Wednesday, December 24, 2008

ကဗျာပုလင်းလေး

ကျွန်မတွင် ပုလင်းလေးတစ်လုံးရှိသည် .. သွယ်လျသောပုံသဏ္ဍာန်နှင့် ခရမ်းနုရောင်ပုလင်းလေးသည် အလွန်လှပသည် .. ထိုပုလင်းထဲတွင် ကျွန်မကဗျာများထည့်သိမ်းထားသည် .. ထိုအခါ ပုလင်းလေးသည် ကဗျာများကြောင့် ပိုမိုတောက်ပလာသည် .. ကြယ်ကြွေသောညများတွင် ကျွန်မက ကဗျာများကို ထုတ်ဖတ်လေ့ရှိသည် .. ထိုအခါ ပုလင်းလေးကပါ ကျွန်မနားတွင်ထိုင်ကာ ကျွန်မဖတ်ပြသောကဗျာများကို နားထောင်နေတတ်သည် .. လွမ်းမောဖွယ်ကဗျာများကို ကြားလျှင် အဝေးကိုငေးနေတတ်သော ပုလင်းလေးတွင် ချစ်သူရှိပါသလား ..

နေသာသောနေ့များတွင် ကျွန်မတို့လမ်းလျှောက်ထွက်ခဲ့ကြသည် .. ပုလင်းလေးထဲမှ ကဗျာများကလည်း ပျော်ရွှင်မြူးတူးလျက် .. ပုလင်းလေးကပါ ပြုံးနေသည် .. ကဗျာတစ်ပုဒ်ခုန်ချထွက်ပြေးသောအခါ ပုလင်းလေးငိုသည် .. ကဗျာလေးနာမည်က “ငှက်”တဲ့ .. ထားလိုက်ပါတော့ကွယ် .. ငှက်ဆိုတာ ပျံသန်းနေတဲ့သတ္တ၀ါဆိုတာ မင်းမသိဘူးလား .. မငိုနဲ့ .. ရွက်ကြွေလမ်းတလျှောက်ပြေးရင်း အရှိန်ရလာသောအခါ ပျံသန်းသွားသော ကဗျာလေးကို ကျွန်မလက်ပြနေမိသည် .. ပူပြင်းသောနေရောင်ကြောင့် စက္ကူများမီးလောင်သွားပြီး ပြာများကြွေကျလာသောအခါ ၀မ်းနည်းစွာဖြင့် ကျွန်မတို့လှည့်ထွက်လာခဲ့မိပါသည် ..

ပုလင်းလေးကို ကျွန်မသနားသောကြောင့် ကဗျာသစ်တစ်ပုဒ်ထပ်ထည့်ပေးခဲ့သည် .. နာမည်က“ကြိုးတစ်ချောင်း”တဲ့ .. ထိုကြိုးကို ပုလင်းလေးက ကြိုးနှင့်ချည်ထားဖို့ကြိုးစားသည် .. မင်းဘာလုပ်တာလဲ .. ဒါမှထပ်ထွက်မပြေးမှာပေါ့တဲ့ .. ငါကမင်းကို ကြိုးပေးတာ ကြိုးနဲ့ထပ်ချည်ဖို့မဟုတ်ဘူး .. သူကိုယ်တိုင်က ကြိုးမို့လို့ မင်းထပ်ချည်စရာမလိုဘူးလေ .. ပုလင်းလေးတွေဝေစဉ်းစားနေသည်ကို ကြည့်ကာ ကျွန်မရယ်သည် .. တစ်ခါဆုံးရှုံးရလို့ နောက်တစ်ခါဆုံးရှုံးရမှာကို ကြောက်နေတဲ့ သနားစရာကျွန်မရဲ့ပုလင်းလေး ..

ပုလင်းလေးနှင့်ကျွန်မသည် အဖော်ကောင်းများဖြစ်သည် .. တစ်မနက်တွင် ပုလင်းလေးက ကျွန်မကိုပြောသည် .. သူနေမကောင်းပါတဲ့ .. လှောင်ပြောင်ချင်စွာဖြင့် ကျွန်မရယ်နေပြန်သည် .. ကျွန်မရယ်တော့ ပုလင်းလေးက မျက်နှာမကောင်းပါ .. အသာနေစမ်းပါ ငါအလုပ်ရှုပ်နေတယ် .. စိတ်ညစ်ညူးစွာဖြင့် ပြောလိုက်မိသည် .. အပြင်မထွက်ရတာကြာလို့ အကြောင်းရှာနေတာလား .. လာဂျီကျမနေနဲ့ သွား .. နေရောင်ခြည်ရသော ကျွန်မ၏စားပွဲတစ်နေရာတွင် ချထားပေးခဲ့သည် .. အရောင်မှိုင်းနေသောပုလင်းလေးကိုပင် နှုတ်မဆက်နိုင်ပဲ ကျွန်မတံခါးပိတ်လိုက်မိသည် .. ညှိုးငယ်သောမျက်လုံးများဖြင့် လှမ်းကြည့်နေသောပုလင်းလေးကို ကျွန်မမမြင်လိုက်မိပါ ..

ကျွန်မပြန်လာသောအခါ စားပွဲပေါ်တွင်ပုလင်းလေးရှိနေသေးသည် .. သို့သော် ကျွန်မမိတ်ဆွေပုလင်းလေးမဟုတ်တော့ပါ .. ခရမ်းနုရောင်မှ သွေးရောင်သို့ပြောင်းလဲနေသော သေဆုံးနေသောပုလင်းငယ်ကိုသာ တွေ့ရသည် .. ကျွန်မအထိတ်တလန့်နှင့် ပုလင်းထဲကိုကြည့်လိုက်သောအခါ ကျွန်မနောက်ဆုံးထည့်ပေးခဲ့သောကြိုးတစ်ချောင်းက ကျွန်မပုလင်းလေး၏နှလုံးသားကို ဖြစ်ညှစ်ထားခဲ့သည် .. မုန်းတီးစွာ စက်ဆုပ်စွာ သွေးရူးသွေးတန်းနှင့် ထိုကြိုးကို ကတ်ကျေးနှင့်အပိုင်းပိုင်းညှပ်လိုက်မိသည် .. ကြိုးအပိုင်းပိုင်းပြတ်သွားလေပြီ .. သို့သော်လည်း ကျွန်မပုလင်းလေးအသက်ပြန်မရှင်လာတော့ပါ ..

