆက်နဲ့ ကိုစိုးဇေယျ) .. အို သိပ်လှတဲ့ဓါတ်ပုံတွေနော် ....... ငှဲ ငှဲ

ပြီးတော့ ရေချိုးတဲ့လူကချိုး .. ရေချိုးချင်ယောင်ဆောင်တဲ့လူကဆောင် .. မချိုးတဲ့လူကမချိုးနဲ့ .. ညစာစားကြ သောက်ကြ .. ပေါင်းတည်ဘုရားပွဲကို ရှစ်နာရီလောက်ရောက်ပြီး ဘုရားမှာ နောင်လာဦးမယ့် အစီအစဉ်တွေ အတွက် တိုင်ပင်ပြီး ဘုရားရှိခိုး(ဆုတောင်း)ခဲ့ကြပါတယ် .. ဘုရားကဆင်းလာတော့ ရင်ထဲမှာတစ်မျိုးကြီး .... “အော် ဒီခရီးငါသွားခဲ့ပါလား” လို့ကျေနပ်ပျော်ရွှင်စွာ တွေးနေမိသလိုလို .. “အင်း ရန်ကုန်ပြန်ရတော့မယ်” လို့ပဲ ခရီးစဉ်ပြီးသွားတာကို နှမြောနေသလိုလို .. “နောက်ခရီးတွေအတွက် ပိုက်ဆံစုရမယ်” လို့ မလိုက်ဖြစ်မှာစိုးလို့ ပူပန်နေသလိုလို .. ဘာမှန်းကိုမသိပါဘူး ... ကားပေါ်ရောက်တော့လည်း မေ့သွားရော .. ဘယ်သူမှလည်း မမတ်နိုင်တော့ဘူး .. ခုံတွေမှာ သုံးယောက်တွေ ကျပ်တည်းကျပ်တောက်ထိုင်ပြီး မရမကအိပ်ရတော့တာပဲ .. (အီးယား ခါးနာလိုက်တာ) .. ကိုလင်းဆက်တို့ ကိုစိုးဇေယျတို့ရဲ့ သရဲပုံပြင်တွေတောင် နားမထောင်နိုင်တော့ဘူး .... လက်ပံတန်းကဆိုင်လေးမှာ ကားရပ်တော့ ဆီထမင်းနဲ့ငါးကြော်တွေစားကြသေးတယ် .. ပြန်တက်တော့လည်း အိပ်တာပဲ .. မရတော့ဘူး သိပ်ပင်ပန်းပြီကွယ် ... အိပ်ပြီ ... Zzzzzzzz .......

နိုးတစ်ဝက် အိပ်တစ်ဝက်ပါပဲ .. အနားမှာ မအိပ်ပဲ စကားများနေကြတဲ့တစ်ဖွဲ့ရှိသေးတယ် .. အစ်ကိုတော် ကိုဂျဲရယ် .. နောက် ကိုအရုပ်ကလေးလား ကိုသားကြီးလားမသိဘူး .. တခြားလူသုံးယောက်လောက်ရှိဦးမယ် .. အသံတွေလည်း ဝိုးတဝါးပဲ .. သေချာတော့သိဘူး .. ဟာသတွေပြောနေကြတယ်ထင်တယ် .. (ဟုတ်ကြလား ဟင်) ..

ရန်ကုန် မြေနီကုန်းပွိုင့်ရောက်မှပဲ နိုးတော့တယ် .. အထုပ်တွေ တောင်ဆွဲမြောက်ဆွဲနဲ့ ကားပေါ်ကနေ ဘယ်လို ဆင်းလာပြီး ဘယ်လိုအိမ်ရောက်သွားလဲမသိတော့ဘူး .. ဘယ်သူ့ကိုမှလည်း နှုတ်မဆက်ခဲ့မိဘူး ... (ခုနှုတ်ဆက်မယ်လေ “အိမ်ပြန်ပြီနော် တာ့တာ”)

မနက်ကျတော့ ကျောင်းကိုပြေးရသေးတယ် .. အတန်းထဲမှာ အိပ်ငိုက်လိုက်တာ ရုပ်ပျက်ဆင်းပျက်ပဲ .. ဝှားးးးးးးးးးးး .... အိမ်ပြန်ရောက်လို့ ဓါတ်ပုံတွေပြန်ကြည့်ရတော့လည်း ပိုတောင်ပျော်စရာကောင်းနေသေးလိုပဲ .. ဒါက ဘယ်နားမှာ ဘာဖြစ်လို့ရိုက်လိုက်တာလေ .. ဘယ်သူရိုက်လိုက်တာလေနဲ့ ........... ပြောပြတဲ့ အကြောင်းတွေ နားထောင်ရတဲ့မေမေလည်း နားတွေကိုညီးနေရောပဲ ..

သွားဖြစ်ခဲ့တဲ့ခရီးကို လိုက်ဖြစ်ခဲ့လို့ အရမ်းကျေနပ်နေမိတယ် .. ဒီခရီးမှာ ပျော်တယ်ဆိုတာထက် ကျေနပ်အားရတယ်ဆိုတဲ့ခံစားချက်က ပိုမယ်ထင်ပါတယ် .. နောက်များ ထပ်သွားဖြစ်မယ်ဆိုရင် နီးနီးဝေးဝေး “အိဖူး အဆင်သင့်ပဲ” ပေါ့နော် .........
(လင့်ခ်တွေ မသိတာရှိလို့ မထည့်လိုက်မိတာ အပြစ်မယူကြပါနဲ့ရှင်)

Wednesday, August 19, 2009

ပေါ့စိမ့်ညလေး

မနေ့က အိဖူးတို့ IC Unplugged သွားကြည့်ဖြစ်သည် .. အိဖူးတို့ဆိုတာ LittleBrook .. ကိုဂျဲ .. အန်ဒီ .. နန်းညီနဲ့ အိဖူးပေါ့ .. ကျူရှင်ကနေ ဆင်းဆင်းချင်း မေမေလာခေါ်ပြီး သင်္ဃန်းကျွန်းက Junction ZaWaNa မှာ ကျန်တဲ့လေးယောက်ကို ကောက်တင်လာ .. ပြီးတော့ သုဝဏ္ဏကိုချီတက် ..... လမ်းမှာလည်း သူလိုကိုယ်လိုသွားနေတဲ့ ကောင်လေးကောင်မလေး အန်တီအန်ကယ်ကြီးတွေကိုမြင်ရတာ ရင်တွေတောင် ခုန်လာတယ် .. ပြောမနေပါနဲ့တော့ ..

အသုံးမကျချက်ကတော့ တစ်ယောက်ကမှ မှတ်တမ်းတင်စရာ “ကင်မရာ .. ဖုန်း”စတာတွေမပါလာတာပဲ .. တော်တယ်နော် ... သုဝဏ္ဏကွင်းရှေ့မှာ လူတွေ လူတွေ လူတွေဆိုတာ .. နည်းတဲ့အများကြီးမဟုတ်ဘူးတော်ရေ့ ... ခွက်လေးတွေ ဘာလေးတွေ လက်ထဲမှာကိုယ်စီနဲ့ ကစ်တဲ့လူတွေကကစ်လို့ .. ကိုယ်တွေတောင်ပါသေး .. ကိုယ်တွေက သူများတွေလို ခွက်နဲ့တော့မဟုတ်ဘူး .. ကျွပ်ကျွပ်အိတ်ထဲထည့်ပြီး ပိုက်နဲ့သောက်တာ .. အကြိုက်ပဲပေါ့ .. ခွိ .. ရေသန့်ဘူးတွေကို အထဲကိုယူသွားရင် အဖုံးလေးတွေပေးမယူဘူး .. ပေါက်ကြပြီဆိုရင် အဖုံးနဲ့ဆိုတော့ ပိုနာတာကိုး .. ဒီတိုင်းဘူးခွံသက်သက်က နည်းနည်းသက်သာတယ်လေ ..

ကြွားရဦးမယ် .. ဒီမှာက လက်မှတ်လေးတွေ .. နံပါတ်က ၁၈ ပျောက်နေတယ် .. အန်ဒီ့လက်မှတ်ပေါ့ .. အိမ်ပြန်ရောက်မှ ဓါတ်ပုံရိုက်ရတော့ သူ့လက်မှတ်ကမပါတော့ဘူး ...