ကျွန်မပုလင်းလေး .. နှလုံးသားကိုဖြစ်ညှစ်ခံထားရသော ပုလင်းလေး .. ဘယ်လောက်တောင်မွန်းကျပ်နေမလဲ .. မျက်ရည်များသည် ကြမ်းပြင်ပေါ်သို့ကျဆင်းကာ ရေများအဖြစ် အိုင်ထွန်းလာကြသည် .. တဖြည်းဖြည်းများလာသောရေများကို ကျွန်မကြည့်နေမိသည် .. ပုလင်းလေးကို ရင်ခွင်ထဲပိုက်ကာ ကျွန်မ၏အဖော်ကောင်းလေးကို လွမ်းဆွတ်တမ်းတနေသည် .. ရေများသည် ခြေမျက်စိမှ ဒူးခေါင်းအထိ .. ဒူးကျော်ကာ ရင်ဘတ်ထဲမှ ပုလင်းလေးကို ဘောင်ဘင်လှိုင်းခတ်သည်အထိ မြင့်တက်လာသည် .. မကြာခင် ကျွန်မမြုပ်တော့မည် .. ပုလင်းလေးနှင့်ကျွန်မ မြုပ်သွားလေသည် .. ကျွန်မနေမကောင်းပါ .. ပုလင်းလေးလိုပဲ ရေများက ကျွန်မနှလုံးသားကို ဖြစ်ညှစ်ထားကြသည် .. ပုလင်းလေးလိုပဲ ကျွန်မသေသွားတော့မှာလား ..

ကျွန်မမျက်လုံးများပိတ်လိုက်သည် .. နှလုံးသားက ပေါက်ကွဲထွက်တော့မတတ် နာကျင်လာသည် .. စိတ်တစ်ခုကြောင့် မျက်လုံးများဖွင့်ကာ ရင်ခွင်ထဲမှ ပုလင်းလေးကို ငုံ့ကြည့်လိုက်သည် .. ခရမ်းနုရောင်ပုလင်းလေးက ကျွန်မကိုကြည့်နေသည် .. ကျွန်မပြုံးပြလိုက်သောအခါ ချက်ချင်းပင် ကျွန်မတို့တိမ်တွေထဲရောက်သွားသည် .. တိမ်တွေပေါ်ထိုင်ကာ ကဗျာများဖတ်နေသော ကျွန်မနှင့်ပုလင်းလေးတွင် အနာဂတ်တွေ ရည်မှန်းချက်တွေ ယှဉ်ပြိုင်မှုတွေ ဘ၀တွေမရှိတော့သလိုပဲ .. ဒီလိုပဲအမြဲတမ်းနေသွားရတော့မည် .. ကောင်းလိုက်တာနော် .. ပုလင်းလေးကို ကျွန်မပြောမိသည် ..

ထိုအချိန်တွင် ငှက်တစ်ကောင်က ကျွန်မတို့နှစ်ယောက်နား ၀ဲပျံလာသည် .. ကျွန်မပိုင်ဆိုင်သောငှက်ကလေး .. အို မင်းလည်းဒီမှာရှိနေတာလား .. ငှက်ကလေးက ကျွန်မလက်ပေါ်တွင်လာနားသောအခါ ကဗျာစာရွက်ခေါက်လေးဖြစ်သွားသည် .. ကျွန်မပျော်သွားသည် .. ကဗျာစာရွက်လေးကို ပုလင်းလေးထဲသို့ထည့်ကာ သိမ်းထားလိုက်သည် .. ပုလင်းလေးလည်း ပြုံးလို့ .. သူပြုံးသည်ကိုမြင်သောအခါမှ ကျွန်မသူ့အပြုံးကို မည်မျှလွမ်းဆွတ်မျှော်လင့်နေမိကြောင်း သိလိုက်ရသည် .. ပထမဆုရသောကျောင်းသားလေးကဲ့သို့ ကျွန်မကျေနပ်သွားသည် ..

အရာအားလုံးသည် ပေါ့ပါးနေသည် .. ကျွန်မသေသွားပြီလား .. သေသွားသည်ဆိုလည်း ကိစ္စမရှိပါ .. ကျွန်မနေကောင်းသွားပြီ .. ကျွန်မပုလင်းလေးလည်း နေကောင်းနေသည် .. ဘာမှအရေးမကြီးတော့ပါ .. အရေးကြီးသည်က ကျွန်မ .. ပုလင်းလေးနှင့် ကဗျာများသာဖြစ်ပါသည် ..

စိတ်ကူးငယ်ငယ်

အိဖူးက စိတ်ကူးယဉ်ရတာ ၀ါသနာတဲ့လူ .. စိတ်ကူးယဉ်တယ်ဆိုတာ လက်တွေ့နဲ့အိပ်မက်ကြားက ကြားခံနယ်ပေါ့ .. စိတ်ကူးယဉ်လွန်းရင်မကောင်းဘူး .. လက်တွေ့ကျအောင်တော့ နေနိုင်ရမယ် .. စိတ်ကူးတွေပဲယဉ်နေပြီး ဘာမှအလုပ်မဖြစ်တာမျိုးလည်း မဖြစ်ရဘူး .. မဖြစ်သင့်ဘူးပေါ့ .. ခဏခဏစိတ်ကူးယဉ်တယ်ဆိုတာက တစ်မျိုးလေ .. ခဏခဏစိတ်ကူးယဉ်တယ်ဆိုတာကကျတော့ ကိုယ့်ကိုကိုယ်ကတိပေးခြင်းတစ်မျိုးပဲ .. အကြောင်းအရာတစ်ခုကိုပဲ ခဏခဏတွေးလွန်း စဉ်းစားလွန်းရင် ပိုလိုချင်လာမယ် .. ပိုလိုချင်လာတဲ့အတွက် ရအောင်ကြိုးစားမယ် .. ဒီလိုပေါ့ .. အိဖူးကတော့ အဲလိုပဲစဉ်းစားတာပဲ .. မှန်မမှန်တော့မသိပါဘူး .. ကဲ ထားပါတော့ ..