ဒါက အိဖူးလက်မှတ်ပေါ့ .. ခုံမှာ ဖင်ပူအောင်တောင် မထိုင်လိုက်ရဘူး .. အောက်ဆင်းပြီး သွားကဲနေတာကိုး .. ရှိုးကြည့်ရင် ခုန်ရပေါက်ရမှ ကျေနပ်တယ် .. ထိုင်မကြည့်တတ်ပေါင် ....


စဖွင့်တာ အငဲပါ .. “ချစ်သောအငဲ”ပေါ့ .. “metal လို့မပြောလိုက်နဲ့ .. ပုံစံတွေတံဆိပ်မကပ်နဲ့ အိုးရေး ....” ဆိုတဲ့သီချင်းလေ .. သိကြတယ်ဟုတ် .. နောက်တော့ မျိုးကြီး .. ပြီးတော့ ဝိုင်ဝိုင်း .. နောက်ဆုံးမှ လေးဖြူ .. လေးဖြူက “လူကိုအရူးတစ်ပိုင်းဖြစ်စေတဲ့ သံယောဇဉ်” တဲ့ ... သီချင်းတွေကို အဟောင်းအသစ် အကုန်မျှအောင်တော့ ဆိုသွားကြပါတယ် .. အငဲက အချစ်ဦးပုံပြင်နဲ့ငိုပြသွားသေးတယ် ... သီချင်းတွေက မျှော်စင်ကျွန်းတုန်းကလောက်တော့ မကြွဘူး .. နည်းနည်း အေးတယ် .. ဒါပေမယ့်လည်း IC ပရိသတ်တွေက ဘာလာလာ ခုန်ပေါက်အော်ဆိုနေကြတာပါပဲလေ ... “လေးဖြူ လေးဖြူ” နဲ့ ကွင်းထဲစဝင်လိုက်ကတည်းက ကြားနေရပေမယ့် အငဲဆိုတော့လည်း အော်လိုက်ကြတာ ... မျိုးကြီးဆိုလည်း “ဟေး” ကနဲ ... ဝိုင်ဝိုင်းလည်း မချန်ဘူး ... လေးဖြူက “ဒီနေ့မလာတဲ့သူတွေ မတန်ဘူးပဲ .. လာလိုက်ရောပေါ့ဗျာ ဘာလုပ်မှာလဲ ဟုတ်တယ်မဟုတ်လား” တဲ့ .. သူအဲလိုလည်းပြောရော တစ်ကွင်းလုံးက “ဟေး” ကနဲအော်လိုက်ကြတာ .. အဲလိုတွေကြောင့် လေးဖြူကိုသိပ်ချစ်ကြတာထင်ပါတယ်နော် .. အငဲတို့ မျိုးကြီးတို့လည်း ဘာတွေလည်း မသိပြောသေးတယ် .. လူကကောင်းနေတော့ သိတော့ဘူး ..

ည ၁၀ နာရီခွဲမှာ ပွဲပြီးသွားပါတယ် .. လေးဖြူရဲ့ “ပြန်ကြစို့ အချစ်လေး” ဆိုတဲ့ မာယာနဲ့ပွဲသိမ်းသွားတာပေါ့ .. ပျော်စရာပဲ .. ကြည့်ရတာ စိတ်ထဲမှာ သိပ်တော့မအားရ မကျေနပ်ပေမယ့် လာဖြစ်သွားတဲ့အတွက်တော့ စိတ်ထဲမှာပျော်ပါရဲ့ ....

အပြန်ကျတော့လည်း လမ်းမပေါ်မှာ ကားတွေပိတ် .. လူတွေကျပ် .. လမ်းလျှောက်ပြန်တဲ့လူကပြန် .. ဒီဖက်ကလူကဟိုဖက်ကူး ဟိုဖက်ကလူကဒီဖက်ကူးနဲ့ ... အဲလိုကြားမှာမျောနေရတာ စိတ်ထဲမှာ ဘာလိုလိုနဲ့တစ်မျိုးကြီး ... ပျော်သလိုလို ရင်ခုန်သလိုလို .. ဘာမဆီညာမဆိုင် “ဒီလိုပဲဖြစ်ရမယ်” လို့တွေးနေလိုက်သေး ... အဟိ ကြောင်တယ်နော် ..

အိမ်ရောက်တော့ ဗိုက်ဆာလို့ ထမင်းတွေထချက်စားနေကြသေးတယ် .. ညတစ်နာရီမှ အိပ်ရတယ်ဗျာ .. မနက်ကျတော့လည်း ၁၁ နာရီမှနိုးတယ် ... အင်း .. သွားလိုက်ရတာ “တအားကောင်းတာပဲ” လို့ မခံစားရပေမယ့် “မဆိုးပါဘူး” ဆိုတဲ့အဆင့်ဆိုတော့ ပေါ့စိမ့်လေးပေါ့ ...

ဟုတ် .. အဲဒိပေါ့စိမ့်ညလေးမှာလည်း ကျွန်ုပ်တို့ပါဝင်စီးမျောခဲ့ပါကြောင်း ..............။

Thursday, July 9, 2009

အမှိုက်မရှုပ်နဲ့ သွား

သူငယ်ချင်းကောင်လေးက သူငယ်ချင်းကောင်မလေးကိုကြိုက်နေတယ်လို့ပြောတယ် .. အဲလိုကြားရတဲ့အချိန်မှာ ဘယ်လိုခံစားသွားရမှန်းမသိဘူး .. မနာလိုတာမဟုတ်ဘူး .. အဲဒိသူငယ်ချင်းနှစ်ယောက်လုံးကိုချစ်တယ် .. ဒါပေမဲ့ သူတို့နှစ်ယောက်ကို တွဲမြင်လို့မရဘူး .. ဘယ်လိုမှသဘောမတူချင်ဘူး ..

ခက်တာက သူငယ်ချင်းကောင်လေးက သူဖွင့်ပြောဖို့ကိစ္စအတွက် လိုက်ပြီးအကူအညီတောင်းနေတာပဲ .. သူငယ်ချင်းကောင်မလေးနဲ့အိဖူးက အရမ်းတွဲတဲ့နှစ်ယောက်ကိုး .. အဲတော့ ကောင်လေးက သူ့ဘက်ကနေ လိုက်ပြောပေးခိုင်းနေတယ် .. “သဘောမတူဘူး မလုပ်ပေးချင်ဘူး”လို့ပြောလိုက်ချင်ပေမဲ့ ကောင်လေးက တကယ်ကြိုက်နေတာ .. (ထင်တာပဲ)

အဲ့ကောင်ကလည်း ဘာဖြစ်လို့ရုတ်တရက်ကြီး ထကြိုက်ရတာလဲမသိဘူး .. ပထမနှစ်တစ်နှစ်လုံး မောင်နှမ အရင်းတွေလို စကြနောက်ကြနဲ့ ဖြူဖြူစင်စင်ပေါင်းလာပြီး အခုဒုတိယနှစ်ရောက်မှ ထဖောက်တယ် .. ခက်တယ် ခက်တယ် .. ဘာလုပ်ပေးရမှန်းသိတော့ဘူး .. သဘောမတူလို့ မလုပ်ပေးချင်ဘူး .. တကယ်ကြိုက်နေတဲ့ အတွက်တော့ စိတ်မကောင်းဘူး ..

ဒါပေမဲ့နောက်ဆုံးတော့ ကောင်မလေးကိုပြောပြဖြစ်ပါတယ် .. ပြောပြတာမှ အကုန်ကိုပြောပြတာ .. အိဖူး သဘောမတူတဲ့အကြောင်းရောပေါ့ .. ကောင်မလေးကနားလည်ပါတယ် .. သူကကြိုက်ပုံမရဘူး .. ရုတ်တရက်ကြီးမို့လို့လားတော့မသိပါဘူး .. ဟိုကောင်ကြိုက်နေကြောင်း အိဖူးပြောပြတာကို မယုံဘူး .. သူ့ကိုကြိုက်တဲ့ကောင်က အဖွဲ့ထဲက ငလှောင်လေ .. ဘယ်ယုံမလဲနော့ ..

ကောင်မလေးမှာလည်း ဘာလုပ်ရမှန်းမသိ .. ဟိုကလာဖွင့်ပြောလို့ ငြင်းလိုက်ရင်လည်း အချင်းချင်းတွေ မျက်နှာပျက်စရာတွေဖြစ်တော့မယ် .. ကြိုက်ကလည်းမကြိုက်(ထင်တာပဲ) .. ဟိုကောင်က တခြား ကိစ္စတွေမှာသာ ပြောင်ချော်ချော်လုပ်တတ်တာ .. အဲဒိကိစ္စမျိုးဆို သိပ်ရှက်တာ .. အဖြစ်ကြီးကလည်းနော် .. တစ်မျိုးကြီး ..