အိဖူးက တစ်ယောက်တည်းနေနေတဲ့အချိန်မှာဆို စိတ်ထဲမှာ စိတ်ကူးယဉ်လေ့ရှိတယ် .. ကျောင်းသွားဖို့ ကျောင်းကားစောင့်နေတဲ့နေရာမှာတို့ .. ကားသွားနေတုန်းတို့ .. အိပ်ခါနီးတို့ .. အဲလိုအချိန်တွေဆိုရင် စိတ်ထဲမှာ အလိုလိုဖြစ်ချင်နေတာတွေကို “ဖြစ်လာရင်”ဆိုပြီး တွေးတတ်ပါတယ် .. အမြဲတွေးဖြစ်တဲ့အကြောင်းအရာ စိတ်ကူးယဉ်အိပ်မက်လေးကတော့ အနားမှာ တူတူသွား တူတူလာ ချစ်ခင်နားလည်တဲ့ အတွဲတစ်ယောက်ရှိချင်တာပဲ .. အဲဒိတစ်ယောက်က ဘယ်သူလဲဆိုတာတော့ စိတ်ထဲမှာရည်စူးထားပြီးသား .. ဆိုလိုချင်တာက အဲဒိလူကိုပဲဖြစ်စေချင်တာပါ .. ခင်နေပေမဲ့ ဒိထက့်ပိုပြီး သူ့ကိုသိချင်သေးတယ် .. ဘယ်လိုပဲပက်သက်ရ ပက်သက်ရ အဲဒိလူနဲ့ပဲ အပေါင်းအဖော်ဖြစ်ချင်တယ် .. တခြားလူက တခြားတစ်မျိုးပေါ့ ..

သူနဲ့သာ ပိုခင်ရရင် ပိုနီးစပ်ရရင် ပိုနားလည်ရကြရင် .. တစ်ယောက်စိတ်ညစ်နေတဲ့အခါ နောက်တစ်ယောက်က ပျော်အောင်လုပ်ပေးကြမယ် .. စိတ်ဓါတ်ကျရင် အားပေးမယ် .. နှစ်ယောက်လုံးပျော်နေရင် တူတူရယ်ကြမယ် .. ၀မ်းနည်းရင် တူတူငိုမယ် .. အခက်အခဲကိစ္စတွေကို တူတူရှင်းကြမယ် .. အိမ်ကလည်း နီးရဦးမယ် .. ကျောင်းသွားကျောင်းပြန်စကားတွေပြောရဦးမယ် .. သီချင်းတူတူအော်ဆိုရဦးမယ် .. သူများတွေအားကျရလောက်အောင် ပျော်ရွှင်စရာကောင်းတဲ့ သူငယ်ချင်းအတွဲဖြစ်ရမယ် .. နှစ်ယောက်လုံးက လူတွေကြည့်ရတာ ၀ါသနာပါတော့ လူတွေကိုကြည့်ပြီး စကားကြီးစကားကျယ်တွေပြောရဦးမယ် .. တစ်ယောက်နဲ့တစ်ယောက်ပိုသိ ပိုနားလည်အောင် လုပ်ရဦးမယ် .. ကျောင်းမဟုတ်တဲ့ အပြင်တစ်နေရာရာကိုသွားရင်လည်း အဖော်ပြုလိုက်ပေးဦးမှာ .. အိမ်ချင်းနီးတော့ သွားလို့လာလို့အဆင်ပြေတာပေါ့ကွာ .. မိဘချင်းကလည်း ရင်းနှီးတော့ အေးဆေးပဲလေ .. တစ်ခါတစ်လေတော့ ရန်ဖြစ်ရဦးမယ် .. အိဖူးကတော့ ရန်ဖြစ်ရင် အရှိုက်ထိမဲ့စကားလုံးကို ရွေးပြောမှာ .. အားလုံးသိနေတဲ့အချင်းချင်းဆိုတော့ သူ့အရှိုက်ဘာလဲဆိုတာလောက်တော့ သိမှာပေါ့ .. ရန်ဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက်မခေါ်ကြရင် (စကားမပြောရတော့) နှစ်ယောက်လုံးပျင်းနေကြမယ် .. ကြာလာတော့လည်း အိဖူးဖြစ်ဖြစ် သူကဖြစ်ဖြစ် စချော့မှာပေါ့လေ .. အဲဒိအခါကျရင် ပုံမှန်ပြန်ဖြစ်သွားကြရော .. ပျော်စရာပဲနော် .. ..

အဲဒါအိဖူးရဲ့ စိတ်ကူးယဉ်အကြောင်းပေါ့ .. အမြဲတမ်းတွေးမိပါတယ် .. ခက်တာက သူနဲ့က အနေကလည်းဝေးတယ် .. အပြင်မှာရင်းရင်းနှီးနှီး ပက်သက်ဖို့လည်း မဖြစ်နိုင်ဘူး .. အဲဒါကြောင့်လည်း စိတ်ကူးသက်သက်ပဲဖြစ်နေတာပေါ့နော် .. ပြောခဲ့သလိုပဲ ခဏခဏတွေးလွန်းတော့ အဲလိုဘ၀မျိုးကို ပိုလိုချင်လာတယ် .. ရအောင်ကြိုးစားချင်ပေမဲ့ လိုချင်နေတာက သက်ရှိကြီးဖြစ်နေတော့လည်း ခက်သား ..

စိတ်ကူးသေးသေးငယ်ငယ်လေးအကြောင်းတော့ ရေးပြီးပြီ .. နန်းညီ ကိုဂျဲ ကိုဗီနဲ့ andy တို့ကော စိတ်ကူးငယ်ငယ်လား စိတ်ကူးကြီးကြီးလား .. tag ထားတာလေး ဖြေပေးကြပါဦး ..

Tuesday, December 16, 2008

အတွေးမတူသူ စကားပြောလို့မကောင်းသူ အလှမ်းဝေးသူ မချစ်ခင်သူ နားမလည်သူ

ကျွန်မကပဲ တစ်ဖက်သတ်ချစ်ခင်မိနေသည်လားမသိ .. သူငယ်ချင်းတစ်ယောက်က စကားကိုပြောချင်သလို မပြောချင်သလိုလုပ်နေသောအခါ အလွန်စိတ်ရှုပ်ရပါသည် .. ကျွန်မက သူ့ကိုယုံကြည်ထားသည်များ တစ်ခဏအတွင်းပျောက်ဆုံးသွားသည် .. လူတွေကို ယုံလို့မရနိုင်တော့ဘူးလား .. ကျွန်မကပဲ ကံဆိုးလို့လား .. ဘာတွေဖြစ်နေမှန်းမသိပါ ..