ကောင်မလေးကလည်း အိဖူးကို “ဘာလုပ်ရမလဲ” .. “ဘယ်လိုလုပ်ရမလဲ”နဲ့ .. ဒါပဲမေးနေတာပဲ .. လာပြီး ဦးနှောက်ဖောက်စားနေတယ် .. သူ့ဟာသူဆုံးဖြတ်ရတော့မဲ့ကိစ္စပဲကို .. အိဖူးကဘာပြောရမှာလဲ .. “မကြိုက်လိုက်နဲ့”လို့ပြောရမှာလား .. သူကြိုက်လားမကြိုက်လား သူပဲသိမှာပေါ့ .. အိဖူးကဘာသိမှာလဲ .. “ငါလည်းမသိဘူးလေ”လို့ပြောတော့ “နင်ကလည်းဟာ”တဲ့ .. အော် ဒုက္ခပါလား .. နှစ်ယောက်လုံးကို အမြင်ကတ်တယ် .. အိဖူးဘယ်လိုခံစားနေရလဲမမေးပဲ အကူအညီလာတောင်းတဲ့ကောင်လေးကို အမြင်ကတ်သလို ဦးနှောက်လာဖောက်နေတဲ့ကောင်မလေးကိုလည်း အမြင်ကတ်တယ် .. တကတဲ အဲလိုကြီး ဖြစ်သွားတဲ့အဖြစ်အပျက်ကြီးကိုလည်း မုန်းတယ် ..

နောက်တော့ ကောင်မလေးကအပြင်ကကောင်လေးတစ်ယောက်နဲ့ကြိုက်သွားတယ် .. အဲဒိတော့လည်း နောက်ကိစ္စတစ်ခုက ရှိလာပြန်ရော .. ကောင်လေးက “သူ့ကိုချိုးတယ်”ဖြစ်ပါရော .. လိုက်နေတဲ့ လူနှစ်ယောက်ရှိတာကို သူ့ကိုငြင်းပြီး နောက်တစ်ယောက်ကို ချက်ချင်းလက်ခံလိုက်တော့ သူကစိတ်တိုတယ်တဲ့ တင်းတယ်ပေါ့လေ .. ဖြစ်ချင်တော့ ကောင်မလေးလက်ခံလိုက်တဲ့ဘဲက ကောင်လေးရဲ့ သူငယ်ချင်းဖြစ်နေတယ်လေ .. အို ဘာပြောကောင်းမလဲ .. ရှုပ်ယှက်ကိုခပ်နေတာပဲ .. သူတို့ပဲ လှည့်ပတ်ပြီးရှုပ်နိုင်လွန်း .. နောက်ဆုံးတော့ ဗြဟ္မာကြီးဦးခေါင်းလေ ဒေါ်ရွှေဖူးဆီကိုပုံလာတာပေါ့ .. “ငါနောက်တစ်ခါတော့ ဒီလိုအဖြစ်မခံဘူး”(ကောင်လေး၏ပြောစကား) .. “ငါကမှ မကြိုက်တာ” (ကောင်မလေး၏ပြောစကား) ..“ငါကအစောကြီးကတည်းက ကြိုက်နေတာပါ” (ကောင်မလေးဘဲဘဲ၏ ပြောစကား) .. သူတို့ရဲ့ပြောစကားများကြား ပက်လက်မျောနေပါပြီ .. စိတ်ညစ်တယ် =(

Friday, July 3, 2009

ကျွန်မတို့ရန်ကုန်

“ရန်ကုန်” ..... နံနက်ခင်းအေးအေးဆေးဆေး နေ့လည်ခင်းပူပူလောင်လောင် ညနေမောမောပန်းပန်း ဘယ်အချိန်ပဲဖြစ်ဖြစ် သက်ဝင်လှုပ်ရှားနေတဲ့မြို့လေးတစ်မြို့ပါ ... အကောင်းနဲ့အဆိုး အမြဲဒွန်တွဲနေတဲ့အတွက် ကျွန်မတို့နေထိုင်တဲ့ ရန်ကုန်မြို့ဟာ ပျော်စရာကောင်းတယ်ထင်သလို တခါတလေတော့လည်း စိတ်ပျက်တယ်ပဲထိုင်အော်ချင်စရာပါ ... ကဲ မောင်ရှင်းသန့်ရဲ့ အချက်အလက်တွေကို ချရေးရရင်တော့ -

“ရန်ကုန်မှာ နေထိုင်ရတာ” ..... ဒီကိစ္စက အင်း .. ပိုက်ဆံအနည်းငယ်ရှိမယ်ဆိုရင် ပြေလည်မည့်ကိစ္စပါ .. အိမ်ငှားမယ်ဆိုရင်လည်း ရန်ကုန်မှာက မဖြစ်ညစ်ကျယ်အခန်းလေးကအစ ငှားခသုံးသောင်းလောက်ရှိတာကိုး .. အဖော်အပေါင်းတွေနဲ့ စုငှားမယ်ဆိုရင်တော့ အခန်းကောင်းကောင်းလေးရနိုင်ပါရဲ့ .. ဒါပေမယ့် ရေဒုက္ခ မီးဒုက္ခတွေကလည်း ရှိသေးတော့ကား ဒါမျိုးတွေလာမယ် .. (၁) မီးလာတုန်းလေး ရေကိုအလုအယက် စုပ်တင်ရတာ (၂) ရေစက်ပျက်လို့ သုံးရေမရတာ အဝတ်မလျှော်ရတာ ဘာညာ (၃) ရပ်ကွက်အိမ်တွေမှာ ဆိုလည်း တချို့ဆို ရေစည်လှည်းဝယ်သုံးရတာ ... ဆွေမျိုးညာတိတွေရှိတယ် အတူတူနေမယ်ဆိုရင်တော့ ကောင်းတော့ကောင်းပါတယ် .. ဒါပေမယ့် ကျွန်မဆိုရင်တော့ မနေချင်ဘူး ... မဖြစ်လွန်းမှသာ နေပါမယ် ... ဘာလို့လည်းဆိုတော့ ဆွေမျိုးအိမ်ဆိုတာ မိဘအိမ်မဟုတ်လို့ပါဘဲ .. အော် တစ်ခုတော့ရှိတယ် ငယ်ငယ်ကတည်းက နေလာတာဆိုရင်တော့ တစ်မျိုးပေါ့ ... ရန်ကုန်မှာ ဘော်ဒါဆောင်တွေလည်း ရှိပါတယ် .. အဲဒိမှာနေရရင်လည်း အဆင်ပြေနိုင်ပါတယ် .. အဆင်မပြေတာတွေလည်း ရှိမှာပေါ့ .. အကုန်ကောင်းတယ်လို့ မဆိုလိုပါဘူး ... အိုးပိုင်အိမ်ပိုင်နေရတာကတော့ အကောင်းဆုံးပဲနေမှာပေါ့ ... သိပ်တော့မတွေးတတ်ဘူး

“ရန်ကုန်မှာ စားသောက်ရတာ” ..... စားသောက်ရတာကတော့ ဒီလိုပါပဲ .. ဆိုင်ကောင်းကောင်း သန့်သန့်တွေလည်း ရှိသလို လမ်းဘေးပလက်ဖောင်းဆိုင်လေးတွေ အထမ်းသည်လေးတွေ အမျိုးမျိုးပေါ့ .. ကိုယ်က ဘယ်နေရာမှာစားမလဲမူတည်တာပဲလေ .. ကိုယ့်ကျန်းမာရေးကိုယ်ဂရုစိုက်ရင်တော့ အတတ်နိုင်ဆုံး လမ်းဘေးကဆိုင်များ ရှောင်ရှားပေါ့ ဟုတ်လား .. ဟုတ်တယ်နော် .. စားအုန်းဆီသုံးစွဲမှု အချိုမှုန့်သုံးစွဲမှုကတော့ အင်း ကိုယ်လည်းမနိုင်တဲ့ကိစ္စပါပဲကွယ် .. ထိထိရောက်ရောက် အရေးယူ (အဲလေ) ကြေညာထားတာကို ဂရုမစိုက်တာလား ဂရုစိုက်ရကောင်းမှန်းမသိတာလား နားမလည်တာလား .. ဘာလား ညာလား .. အိမ်မှာပဲ အမြဲချက်ပြုတ်စားသောက်တာကတော့ စိတ်အချရဆုံးပေါ့ .. စားသောက်ဆိုင်တွေမှာသွားပြီး “ကျွန်တော် ကျွန်မတို့မှာတဲ့ဟင်းတွေကို စားအုန်းဆီနဲ့မချက်ပါနဲ့ နောက်ပြီးအချိုမှုန့်တွေမထည့်ပါနဲ့” သွားပြောလို့မှမရတာ .. ရိုက်တောင်လွှတ်လိုက်ဦးမယ် .. အိမ်မှာဆိုတော့ (ကိုယ်ယုံကြည်စိတ်ချရာ) မြေပဲဆီပဲသုံးသုံး နှမ်းဆီပဲသုံးသုံး ဘာကိတ်စနမှမရှိ ..

“ရန်ကုန်မှာ သွားလာရတာ” ..... အခုခေတ်ကတော့ အတော်များများက ဘတ်စ်နဲ့ပဲသွားလာနေကြတာပဲ .. စီးတဲ့လူတွေများလာသလောက် ယာဉ်လိုင်းတွေပိုစုံ ပိုများလာရင်တော့ အကောင်းဆုံးပဲပေါ့ .. ဘယ်သူကတော့ အမြဲတမ်းကားကျပ်ကျပ်စီးချင်မှာလဲ .. ကားတွေ အရမ်းကျပ်နေရင်က အမြဲစီးရတဲ့လူတွေ (ရုံးသမား ကျောင်းသမားတွေ) အတွက် ကျန်းမာရေးကိုထိခိုက်နိုင်ပါတယ် .. ဘီပိုး စီပိုးပြဿနာတွေ .. တစ်ခါတစ်ခါ ကားတွေပေါ်ကို ဈေးသည်တွေက ကြက်တွေဘဲတွေ ငါးတောင်းတွေ အို စုံပလုံစိနေအောင်တင်တာတွေ .. တခြားခရီးသည်တွေအနှောင့်အယှက်ဖြစ်ရတာပေါ့ .. ခြေထောက်တောင် ဘယ်နားချရမှန်းမသိဘူး သူ့တောင်းကြီးတွေပဲ ရှောင်ရှားနေရရင် သိပ်တော့မနိပ်ဘူး .. ကိုယ်ပိုင်ကားနဲ့ကျတော့လည်း လူသက်သာတယ် အချိန်မကုန်ဘူး သွားချင်တဲ့နေရာကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်မယ် .. ဒါပေမယ့် လှည်းတန်းလို နေရာမျိုးမှာဆိုရင်တော့ ကားရပ်စရာနေရာရှာရတာ တော်တော်လေးစိတ်ညစ်ရပါတယ် .. အင်း မကောင်းတာက ဒါတစ်ခုတည်းပဲ စဉ်းစားလို့ရတယ် ... ကိုယ်ပိုင်ကားဝယ်စီးနိုင်အောင်ပဲ ကြိုးစားကြတာပေါ့

“ရန်ကုန်မှာ ဆက်သွယ်ရတာ” ..... လမ်းဘေးမှာ PCO ဖုန်းလေးတွေ ပေါများလာတော့ အရင်ကထက်တော့ အဆင်ပြေလာပါတယ် .. ဟန်းဖုန်းတွေ ပေါပေါလောလောချပေးလာတာကိုလည်း ဝမ်းသာပါတယ် .. လိုင်းမမိတာကတော့ အင်း .. တိုင်ထမ်းပြီး သွားလေရာသယ်ပေရော့ပဲ ပြောရမလား .. သို့ပေမယ့် ခက်တဲ့အရာတွေက ခက်နေတုန်း .. အဲ့ခက်တဲ့အရာတွေကို ပြောရမယ်ဆိုရင်း အင်း .. စဉ်းစားလိုက်ဦးမယ်ကွ .. ဒီလိုလေ ဥပမာပြောရရင် အင်တာနက်ပေါ့ .. အင်တာနက်ဆိုင်တွေများလာတယ် .. အင်တာနက် သုံးလာကြပေမယ့် ချက်ချက်ချက် တချက်တည်းချက်နေကြတာတွေကတော့ စိတ်ဆင်းရဲစရာပဲ .. ဒါကလည်း သူတို့အပြစ်မဟုတ်ပါဘူး .. ဆိုက်တွေက ဟိုဟာကဘန်းထား ဒီဟာကဖွင့်မရတွေကြောင့် သူတို့တွေ ချက်နေရတာနေမှာ ..

“ရန်ကုန်မှာ ပညာသင်ရတာ” ..... တခြားမြို့ရွာတွေထက်တော့ ပိုပြီးပြည့်စုံတဲ့ ကျွန်မတို့ရန်ကုန်ပါ .. သင်တန်းတွေရှိမယ် ကျောင်းတွေ တက္ကသိုလ်တွေရှိမယ် .. နိုင်ငံခြားက ပို့ချတဲ့ ပညာယူစရာ ဟောပြောပွဲတွေ ဆွေးနွေးပွဲတွေ အချိန်တိုသင်တန်းတွေရှိမယ် .. ဒီအကြောင်းကြောင့် ရန်ကုန်က အချက်အချာကျတဲ့မြို့ဖြစ်နေတာပါ .. သာမန်ပညာသင်ခြင်းနဲ့ အဆင့်မြင်ပညာသင်ခြင်းဆိုပြီး နှစ်မျိုးခွဲလိုက်မယ် .. သာမန်ပညာသင်ခြင်းကတော့ အဆင်ပြေတာနည်းပါးပါတယ် .. ဆိုလိုချင်တာက တက္ကသိုလ်တွေကို မြို့ပြင်ထုတ်ထားတာတွေမျိုးပေါ့ .. အဆင့်မြင့်ပညာသင်ခြင်းကတော့ အေးလေ ပြေလည်ရမှာပေါ့ .. ဒါက ခုရှင်းသန့်တက်နေရတဲ့ဟာမျိုးကိုပြောတာပေါ့ .. ရန်ကုန်ရဲ့အားသာချက်တစ်ခုကတော့ အဲဒါပဲ .. ဒါမျိုးပညာသင်ချင်တဲ့လူတွေက ရန်ကုန်ကိုပဲ ကုပ်ကပ်တွယ်ထားရမှာလေ ..

“ရန်ကုန်က ကျန်းမာရေး” ..... လေထုညစ်ညမ်းတာတွေ ကြွပ်ကြွပ်အိတ်ပြဿနာတွေ ရေမြောင်းပိတ်ဆို့တာတွေ အထွေထွေကိစ္စတွေ .. ကျန်းမာရေးမကောင်းလည်း ဆေးရုံဆေးခန်းတွေ ပေါများတာကတော့ နည်းနည်း ခံသာပါသေးတယ် .. ဖြစ်တော့လည်း ကုပေါ့နော့ .. ကုမရတော့လည်း သေပေါ့ .. အသေမခံနိုင်ရင် နိုင်ငန်ဂျားသွားကုပေါ့ .. ဒါမှမဟုတ် ရန်ကုန်မှာမနေနဲ့ပေါ့ ... အယ် ကျွန်မအဲလိုပြောလို့ ဘုတောပြီး ပြောတယ်မထင်ပါနဲ့ .. ခေါင်းထဲက ဒလိုဘဲ တွေးမိပါတယ် ...

“ရန်ကုန်က လူမှုဆက်ဆံရေး” ..... ခက်ပြီ လူမှုဆက်ဆံရေးဆိုတာနဲ့ ဘတ်စ်ကားစပါယ်ယာတွေကို တန်းပြေးမြင်တာပါလား .. ရန်ကုန်မှာက လူတိုင်းအတွက် ကိုယ်ပိုင်အချိန်ဆိုတာ နည်းပါးပါတယ် .. ကိုယ့်ထမင်းကိုယ်စား ကိုယ့်အလုပ်ကိုယ်လုပ်နေတာဖြစ်တဲ့အတွက် “ဘာမှလာမရှုပ်နဲ့” ဆိုတဲ့ပုံစံမျိုးတွေ အခုတွေ့လာရပါတယ် .. “မြန်မာဆိုတာ ရှိုင်းပင်းကူညီစိတ် စာနာစိတ် သည်းခံစိတ်အပြည့်ရှိတာပေါ့” ဆိုတဲ့ ရှေးလူကြီးများရဲ့စကားက ဘယ်မှတ်တိုင်မှာကျကျန်ခဲ့ပြီလဲမသိပါဘူးကွယ် .. လူတိုင်းဒီလိုပဲလို့တော့ မဆိုလိုပါဘူး .. ကျွန်မကတော့ ကူညီနိုင်တာရှိရင်ကူညီမယ် .. ကိုယ်မနိုင်ရင်တော့ မကူညီဘူး .. အမှန်တိုင်းပြောတာ ....