သူငယ်ချင်းမိတ်ဆွေဆိုတာ ဘာကိုခေါ်တာလဲ .. ကျွန်မအတွက်တော့ အတွေးမတူသူ .. စကားပြောလို့မကောင်းသူ ..အလှမ်းဝေးသူ .. ကျွန်မကိုမချစ်ခင်သူ .. ချစ်ခင်သော်လည်း နားမလည်သူများသာဖြစ်ပါသည် .. ထို့အတွက် ကျွန်မတွင် သူငယ်ချင်းမရှိပါ .. သူငယ်ချင်းဟုထင်မှတ်ထားသူများသူကလည်း တကယ်တမ်းတော့ မဟုတ်ခဲ့ပါ .. အတွေးအခေါ်တူကာ တွေးသမျှကို ပြောလို့ရမည့် ကျွန်မအနားတွင် စိတ်ဓါတ်ကျနေချိန်တွင် နားလည်အားပေးပြီး ကျွန်မကိုလည်း ချစ်ခင်မည့်သူတစ်ယောက်လိုအပ်ပါသည် ..

သူများကို နားလည်ပေးလွန်းသောကြောင့် ကျွန်မကိုနားမလည်ကြတော့တာများလား .. အဲလိုဆိုရင်တော့ သူတို့ကိုနားမလည်ပေးချင်တော့ပါ .. ကျွန်မစိတ်ချမ်းသာဖို့ဆိုရင်တော့ ဘာမဆိုလုပ်ပါမည် .. ဘယ်သူ့ကိုမှလည်း ဂရုမစိုက်ချင်ပါ ..

ကျွန်မသည် ထိုသူငယ်ချင်းနှင့် အလွန်ရင်းနှီးခဲ့ကြသည်(ဟုထင်ပါသည်) .. သူ၏ နှုတ်ဆိတ်မှုသည် ကျွန်မကို အသက်မရှုနိုင်အောင် စိတ်ကိုလေးပင်စေသည် .. ကျွန်မသူ့ကို ဘာတွေဒုက္ခပေးမိလဲ .. ကျွန်မသူ့ကို ဘာတွေပြောမိလဲ .. ကိုယ်တိုင်လည်း မမှတ်မိပါ ..
သူကျွန်မကို မလိုအပ်လောက်ဘူးဟု ကျွန်မသိရချိန်သည် ကျွန်မတို့နှစ်ယောက်ပျော်ပျော်ရွှင်ရွှင်နှင့် ရယ်စရာတွေပြောကာ သူကကျွန်မကို သီချင်းများဆိုပြနေချိန်လည်းဖြစ်ပါသည် ..

ရုတ်တရက်ပြောင်းလဲသွားသောအခြေအနေသည် တစ်ယောက်ယောက်အမှားလား သူကျွန်မကိုတကယ်မလိုအပ်သောကြောင့်လား .. မသိပါ .. သိလည်းမသိချင်ပါ .. ကျွန်မမှားယွင်းသွားတာဆိုလျှင် ကျွန်မခံနိုင်သေးသည် .. သူမလိုအပ်လို့ပါဆိုလျှင်တော့ ကျွန်မ ခံနိုင်မည်မဟုတ်ပါ .. ထိုသို့ဖြစ်သွားသည့် အချိန်မှစကာ အဲဒိအကြောင်းပဲတွေးနေမိသည် ..

အခိုက်အတန့်အားဖြင့်တော့ သူ့ကိုမုန်းမိပါသည် ..

Sunday, December 7, 2008

လက်သည်းနီကြိုက်သောကျွန်မ

ကျွန်မသည် လက်သည်းနီဆိုးရခြင်းကို အလွန်နှစ်သက်ပါသည် .. လက်သည်းနီဆိုးပြီဆိုလျှင် စဆိုးသောအချိန်မှ နောက်တစ်လနှစ်လအတွင်းအချိန်အထိ လက်သည်းပေါ်တွင် အရောင်တစ်ရောင်ရောင်စွန်းထင်နေတတ်သည် .. အနီရောင် အမည်းရောင် အညိုရောင် အစိမ်းရောင် အ၀ါရောင် အုပ်ခဲရောင် မီးခိုးရောင် အဖြူရောင် ခရမ်းရောင် အပြာရောင် အကြည်ရောင် အရောင်စုံစွာရှိပါသည် .. ထို့ပြင် ပန်းရောင်နုနု ပန်းရောင်ရင့်ရင့် ခပ်ဖျော့ဖျော့အရောင် .. မရှိသေးသောအရောင်မှန်သမျှကိုလည်း နှစ်သက်စွာ ၀ယ်ယူစုဆောင်းလေ့ရှိသည် .. fancy shop တွေကိုရောက်လျှင် ကျွန်မအရင်ဆုံးကြည့်သောပစ္စည်းမှာ လက်သည်းနီဖြစ်တတ်သည် ..

မှတ်မှတ်ရရ ပထမဆုံးလက်သည်းနီကို အဒေါ်တစ်ယောက်ဆိုးပေးခြင်းဖြစ်ပါသည် .. ထိုအဒေါ်က ဆံပင်ညှပ်ဆိုင်ဖွင့်ထားသူမို့ အလှပြင်ပစ္စည်းစုဆောင်းမိသူလည်းဖြစ်သည် .. ထိုတုန်းက ကျွန်မငါးတန်းလောက်ပဲရှိသေးသည် .. ထိုအဒေါ်က နယ်မှရန်ကုန်သို့လာတုန်းက ကျွန်မတို့အိမ်မှာနေပါသည် .. ငယ်ငယ်ကတည်းက ကျွန်မကိုထိန်းခဲ့သောကြောင့် တူဝရီးနှစ်ယောက်အလွမ်းသင့်နေကြသည် .. ထိုအဒေါ်ကို ကျွန်မက “မြင့်”ဟု နာမည်ကိုအတိုကောက်ဖြတ်ခေါ်သည် .. မြင့်က နယ်မပြန်ခင်တစ်ညတွင် သူဝယ်လာသောလက်သည်းနီကို အရောင်စမ်းပြီး ကျွန်မလက်သည်းများပေါ်တွင် ဆိုးပေးခဲ့သည် .. ထိုခေတ်က လက်သည်းနီများမှာ အခုခေတ်လိုတော့ အရောင်မစုံပါ .. အနီရောင် ပန်းရောင်ကိုပဲ အနုအရင့်များသာကွာခြားခြင်းဖြစ်ပါသည် .. မြင့်ဆိုးပေးသောအရောင်မှာ အနီရောင်စစ်စစ်ဖြစ်သည် .. ကျွန်မအလွန်ကြိုက်လေသည် .. အစကတည်းက အနီရောင်ကြိုက်သူမို့ လက်သည်းလေးများနီရဲနေသည်ကို ကြည့်မ၀ဖြစ်နေခဲ့သည် ..

နောက်တစ်နေ့ မြင့်ကပြန်သွားလေပြီ .. ကျွန်မလည်း ကျောင်းတက်သည် .. အတန်းပိုင်ဆရာမက လက်သည်းနီဆိုးထားတာကို တွေ့သွားကာ နောက်နေ့တွင် လက်သည်းနီကိုဖျက်ခဲ့ရန်ပြောသည် .. ခေါင်းမာစွာဖြင့် ကျွန်မမဖျက်ခဲ့ပါ .. ကျွန်မသိပ်ကြိုက်သည်မဟုတ်လား .. မဖျက်ပါ .. နောက်နေ့ဆရာမခေါ်တော့ နားရွက်အလိမ်ဆွဲခံ .. ခေါင်းခေါက်ခံကာ ဒီတိုင်းနေသည် .. နောက်နေ့တွင် မေ့လာလို့ဟုပြောသည် .. နောက်ထပ်တစ်နေ့တွင် အိမ်တွင်ဖျက်ဆေးမရှိလို့ဟုပြောသည် .. ထိုအခါတွင်တော့ ဆရာမက ကျွန်မအကြောင်းသိသွားလေသည် .. ဖျက်ဆေးကိုဝယ်လာကာ သူကိုယ်တိုင်မုန့်စားကျောင်းဆင်းချိန်တွင် ဖျက်ပေးသည် .. ဒါတောင် ကျွန်မက၀မ်းနည်းမိသေးသည် ..

ထို့နောက်တွင်တော့ လက်သည်းနီများကို စိတ်ဝင်စားမိသည် .. ပထမဆုံးလက်သည်းဆိုးဆေးပုလင်းကို စ၀ယ်တာ အသစ်ပေါ်လာသော (ဘာအရောင်မှမပါသည့် .. လက်သည်းများကိုသာတောက်ပြောင်စေသည့် ..)အကြည်ပုလင်းလေးများကြောင့်ဖြစ်သည် .. ထိုလက်သည်းပုလင်းကို ၀ယ်ပြီး ကျွန်မတစ်အိမ်လုံးကိုလိုက်ဆိုးပေးတာမှတ်မိသည် .. ဖေဖေမေမေပါမကျန် အကုန်လုံးကို ဆိုးပေးသည် .. နောက်ရှစ်တန်းရောက်တော့ လက်သည်းအမည်းပုလင်းတွေ စတင်ခေတ်စားလေပြီ .. သို့သော် လသာ(၂)အထက်တန်းကျောင်းတွင် လက်သည်းအမည်းကို လက်သည်းတစ်ပြင်လုံးစဆိုးတဲ့လူသည် ကျွန်မဖြစ်ခဲ့သည် ..

၉ တန်း ၁၀ တန်းတွင် ဗဟန်း(၂)ရောက်သွားတော့ ကျွန်မအမည်းမဆိုးတော့ပါ .. ထိုအချိန်တွင် တော်တော်များများက Punk style အနေဖြင့် အမည်းကိုဆိုးစပြုနေပြီ .. ကျွန်မက ငါးတန်းတုန်းက စဆိုးခဲ့သောအရောင် အနီရောင်စစ်စစ် အရောင်စိုစိုကိုဆိုးသည် ..

တစ်ခါတစ်လေတော့လည်း ငြီးငွေ့ဖို့တော့ကောင်းတာအမှန် .. လက်သည်းတွေဆိုးလွန်းအားကြီး .. လက်သည်းနီပုလင်းတွေဝယ်လွန်းအားကြီးတော့ မေမေကအမြင်ကတ်သည် .. “လက်သည်းတွေပျက်စီးမယ်” ဟုလည်း မကြာခဏပြောလေ့ရှိသည် .. ထိုအခါ လက်သည်းကိုဖျက်ပြီးရင် ရေနွေး .. သံလွင်ဆီ .. ဆပ်ပြာမှုန့်တို့ဖြင့် ခြေတွေလက်တွေကို စိမ်ရသည် .. ဒါမှလည်း လက်သည်းခြေသည်းမပျက်စီးမှာမဟုတ်လား .. ကျွန်မက ဆိုးရင်လည်း လက်ဆယ်ချောင်းလုံးနှင့် ခြေထောက်ဆယ်ချောင်းလုံးဆိုးလေ့ရှိတာမို့ ဖျက်ပြီဆိုလည်း အလုပ်ရှုပ်သည် .. ရေနွေးစိမ်ဖို့ ရေနွေးအိုးတည် ဘာညာတွေကလည်းလုပ်ရတော့ ပျင်းသည် .. အလှပြင်ဆိုင်တွေမှာ ပိုက်ဆံပေးပြီး သက်သက်သာသာလုပ်ဖို့ကလည်း ကျွန်မက ခဏခဏဆိုးလိုက်ဖျက်လိုက်နှင့်မို့ မွဲသေသွားနိုင်သည် ..