ဒါကတော့ မောင်ရှင်းသန့်ရဲ့အချက်တွေကို ထုတ်ရေးထားတာပါ .. ဖြည့်စွက်အနေနဲ့ကတော့ -

ခုနကပြောသလိုပဲ ရန်ကုန်မှာ ကိုယ်ပိုင်အချိန်ဆိုတာ နည်းပါးပါတယ် .. လုပ်စရာရှိတာလုပ်တာ လုပ်ချင်တာလုပ်နေရတာ မဟုတ်ပါဘူး ... စိတ်လက်အပန်းဖြေစရာဆိုရင် ဘာတွေရှိမလဲ .. စဉ်းစားကြည့်ရရင် ရှော့ပင်းစင်တာတွေ .. ဂိမ်းစင်တာတွေ .. စသည်စသည်ပေါ့ .. လုပ်ချင်တာလုပ်ဖို့အတွက် လိုအပ်တာ တွေများတယ် .. ဒီလိုပဲ လည်သူစားနေတဲ့မြို့လေးက ရင်ခုန်စရာလည်းကောင်းပါတယ် .. ကျွန်မပြောချင်တာက ရန်ကုန်ဆိုတာ ပိုက်ဆံရှိရင် သိပ်ပျော်စရာကောင်းတဲ့မြို့လေးတစ်မြို့ပါလို့ ..။

ရှင်းသန့်ရေ .. အတွေးတွေက ကပေါက်တိကပေါက်ချာတွေဖြစ်နေတယ် .. တစ်ညတည်းနဲ့ရေးရတာမို့လို့ .. လိုချင်တာတွေ ရှာဖွေနိုင်ပါစေလို့ ဆန္ဒပြုပါတယ် ...

Sunday, June 28, 2009

အိတ်ကပ်ထဲကလိပ်ပြာ

ဒီပေါ်ကိုတက်ခဲ့လေ ......။ လူတွေနဲ့ဝေးလေ ကောင်းလေပဲ။ အမြင့်ကိုတက်တော့ ပျံရတာပိုလွယ်တယ်တဲ့ ..။ ပြောကြတယ် ။ ငါလိပ်ပြာတစ်ကောင် ဖြစ်ချင်လာတယ် .. ပေါ့ပါးစွာနဲ့ ပျံဝဲလို့ရမယ့် ဘာကိုမှအားမကိုးပဲ ထွက်သွားရမယ့်ခရီးတစ်ခုလောက် ငါ့အိတ်ကပ်ထဲကို ထည့်ပေးပါ ....။ ကောင်းကင်ပေါ်ကနေ ဖြန့်ကြဲစရာ ပျော်ရွှင်မှုတွေ (ငါပိုင်သမျှ) ကြဲဖြန့်ပေးခဲ့မှာပါ ..။ သာယာဖွယ်ခရီးတစ်ခုလောက် ငါ့အိတ်ကပ်ထဲ ထည့်ပေးပါကွယ် .... ဘယ်သူ့ကိုမှမလိုဘူးဆိုတာတော့ ထည့်မပြောတော့ပါဘူးနော် ..

မနက်ဖြန်တွေမှာ ငါလိပ်ပြာတစ်ကောင်ဖြစ်ရင်ဖြစ်နေမယ် ..... ပန်းပွင့်ကတော့ မောင်းမထုတ်လောက်ပါဘူး ..။ ခက်တာက ငါပဲ ... ငါကလိပ်ပြာအနက်တစ်ကောင်လေ ... ။ တခါတလေတော့လည်း မြေပုံအမှားကြီးနဲ့ ခရီးသွားလို့ ... ။ လူတွေကလည်း ရီရတယ် ... လိပ်ပြာတွေလိုက်ဖမ်းနေလိုက်ကြတာ .... ။ လိပ်ပြာဖမ်းတဲ့ ပိုက်ကွန်ကြီးထမ်းပြီး လျှောက်သွားနေတဲ့လူတွေလည်းရှိရဲ့ ...။ ငါစဉ်းစားနေတာက အင်း ... ရောင်စုံလိပ်ပြာတွေ ဖမ်းပြီး အိမ်ထဲထည့်ထားလို့ရရင်ကောင်းမယ် ...။ တစ်အိမ်လုံး ရောင်စုံလက်လက်ထလို့ပေါ့ ..။

ပုလင်းထဲက ကဗျာတွေကလည်း ငိုနေတယ် ...။ ငါ့ပုလင်းလေးလည်း ရေတွေရွှဲနေတော့တာပေါ့ ။ တော်တော်ဆိုးတဲ့ကဗျာတွေ ... ကိုက်စားပစ်ဖို့ပဲကောင်းတော့တယ် ။ လိပ်ပြာက ပုလင်းပေါ်မှာနားခိုနေတယ် .. သူဘာကိုစောင့်နေတာလဲ ..... ပုလင်းထဲလာစိုက်မယ့် ပန်းကိုမျှော်နေတာလား ..။ မျှော်မနေနဲ့ .. ပန်းပွင့်မယ့်နေ့ကဝေးသေးတယ် .....။ မျက်နှာကျက်ပေါ် ပျံ့လွင့်သွားတဲ့မီးခိုးငွေ့တွေ ဘယ်ကထွက်နေတာလဲ ... ငါမီးလောင်နေပြီလား ...။ ဟာ ဒုက္ခပဲ ..။ အော် သိပ်တော့ပူစရာမလိုပါဘူး ... ဟိုဖက်လမ်းကူးလိုက်ရင် ငြိမ်းသွားမှာပေါ့ကွာ .. ။ ပင်တော့ပင်ပန်းတာပေါ့ .. ငါကတော့ မျဉ်းကျားကနေ စနစ်တကျ ဖြတ်ကူးတတ်တဲ့ ကောင်လည်းမဟုတ်ပါဘူး ... ဒါပေမယ့် ကူးတဲ့လူတွေကျတော့လည်း ကူးနေတာပဲ ... ။

ဒီချိန်ဆို တောင်ကုန်းလေးတွေပေါ်ကို နေရောင်ကဖြာကျလို့ .. တိမ်တွေကလည်းတောက်ပြီး ညနေတစ်ခုလုံး လိမ္မော်ရောင်ထနေမှာ .... တိမ်တွေကို တစ်စစီလိုက်ကောက်ရဦးမယ် .... ထီးတစ်ချောင်း လက်ကောက်ဝတ်မှာချိတ်ပြီး အပိုင်းအစတွေလိုက်ကောက်နေတဲ့ လူတစ်ယောက်ကိုတွေ့ရင် ကျော်သွားလိုက် ... သူခရီးထွက်ဦးမှာ ... ။ လိပ်ပြာအနက်တစ်ကောင် ပုခုံးပေါ်တင်ပြီး မှားယွင်းမြေပုံတစ်ခုနဲ့ အစိမ်းရောင်တိမ်တစ်စိတ်ကို အိပ်ကပ်ထဲထိုးထည့် ... ပြီးရင်တော့ စိတ်ရူးနဲ့လျှောက်သွား ..... ။ ညနေခင်းတိမ်များ အရောင်တောက်နေသည်ကိုကြည့်ရင်း မနာလိုဖြစ်နေသည်မှာ သူတစ်ယောက်ပဲရှိမယ် ထင်ပါတယ် .. ။

ကဗျာလေးရွတ်လို့ အိပ်ကပ်ထဲက ရထားလက်မှတ်လေးတစ်ခုကို ခဏခဏထုတ်ကြည့် .. ဘူတာရုံရောက်ရင် ရထားလာမလား နားစွင့် ..။ ဒီဘူတာအဟောင်းထဲမှာ သူတစ်ယောက်တည်းရယ် ... နောက်တော့ သံလမ်းတွေပေါ်မှာ လမ်းလျှောက်ပြီး အိမ်ဆိုတာကြီးဆီပြန်လာ ... ။ ဒီလူကလည်း ရီရတယ် ..။ မလာမယ့် ရထားကို မျှော်လို့ ..... ။