ပထမဆုံးကျွန်မနှင့်စတွဲသောကောင်လေးသည် ကျွန်မလက်သည်းနီဆိုးတာကို မကြိုက် .. အရောင်တစ်ရောင်ရောင်ဆိုးထားသည်ကိုမြင်လျှင် “ဘာတွေလုပ်ထားပြန်ပြီလဲ” ဟုပြောလေ့ရှိသည်ကိုသာမှတ်မိတော့သည် .. အရေးမကြီးပါ .. သူနှင့်တွဲတွဲမတွဲတွဲ ကျွန်မကတော့ လက်သည်းကိုအရောင်တင်မည်သာဖြစ်သည် .. ဒုတိယကျွန်မကိုကြိုက်သောအစ်ကိုကြီးတစ်ယောက်ကတော့ ကျွန်မကိုလက်သည်းနီတစ်ပုလင်းလက်ဆောင်ပေးမည်ဟု ပြောခဲ့ဖူးသည် .. သူရည်းစားရရင် အဲဒိလိုအရောင်လေးသူ့ရည်းစားကိုပေးမည်ဟု သူက စိတ်ကူးယဉ်ထားသည်တဲ့ .. ကျွန်မသူ့ကို ရယ်ခဲ့သေးသည် .. နောက်တော့ အကြောင်းကြောင်းကြောင့် ထိုအစ်ကိုကြီးနှင့်လည်း မတွေ့ဖြစ်တော့သောအခါ ကျွန်မလည်း လက်သည်းနီပုလင်းလေးကိုမရတော့ပါ .. ကိစ္စမရှိပါ .. ကျွန်မတွင် လက်သည်းနီပုလင်းတွေအများကြီးရှိတာကို သူမသိခြင်းကြောင့်ဖြစ်ပါလိမ့်မည် .. နောက်ဆုံးတတိယတွဲခဲ့သောတစ်ယောက်ကတော့ ကျွန်မ၏လက်သည်းနီရောင်များကို ဆုံးဖြတ်ပေးတတ်သည် .. “အရောင်စုံဆိုးခဲ့စမ်းပါ” ဟုခဏခဏပြောသောကြောင့် တစ်ရက်တွင် ရွဲ့ပြီးလက်ဆယ်ချောင်းကို အရောင်ဆယ်ရောင်ဆိုးသွားသည် .. ထိုအခါ သူက ဘယ်အရောင်ကလှသည် .. ဘယ်အရောင်က ကျွန်မလက်နှင့်လိုက်သည်ဟု ပြောကာ နောက်နေ့တွင် သူဆုံးဖြတ်ထားသော ထိုအရောင်ကိုဆိုးခိုင်းသည် .. ကျွန်မမဆိုးပါ .. ဆယ်ချောင်းလုံးအရောင်တစ်ရောင်တည်းထက် ဆယ်ချောင်းဆယ်ရောင် အရောင်စုံကို ပိုကြိုက်သွားသောကြောင့်ဖြစ်ပါသည် .. သူနှင့်လည်းမတွဲတော့သောအခါ ကျွန်မဘာအရောင်မှလည်း မဆိုးဖြစ်တော့ပါ .. ဘာအရောင်မှမဆိုးခြင်းဖြစ်ပါသည် လက်သည်းနီမဆိုးခြင်းမဟုတ်ပါ .. အခုနေကြည့်ရင် ကျွန်မလက်သည်းလေးတွေ တောက်ပြောင်နေတာကို တွေ့ရမည်သာ ..

လမ်းဆုံများ

အမုန်းစာရင်း ... တစ်လောကလုံးပဲလားမသိပါဘူး .. ကိုယ်အဆင်မပြေနေတဲ့အချိန်ဆိုရင် အကုန်မုန်းတယ် .. ပူနေတဲ့နေကိုလည်း မုန်းတယ် .. ကားတွေကျပ်တာကိုလည်း မုန်းတယ် .. ရယ်နေတဲ့ ကောင်လေးကောင်မလေးတွေကို မုန်းတယ် .. စောင့်နေရတာကို မုန်းတယ် .. လက်ချင်းတွဲသွားတဲ့အတွဲတွေကို မုန်းတယ် .. ရှင်းရှင်းပြောရရင် ပျော်နေတဲ့လူတွေကိုမုန်းတယ် .. (ကိုယ်မပျော်နေတဲ့အချိန်ဆိုပြောပါတယ်)

ချစ်တဲ့လူတွေ .. ကိုယ့်နားပတ်ဝန်းကျင်က ထဲထဲဝင်ဝင်ပတ်သက်တဲ့လူတွေကို ချစ်တယ် .. ကိုယ့်ကိုနားလည်ပေးနိုင်တဲ့လူတွေကို ချစ်တယ် .. စိတ်ညစ်ရင် အားပေးတဲ့လူတွေ .. ဒေါသထွက်နေရင် အတူတူပေါက်ကွဲပေးတဲ့သူတွေ .. စိတ်ဓါတ်ကျရင် မြှင့်တင်ပေးနေကျသူငယ်ချင်းတစ်ယောက် ..နောက်ထပ်သူငယ်ချင်းတွေ .. အပြင်သူငယ်ချင်း အွန်လိုင်းသူငယ်ချင်းနဲ့ .. အပြင်အစ်ကိုအစ်မ အွန်လိုင်းအစ်ကိုအစ်မတွေ .. အားလုံးကိုချစ်ပါတယ် .. (အားလုံးကိုချစ်ပါတယ်လို့ပြောနေရင် စိတ်ကြည်လင်လို့ပဲလို့သာ သတ်မှတ်ပါ)

သူများအတွက်တွေးတတ်တာ .. သူငယ်ချင်းတွေချစ်ကြတာ အဲဒါကြောင့်လေ .. အတူတူတွဲနေတဲ့သူငယ်ချင်းတွေက သူတို့ကိစ္စဘာမဆိုပြောပြပြီး တိုင်ပင်လေ့ရှိတာ ကျွန်မတစ်ယောက်တည်းရှိတယ် .. အတိုင်ပင်ခံပုဂ္ဂိုလ်ပေါ့ကွာ .. ရှိသလောက်ဦးနှောက်ကို ဖြစ်ညှစ်ထုတ်ပြီး သူတို့ကိုအကြံပေးလေ့ရှိတယ် ..

ကိုယ့်အတွက်ကိုယ်သိတတ်တာ ..သူငယ်ချင်းတိုင်းက ပြောပြတော့ သူတို့ရဲ့ကိစ္စအ၀၀ကိုသိတာလည်း ကျွန်မတစ်ယောက်တည်းပေါ့ .. ဒါ့ကြောင့် သိထားသမျှကိစ္စတွေကိုလည်း ပြန်လှန်အသုံးချတယ်လေ .. ကိုယ့်အကျိုးအတွက်ပေါ့ .. သူများအကျိုးဆောင် ကိုယ့်အကျိုးအောင်ဆိုတဲ့ဆောင်ပုဒ်ကို လက်တွေ့အသုံးချတာလေ ..

ဒါက အထင်ရှားဆုံးလမ်းဆုံတွေပေါ့ ..