ဆေးလိပ်တစ်လိပ်ကို ဖွာရှိုက်နေရင်းနဲ့ သူကရေကန်ကိုကြည့်နေတယ် .. မီးမလောင်တဲ့ ကိုယ်ခန္ဓာကနေ အငွေ့တထောင်းထောင်းထွက်လို့ပဲ ... လရောင်ကိုမျှော်နေပေမယ့် ကြယ်တွေပဲစုံလာတယ် ...။ သူ့လိပ်ပြာလေးက လက်ပေါ်မှာလာနားတယ် ..။ ဆေးလိပ်မီးပူတော့မှာပဲကွာ .... လိပ်ပြာလေးပျံသန်းသွားရာကို လိုက်ကြည့်မိတော့ ကမ္ဘာအသစ်တစ်ခုခုကို ဝေဝေဝါးဝါးမြင်မိသလိုလို ..။ ပန်းခင်းကြီးထဲက အိမ်လှလှတစ်လုံး ကိုမြင်မိသလိုလို ...။ အော် ငါ့လိပ်ပြာပြန်မလာပါလား ..။ ပန်းပွင့်တွေဆီကို ထွက်သွားပြီလေ .... ငါ့ကမ္ဘာမှာက ပန်းတွေမပွင့်တော့ဘူးပဲ ..။ ထွက်သွားလိုက်ပါ လိပ်ပြာငယ် .....။ တစ်နေ့တော့ ငါ့ဘူတာမှာ ရထား ဆိုက်လာဦးမှာပါကွယ် ...။

သူ့ကမ္ဘာမှာ အရာအားလုံးကိုပေါင်းစည်းလိုက်သောအခါ အမှားများကိုရရှိလာသည် .. ဘဝကလေးသည် နေချင်စဖွယ်မရှိ ခြောက်သွေ့လျက်သာ .. ။ ဘူတာကိုမဆိုက်သေးတဲ့ ရထားပေါ်မှာ မောင်းမထုတ်မယ့် ပန်းပွင့်ကိုပဲ မျှော်နေတော့ လိပ်ပြာလည်း မောပြီပေါ့ကွယ် .. ။





Sunday, June 14, 2009

ပုံပြင်လေး

သူက စင်နောက်ဖက်မှာရှိနေခဲ့တာ ကာလတစ်ခုစာတော့ရှိနေခဲ့ပြီ .. သူနှင့်တစ်ချိန်တည်းထွက်ပေါ်ခဲ့သည့် မီးခိုးရောင်ကြွက်လေးရယ် အစင်းလေးတွေ ပါတဲ့ကျားလေး ရယ် ကျားသစ်လေးတစ်ကောင်ရယ် နောက် အညိုရောင်ခွေးလေးရယ် .. တခြားအရုပ်တွေက အသီးသီးထွက်သွားကြပြီ .. သူသာ ရှေ့ကနေ နောက်ကိုရောက် .. အသစ်ထပ်ပေါ်လာတဲ့အရုပ်များက သူ့ရှေ့မှာနေရာယူပြီး သူ့ကိုကွယ်ထား .. စင်ရှေ့မှာလာရပ်တဲ့လူရှိလာရင်တောင် သူ့မှာမမျှော်လင့်ရဲတော့ပေ .. အနောက်ဖက် ခပ်ကျကျတွင် ချိတ်ဆွဲခြင်းခံထားရသောသူ့ကို သူ့သခင်မ တက္ကသိုလ်ကျောင်းသူကောင်မလေးက တစ်နေ့တွင် တွေ့သွားခဲ့သည် .. သူ့အရှေ့တွင်ရှိနေသော အရုပ် သော့ချိတ်များကိုကြည့်ပြီး သူ့ကိုတွေ့သောအခါ “ဟယ် ရုပ်ဆိုးဆိုးလေး” ဟူသော ချီးကျူးစကားတစ်ခွန်းနှင့်အတူ သူ့ကိုဖြုတ်ယူလိုက်ပါသည် ..

ကောင်မလေးနှင့်အတူပါလာသော သူငယ်ချင်းမလေးက “နင့်ဟာကလည်း ဖုန်တွေနဲ့” တဲ့ .. သူငယ်ချင်းမလေးပြောတာကို စိတ်မဝင်စားပဲ သူ့ကိုလှည့်ပတ်ကြည့်နေတဲ့ သူ့သခင်မအလောင်းအလျာလေးက “ဖုန်ပဲဟာ လျော်လိုက်မှာပေါ့ .. ချစ်စရာလေးပါ” လို့ပြန်ပြောတော့မှ သူသက်ပြင်းတစ်ခုကို ခိုးချလိုက်မိသည် .. နောက်ဆုံးတော့ ငွေချေကောင်တာမှာ ငွေချေပြီးတော့ သူ့သခင်မ ကောင်မလေးခေါ်ရာနောက်သို့ ဝမ်းသာခြင်းများနှင့် လိုက်ပါခဲ့လေသည် ..

အိမ်ရောက်သောအခါ ကောင်မလေးက လွယ်အိတ်ကိုစားပွဲပေါ်ပစ်တင်လိုက်သည် .. ထို့နောက် အိတ်ထဲမှ သူ့ကိုထုတ်ပြီးတော့ လှည့်ပတ်ကြည့်နေသည် .. သူအချိုသာဆုံးပြုံးပြလိုက်လို့လားမသိ .. “ဘာရုပ်မှန်းလဲမသိဘူး” ဟုသူ့ကို ကောင်မလေးကပြောသည် .. နောက်တော့ ရေချိုးခန်းထဲသူ့ကိုခေါ်သွားသည် .. ထို့နောက်တော့ ဆပ်ပြာမှုန့်ရည်ထဲသို့နှစ်စိမ်လိုက်ခြင်းကို ခံလိုက်ရသည် .. သွားပွတ်တံလေးနှင့် သူ့ကိုယ်လုံးပေါ်ရှိ ဖုန်များကြေးများကို ပွတ်တိုက်ပေးနေသည် .. ရေနှင့်စိမ်ကာစိမ်ကာ ဆပ်ပြာပြောင်အောင် ဆေးပေးပြီးနောက်တော့ ရေစင်သွားအောင်ခါလေသည် .. “ဘုရားဘုရား ကောင်မလေးရေ ငါ့လက်တွေခြေထောက်တွေ ပြုတ်ကုန်တော့မှာပဲ” စိတ်ထဲမှအော်ပြောနေမိသည် .. ကောင်မလေးက စိတ်တိုင်းကျခါထုတ်ပြီးမှ Hair Dryer နှင့်မှုတ်ပြန်သည် .. မှုတ်ပြီးတော့မှ သူ့ကိုမျက်နှာသုတ်ပဝါတစ်ခုပေါ်မှာ ချထားခဲ့လေသည် .. “အောင်မလေး အခုမှပဲအနားရတော့မယ်” .. သူတွေးနေရင်းနှင့် အိပ်ပျော်သွားသည် ..

သူရုတ်တရက်လန့်နိုးသွားသည်မှာ သူ့ကိုဆွဲယူခြင်းခံလိုက်ရသောကြောင့်ဖြစ်သည် .. မျက်လုံးတွေ ဝေဝေဝါးဝါးဖြစ်နေချိန်မှာပဲ သူ့ကို ကောင်မလေးက လွယ်မည့်အိတ်တွင် ချိတ်ဆွဲလိုက်သည် .. ကောင်မလေးအိတ် ခရမ်းရောင်လေးပေါ်တွင် သူ့အစိမ်းရောင်က တော်တော်လေးတော့ပေါ်လွင်ပါသည် .. ကောင်မလေးက ချိတ်လိုက်ပြီးမှ အိတ်နှင့်သူ့ကိုတစ်ချက်ကြည့်လိုက်သည် .. “တော်ပါသေးရဲ့ ဖုန်တွေပြောင်လို့” ဟု တီးတိုးပြောသံကို ကြားလိုက်သေးသည် .. နောက်တော့ အိတ်ကိုခဏချကာ အခန်းထဲမှထွက်သွားသည် .. ဘာသွားလုပ်တာပါလိမ့် .. ၁၅ မိနစ်လောက်ကြာမှပြန်ရောက်လာပြီး အိတ်ကိုကောက်လွယ်၊ မီးဖိုခန်းမှ ဆွဲခြင်းတောင်းလေးကိုယူကာ လမ်းထိပ်ကို သူနှင့်အတူထွက်လာခဲ့ကြသည် ..