သံတန်းနှင့်မိတ်ဆက်ခြင်း

သောကြာနေ့က အိဖူးရေသွားကူးတယ် .. အဲဒိနေ့က ကန်မှာ လူတွေအများကြီးပဲ .. လူများတာနဲ့ရေကူးတာဘာဆိုင်လဲဆိုတော့ .. အဟင်းဟင်း .. ဇာတ်လမ်းက ဒီလိုလေ ..

လူများတော့ ကူးရတာ ဟိုရှောင်ဒီရှောင်တွေရှိလာရော .. အဲဒါနဲ့ အစကတော့ ကူးနေတာအကောင်းပါပဲ .. အဲဒိတစ်ခါကျတော့ ရေကန်ဘောင်ကနေ ကန်ပြီးထွက်လိုက်ကတည်းက အိဖူးကူးမဲ့လမ်းကြောင်းမှာ ကောင်မလေးတစ်ယောက်ကိုတော့ တွေ့မိသား .. ကိုယ်ဖော့ကျင်နေတာလား ဘာလားမသိပါဘူး .. ယက်ကန်ယက်ကန်နဲ့ .. နောက်အသက်ရှုဖို့ ခေါင်းမော့လိုက်တော့ မရှိတော့ဘူး .. အဲဒါနဲ့ အော်မရှိတော့ဘူးပေါ့ ..
လမ်းရှင်းသွားပြီပေါ့လို့တောင် တွေးမိသေး ..

နောက်မှ သူ့ကိုပထမတွေ့တဲ့နေရာနားမှာ အသက်ရှုဖို့ ခေါင်းထပ်မော့လိုက်တော့ အဲဒိကောင်မလေးကို ဘွားခနဲပြန်တွေ့တယ် ..(လက်စသတ်တော့ ဒင်းက ကိုယ်ဖော့ကျင့်ရင်း အိဖူးကြည့်လိုက်တဲ့အချိန်တုန်းက မြုပ်သွားတာကိုး) အဲဒါနဲ့ လန့်ပြီး သူ့ကိုကွေ့ရှောင်လိုက်တာ ဒေါ်ရွှေဖူးတို့ ရေကန်ဘောင်က လက်ကိုင်သံတန်းနဲ့ဆောင့်ပါလေရော ..

ရေထဲမှာမို့လို့ပဲ မျက်ရည်တွေဘာတွေဝဲသွားတာ .. အရင်ကဆို ရေကူးရင် ကိုယ့်ဟာကိုယ်ကန်ဘောင်နားရောက်ခါနီးရင် ရပ်လိုက်ရောလေ .. ပက်လက်ကူးကူး မှောက်ရက်ကူးကူး ခေါင်းလည်း မဆောင့်ဘူး .. နှာခေါင်းလည်းလည်းမဆောင့်ဘူးပေါ့ .. အခုတော့ ကိုယ်ဖော့အကျင့်ကောင်းတဲ့ ကောင်မစုတ်လေးလုပ်တာ နှာခေါင်းရိုးကဖုသွားတာပေါ့ .. အတူတူကူးတဲ့ အစ်မတစ်ဝမ်းကွဲမြတ်နိုးကို ပြောပြပြီး ရီနေပေမဲ့ တော်တော်နာနေတာ .. ဆက်ကူးတာ ခေါင်းတွေမူးနေလို့ .. အစောကြီးတက်လာရတယ် .. ဆောင့်တဲ့နေရာကလည်း နေရာကောင်းလေ .. မျက်လုံးနှစ်လုံးကြားက နှာခေါင်းနေရာမှာ ..

ညကျတော့ ခေါင်းမူးလို့ အစောကြီးအိပ်တာတောင် နောက်နေ့ကျတော့ ဆေးခန်းသွားပြရတယ် .. ဆေးခန်းက ဆရာဝန်က ရီတယ် .. ဖြစ်မှဖြစ်ရလေတဲ့ .. (မုန်းစရာကြီး ..) ဒါတောင် ဆေးခန်းသွားပြတဲ့နေ့က ခေါင်းမူးမူးကြီးနဲ့ပဲ တစ်ယောက်တည်းဖိနပ်သွားဝယ်လိုက်သေးတယ် .. နောက်မှသွားရင်မရှိတော့မှာစိုးလို့လေ ..မေမေက ဒါကျတော့သွားနိုင်တယ်နော်တဲ့ .. (ပြောတော့လည်းခံပေါ့)

နောက်တစ်ခါများ ရေကူးလို့လူများရင် သူများတွေကူးသလို အလျားလိုက်တွေ အနံလိုက်တွေမကူးတော့ပါဘူး .. ကန်ကို ကန့်လန့်ဖြတ်ပြီးပဲကူးတော့မယ် .. ဒါတောင် အခန့်မသင့်ရင် ကန်လယ်မှာ လူချင်းချိတ်နေမှာထင်တယ် .. ဆိုးပါနော် ..