ကောင်မလေးကျောင်းသွားတော့မယ် .. မနက်ခင်းမိုးအုံ့နေသောကြောင့် နေရောင်ခြည်မဖြာနေပါ .. သူ့မှာ ကောင်မလေး၏ ဝင်းဖန့်ဖန့်မျက်နှာလေးကို ခိုးပြီးမော့မော့ကြည့်ရတာအမော .. ကောင်မလေးက ထမီလေးနဲ့လည်း လှတာပါပဲလား .. နောက်တော့ ကောင်မလေးစောင့်နေသော ကျောင်းကားရောက်လာသည် .. ကျောင်းကားပေါ်ရောက်တော့ နေရာတွင်ထိုင်လိုက်ပြီး လွယ်အိတ်ကိုပေါင်ပေါ်တင်ထားလိုက်သည် .. ကောင်မလေးက ဘေးတွင်လာထိုင်သော သူငယ်ချင်းတစ်ယောက်နှင့်စကားပြောရင်း သူ့ကိုလက်ကကိုင်ကာ ဆော့ကစားနေသည် .. ရယ်ပြုံးနေသောကောင်မလေးက တစ်ချက်တစ်ချက်သူ့ကိုငုံ့ငုံ့ကြည့်သည် .. ကားထွက်သောအခါ ကောင်မလေးက သူငယ်ချင်းနှင့်စကားမပြောတော့ဘဲ အပြင်ဖက်ကိုသာ ငေးမောနေ လေသည် ..

ကျောင်းရောက်တော့ ကောင်မလေးက ဆိုင်တစ်ဆိုင်တွင်ဝင်ထိုင်ကာ သူငယ်ချင်းများကိုစောင့်နေသည် .. ကောင်မလေးရဲ့သူငယ်ချင်းတစ်ယောက် အရင်ဆုံးရောက်လာသည် .. သူချက်ချင်းမှတ်မိလိုက်သည် .. သူ့ကိုဝယ်တဲ့နေ့က တူတူပါလာတဲ့သူငယ်ချင်းမလေးဖြစ်သည် .. သူပြုံးပြလိုက်သည် .. သူငယ်ချင်းမလေးက ကောင်မလေးကို “ဒီမှာ နင့်အတွက် ရော့” ဟုဆိုကာ ပစ္စည်းလေးတစ်ခုလှမ်းပေးသည် .. ပုတီးစေ့လေးများ ဖြင့်လုပ်ထားသော သော့ချိတ်တစ်ခုဖြစ်ပါသည် .. ဘုရားရေ ငါ့ကိုဖြုတ်ပစ်တော့မှာလား ... သူစိုးရိမ်သွားသည် .. ပုတီးစေ့အညိုရောင်ပြောင်ပြောင်လေးများကလည်း ကောင်မလေး၏ခရမ်းရောင်လွယ်အိတ်နှင့် လိုက်ဖက် လှပါသည် ..

ကောင်မလေးက ပုတီးစေ့လေးများကို တို့ထိကြည့်နေရင်းကပင် သူ့ကို “ငါလျှော်လိုက်တာပြောင်သွားပြီ တွေ့လား” ဟူ၍ သူငယ်ချင်းမလေးအားကြွားနေသည် .. သူအစွမ်းကုန် အချိုသာဆုံးပြုံးပြနေလိုက်ပါသည် .. “အင်းပါ အင်းပါ နင်ပြောင်တယ်ဆိုပြောင်တယ်ပေါ့ဟယ်” တဲ့ ... နောက်တော့ ကောင်မလေးက “ဟဲ့ .. ဒါဘာကောင်လဲ” ဟု သူငယ်ချင်းမလေးကိုမေးလိုက်သည် .. သူငယ်ချင်းမလေးက “ဖားလေ” တဲ့ .. ကောင်မလေးက သူ့ကိုမြှောက်ပြလိုက်ရင်းက “ဖားမှာ အမြီးပါလို့လား” လို့ပြောပြန်သည် .. အဲ ဟုတ်တယ် .. သူက ဖားရုပ်တစ်ရုပ်ပေမယ့် အမြီးပါနေသည် .. “အဲဒါကြောင့်ပြောတာ ဘာကောင်မှန်းမသိပါဘူးလို့” ကောင်မလေးက ညည်းတွားသလိုပြောနေပြန်သည် .. “ငါနာမည်ပေးထားတယ်လေ သိလား .. ဖားမြီးပေါက်တဲ့ ဟိ .. မိုက်တယ်ဟုတ်” ... ရယ်ရင်းမောရင်း ကောင်မလေးက သူ့နာမည်ကိုမိတ်ဆက်ပေးနေသည် .. သူငယ်ချင်းမလေးကလည်း ရယ်နေရင်းက “ဟိုကောင်တွေလာပြီ” တဲ့ .. ကောင်မလေးက ပုတီးစေ့သော့ချိတ်လေးကို အိတ်ထဲထည့်လိုက်သည် .. နောက်တော့ ကျောင်းဝင်းထဲဝင်ခဲ့ကြသည် .. ကောင်မလေးက အသိမိတ်ဆွေပေါများလှသည် .. ငါးလှမ်းလောက်လျှောက်လိုက် စကားပြောလိုက် နောက်သုံးလှမ်းလောက်လျှောက်လိုက် နှုတ်ဆက်လိုက်နှင့် .. နောက်တော့ ကောင်မလေးအတန်းတက်သည် .. စာအုပ်ထုတ် ပစ္စည်းထုတ်သည့်အခါတိုင်း ကောင်မလေးလက်များက သူ့ကိုထိတွေ့သည် ..

နောက်တော့ မိုးတွေရွာလာသည် .. ကောင်မလေးက “ဟေး မိုးရွာပြီဟ” လို့ထအော်သည် .. ကောင်မလေးက မိုးရွာတာကိုကြိုက်ပုံပဲ .. အတန်းဆင်းတော့ ကောင်မလေးတို့သူငယ်ချင်းအဖွဲ့တွေ ရောက်လာပြီး ကန်ကင်းမှာနေ့လည်စာစားကြသည် .. ကန်တင်းဆိုင်နဲ့ရင်းနှီးပုံပါပဲ .. ဆိုင်ရှင်အစ်မကြီးရဲ့ သမီးလေးသေးသေးလေးကလည်း ကောင်မလေးကိုတွေ့သည်နှင့် သူ့အမေချီထားတဲ့ကြားက ကောင်မလေးဆီအတင်းတိုးဝင်သည် .. ကောင်မလေးကလည်း “ဟေး ဖြည်းဖြည်းပေါ့” ဟုဆိုကာ လွယ်အိတ်ကိုပင်မချနိုင်ပဲ ကလေးမလေးကိုချီလိုက်သည် .. ကလေးမလေးက လွယ်အိတ်တွင် တပ်ထားသောသူ့ကိုမြင်သွားကာ လှမ်းလှမ်းဆွဲသည် .. ကောင်မလေးက ကလေးမလေးကိုချီနေရင်းနှင့်ပင် ခုံမှာဝင်ထိုင်လိုက်ပြီး စားဖို့အစားအသောက်ကိုမှာနေသည် .. ကလေးမလေးကလည်း လက်တိုတိုလေးနှင့် မမှီမကမ်းသူ့ကိုလှမ်းလှမ်းဆွဲနေသည် .. ကောင်မလေးက တွေ့သွားပြီး ကလေးမလေးကို “ဒါတော့မရဘူး” ဟုပြောသည် .. နောက်တော့ မုန့်ကျွေးလိုက်မှ ကလေးမလေးက သူ့ကိုမေ့သွားကာ မုန့်စားနေလေသည် .. တော်ပါသေးရဲ့ ..

နောက်နေ့ နောက်နေ့များတွင်လည်း သူသည်သာ ကောင်မလေးလွယ်အိတ်တွင် အမြဲရှိနေခဲ့သည် .. ကောင်မလေးတွင် သော့ချိတ်တွေအများကြီးရှိပါသည် .. ရက်တွေကျော်လို့ လပြောင်းလာသည် .. ကောင်မလေးလွယ်အိတ်တွေလည်း အရောင်အမျိုးမျိုး ဒီဇိုင်းအမျိုးမျိုးပြောင်းသွားသည် .. သို့သော် သူကတော့ ဘယ်တော့မှမပြောင်းလဲသွားပါ .. သူတွေးတွေးပြီးကျေနပ်နေခဲ့သည် .. မိုးရေစိုရွဲလာသည့်နေ့များတွင် အိမ်ပြန်ရောက်လျှင် ကောင်မလေးက သူ့ကိုရေခြောက်အောင် Hair Dryer ဖြင့်မှုတ်ပေးပြန်သည် .. ကောင်မလေးမှာ ရေစိုနေတဲ့အင်္ကျီကိုတောင်မလဲလှယ်နိုင်ဘဲ သူ့ကိုအရင်ခြောက်အောင်လုပ်ပေးသည်များကို တွေ့ရသောအခါ သူတော်တော်ဝမ်းနည်းရသည် .. ဘုရားရေ ကောင်မလေးက ငါ့ကိုတော်တော်ချစ်ပါလား ..

မိုးရာသီနောက်ဆုံးအပါတ်ဖြစ်သည် .. မှတ်မှတ်ရရ မိုးတွေကသည်းကြီးမည်းကြီး .. မနက်ကျောင်းသွားဖို့ပြင်ဆင်သည် .. ထုံးစံအတိုင်း သူကကောင်မလေးလွယ်အိတ်မှာ ဝင့်ဝင့်ကြွားကြွား တလှုပ်လှုပ်နှင့် ... ကျောင်းရောက်သောအခါ ကောင်မလေးစိုနေပြီ .. မိုးကလည်း တစ်နေ့လုံးရွာသည် .. ကောင်မလေးအဝတ်အစားတွေ သိပ်မခြောက်တော့ .. တစ်နေ့လုံးစိုထိုင်းထိုင်းနှင့် .. ကောင်မလေးနည်းတူ သူလည်းရွဲလို့ .. နေ့လည်ကန်တင်းရောက်တော့ ကောင်မလေးက သူ့ကိုငုံ့ကြည့်ရင်း “အိမ်ရောက်မှ ခြောက်အောင်လုပ်ပေးနော်” တဲ့ .. သူပြန်ပြုံးပြလိုက်သည် .. အိမ်ကိုမြန်မြန်ရောက်ချင်လှပါပြီ .. ဒါမှသူ့ကိုခြောက်အောင်လုပ်ပေးပြီး ကောင်မလေးလည်း အဝတ်အစားလဲကာ နွေးနွေးထွေးထွေးရှိတော့မည်ဖြစ်သည် ..

ညနေပြန်ချိန်ရောက်ပြီ .. မိုးကသည်းလာပြန်သည် .. ကျောင်းသားကျောင်းသူတွေအားလုံး ထီးကိုယ်စီ မိုးရေရွဲရွဲကိုယ်စီနှင့် .. ကောင်မလေးရေ မြန်မြန်ပြန်ကြပါစို့ .. သူပြောနေမိသည် .. ကောင်မလေးက ခြင်းတောင်းကိုလက်မှချိတ် တစ်ဖက်ကထီးကိုကိုင်ကာ အိမ်ပြန်ဖို့သူ့သူငယ်ချင်းတွေကို လောဆော်နေသည် .. ကျောင်းပေါက်ဝနားမှာ ကျောင်းသားတွေပြုံတိုးလို့ .. ထီးတွေနှင့်ရှုပ်ယှက်ခပ်ကာ တိုးမပေါက် .. အော် ဒုက္ခ .. ကောင်မလေးလည်း စိတ်ညစ်နေပုံပဲ .. အိမ်ပြန်ရောက်ရင်ပြီးရော တိုးဝင်လိုက်ပါ ကောင်မလေးရယ် .. ကောင်မလေးနှင့်သူ့သူငယ်ချင်းတွေ အပေါက်ဝနားရောက်လာပြီ .. သို့သော် တိုးမဝင်သွားသေးဘဲ အနောက်နားမှာရပ်နေကြသည် .. ကောင်မလေးက “ခဏလောက်နေမှ ထွက်တာပေါ့” ဟုပြောနေသည် ..

အဲဒိအချိန်မှာပါပဲ .. အစွန်နားမှာရပ်နေတဲ့ကောင်မလေးကို တခြားကျောင်းသားတစ်ယောက်က ဝင်တိုက်သွားတာ .. ထိုကျောင်းသား၏ လွယ်အိတ်နှင့်ငြိပြီး ချိတ်မှပြုတ်ကာ သူအောက်ပြုတ်ကျသွားသည် .. ကောင်မလေးကမသိ .. ဒုက္ခပါပဲ .. ကျောင်းသားများရဲ့ခြေထောက်တွေကြားမှာ သူရောက်နေပြီ .. ထိုစဉ်မှာပဲ လမ်းလျှောက်လာသော ခြေထောက်တစ်စုံက သူ့ကိုအဝေးရောက်အောင်ကန်ထုတ်လိုက်သည် .. ကောင်မလေးနှင့်ပိုဝေးသွားပြီ .. ကောင်မလေးက သူ့ကိုမမြင် .. ပြုတ်ကျသွားတာတောင်မသိတာ .. သူ့ကိုတက်နင်းသွားကြသည် .. နာကျင်သည့်ဒဏ်ကိုခံနေရင်းက ကောင်မလေးကိုသူကြည့်နေမိသည် .. ကောင်မလေးတို့အုပ်စု တရွေ့ရွေ့နှင့် အပေါက်ဝနားကို လျှောက်နေကြသည် .. သူ့မှာလည်း လျှောက်လမ်းပေါ်ကနေ ဘေးကရေမြောင်းလေးထဲကို ပြုတ်ကျသွားသည် .. သွားပြီ .. သူကျန်ခဲ့ပြီ .. ကောင်မလေးနှင့်တူတူအိမ်မပြန်ရတော့ပါ .. ဘယ်တော့မှခြောက်ခြောက်သွေ့သွေ့နေရတော့မည်မဟုတ်ပါ .. ကောင်မလေးကိုလည်း ဘယ်တော့မှမြင်ရတော့မည်မဟုတ်ပါ .. ကောင်မလေးက အိမ်ပြန်သွားလေပြီ ..

နေပါဦး .. သူမရှိတော့တာ ကောင်မလေးသိသွားရင် ပြန်လာရှာမှာပါ .. ဟုတ်တယ် .. ကောင်မလေး နင်မသိသေးဘူးလား .. နင့်ဘေးမှာ ငါပါမလာဘူးလေ .. ငါဒီမှာကျန်နေခဲ့ပြီ .. ကောင်မလေးရေ ငါ့ကိုလာရှာပါ .. ငါခြောက်ခြောက်သွေ့သွေ့ပဲနေချင်တယ် .. နင့်နားမှာပဲ နေချင်တယ် .. ကောင်မလေးရေ .. သူခေါ်နေခဲ့သော်လည်း ကောင်မလေးပြန်မလာပါ .. ညရောက်သွားသော်လည်း ကောင်မလေးရောက်မလာပါ .. နောက်နေ့မနက်ထိ သူ့ဆီကောင်မလေး မရောက်လာ .. သူလည်း ပင်ပန်းနေပြီ .. အိပ်လိုက်ရတော့မလား .. ကောင်မလေးလာရှာလို့ အော်ခေါ်ရင် သူမကြားဘဲနေဦးမယ် .. မအိပ်တော့ဘူး ..

ရေမြောင်းဘောင်လေးမှာ မှီရင်း သူနွမ်းလျပင်ပန်းစွာ ရှိနေခဲ့သည် .. ကောင်မလေးက ဘယ်တော့မှမရောက်လာခဲ့ပါ .. ရေများကသူ့ကို တွန်းတိုက်ပြီး စီးဆင်းနေကြသည် .. ရေစီးမှာမျောသွားမှာစိုးလို့ တင်းခံထားရတာလည်း မောလှပါပြီ .. ပင်ပန်းတယ် .. မျက်လုံးများမှိတ်လိုက်တော့ ကောင်မလေးလွယ်နေကျ ခရမ်းရောင်လွယ်အိတ်လေးကိုမြင်ယောင်လာသည် .. ထိုလွယ်အိတ်လေးတွင် အညိုရောင်ပုတီးစေ့ ပြောင်ပြောင်လေးများက သူ့နေရာကိုယူထားကြသည် .. ကောင်မလေးကလည်း ထုံးစံအတိုင်းပြုံးလို့ သူ့သူငယ်ချင်းများနှင့် စကားပြောနေလေသည် .. ထိုအချိန်မှာပဲ သူမောပန်းသမျှ တင်းခံထားသမျှတွေ ပျောက်ကွယ်သွားသည် .. သူသိလိုက်သည်ကတော့ ရေစီးနှင့်အတူမျောပါနေပြီဖြစ်သည် .. ဤသည်က သူသိလိုက်သော နောက်ဆုံးအသိဖြစ်သည် .. ပင်ပန်းမှုတွေ ထပ်မရှိအောင် သူလုံးဝအိပ်ပစ်လိုက်တော့လေသည် ....။