Tuesday, December 2, 2008

ကျောင်းစတက်တဲ့နေ့

အိဖူးကျောင်းစတက်တဲ့နေ့က သူများတွေထက် နှစ်ပါတ်လောက်နောက်ကျတယ်
ဘာလို့လဲဆိုတော့ .. ကျောင်းဖွင့်နေတာကို မသိလို့လေ .. (ဖြစ်တတ်ပါတယ်) အဲဒိအချိန်တုန်းက
ရန်ကုန်မှာ ကိစ္စတွေများပြားရှုပ်ထွေးနေတဲ့အချိန်ဆိုတော့ တက္ကသိုလ်ကျောင်းတွေဖွင့်မဲ့ရက်ကို
မကြေညာဘူးလေ .. အဲဒါနဲ့ပဲ အိဖူးလည်း မသိလိုက်မိဘူးပေါ့ (အိဖူးအပြစ်မဟုတ်ဘူးနော်)
သိရတာကလည်း ဒီလို .. တစ်နေ့ မေမေ့သူငယ်ချင်းတစ်ယောက် အိမ်လာတယ် ..
စကားဆက်စပ်ရင်းနဲ့မှ သူ့တူမကလည်း စီးပွားရေးတက္ကသိုလ်ပဲတက်တာ .. မော်လမြိုင်ကနေ ဒီကိုရောက်နေတာ ကြာပြီ .. ကျောင်းတက်နေရပြီဆိုတော့မှ သိရတာ .. အဲဒိဧည့်သည်သာ မလာရင် အိဖူးတစ်ယောက်တော့ ငုတ်တုတ်မေ့နေတော့မှာပဲ..
အဲလိုနဲ့ နောက်နေ့ကျတော့ မေမေရယ် ကိုကိုရယ် အိဖူးရယ် ကျောင်းသွားကြတယ် .. ကျောင်းတွေဘာတွေအပ်ပြီးတော့ ကိုကိုနဲ့ ကျောင်းထဲမှာ လျှောက်ကြည့်ကြတယ် .. ကိုကိုကအရင် သူငယ်ချင်းတွေနဲ့ရောက်ဖူးတော့ သူ့ကိုခေါ်လာတာမမှားဘူးပေါ့ .. ကန်တင်းမှာ မုန့်စား၊ တက်ရမဲ့အခန်းလိုက်ရှာတော့ .. လသာ(၂)မှာတက်တုန်းက ခြောက်တန်းကခင်ခဲ့တဲ့ သူငယ်ချင်းသင်ဇာ့ကိုတွေ့လိုက်တယ် .. မဆိုးဘူးပေါ့ .. ကျောင်းအပ်တော့လည်း ယောင်လည်လည်မဖြစ်သလို .. နောက်နေ့လာရင်လည်း တွဲစရာလူမရှိမှာ မပူရတော့ဘူးလေ .. အဲဒိနေ့က အိဖူးကျောင်းမတက်ဘူး .. ပျင်းနေသေးလို့မေမေတို့နဲ့အိမ်ပြန်လိုက်လာတယ် .. အိမ်ပြန်ရောက်တော့ ကိုကိုနဲ့ကျောင်းကားသွားစုံစမ်းတယ် .. ကိုကိုကသူ့သူငယ်ချင်းအစ်မကြီးတစ်ယောက်နဲ့ မိတ်ဆက်ပေးတယ် .. အဲဒိအစ်မကြီးက နောက်ထပ် သူနဲ့အခန်းမှာ တူတူနေတဲ့ ပထမနှစ်ကောင်မလေးနဲ့ ထပ်မိတ်ဆက်ပေးတယ် .. မွန်မလေးပေါ့ .. မနက်ဖြန် ကျောင်းသွားရင် အဖော်ရပြန်ပြီ .. သူကကျောင်းတောင်မအပ်ရသေးဘူးဆိုပဲ ..(ကောင်းပါတယ် ဆရာလုပ်လို့ရတာပေါ့)
မနက်ကျတော့ လမ်းထိပ်မှာ မွန်မလေးကို ၀င်ခေါ်ပြီးတော့ နှစ်ယောက်သားကျောင်းကို ဘတ်စ်ကားနဲ့လစ် ..
ကျောင်းရောက်တော့ ကျောင်းသားရေးရာဌာနမှာသူကကျောင်းအပ်တော့ စောင့်ပေးနေရသေးတယ်
နောက်မှသူဘာလို့ အတူတူစောင့်ခိုင်းလဲသိတယ် .. ကျောင်းအပ်ဖို့ form ဖြည့်ရတာ သူကမှန်အောင်မဖြည့်တတ်ဘူးဗျို့ .. အိဖူးကိုလာလာမော့ကြည့်နေတော့ မနေနိုင်ဘူး .. တစ်ခုချင်းစီသူ့ကိုမေး .. အိဖူးကဖြည့်ပေးနဲ့ ..
သူဖြည့်နေတာများစောင့်နေရင် ညနေသုံးနာရီထိုးသွားမှာပဲ .. အဲဒိမှာပဲကြားဖြတ်ပြောစရာရှိလာပြီ .. ဒီအရွယ်ကြီးပဲရောက်နေပြီ .. form မဖြည့်တတ်တာကတော့လွန်တယ်ထင်တယ် ..
အရင်က ကျောင်းအပ်ရင် အမေအဖေတွေကပဲဖြည့်ပေးသလားမသိ ..အိဖူးတို့မေမေဆိုရင် ကျောင်းတွေဘာတွေအပ်ရင်လိုက်တော့လိုက်လာပါရဲ့ .. ဘာမှလိုက်မလုပ်ပေးဘူး .. ဓါတ်ပုံကပ်တာကော ..
ကျောင်းအလှူငွေထည့်တာကော .. form ဖြည့်တာကော .. အကုန်ကိုယ့်ဟာကိုယ်လုပ်ရတယ် .. ကိုယ်တိုင်လက်တွေ့လုပ်တာ ကောင်းမှန်းအခုမှသိတယ် .. (မေမေ့ကိုချစ်လိုက်တာ)
form တွေဘာတွေဖြည့်ပြီးတော့ သူ့အခန်းက ၅/၂ တဲ့ .. အိဖူးက ၁/၁ .. ရန်ကုန်စီးပွားရေးမှာ အခန်းခွဲတာဒီလိုလေ .. ပထမနှစ်မှာ အဆောင် ၆ ဆောင်ရှိတယ် .. အဆောင် ၁ ဆောင်မှာ အခန်း ၄ ခန်း ..
အဆောင်နံပါတ် ၆ က repeater တွေထားတာ .. သူက အဆောင် ၅ .. အခန်း ၂ ပေါ့ ..
အိဖူးက ၁/၁ ဆိုတော့ အဆောင် ၁ အခန်း ၁ ပေါ့ .. အဲဒါနဲ့ သူ့အခန်းကိုလိုက်ပို့ရသေးတယ် ..
ကိုယ်ကရှည်တော်မူပြီး သူ့ကိုဦးဆောင်ခေါ်လာမိတာကိုး .. သူ့အခန်းပို့ပေးပြီးတော့မှ ကိုယ့်အခန်းကိုယ်လာရတယ် .. အတန်းထဲမှာ စာသင်နေတယ် .. အိဖူးက တံခါးပေါက်နားက နေရာလွတ်မှာ ၀င်ထိုင်လိုက်တာပေါ့ .. အဲဒိနားက ဘယ်သူမှမရှိဘူးလေ .. အကုန်လုံးက ရှေ့မှာပဲစုနေကြတာကိုး .. စိတ်ထဲတောင်တွေးလိုက်မိသေးတယ် ...“သြော် .. ကြိုးစားလှချည်လား”ပေါ့ ..ဆရာမကလည်း ၀င်လာတာမြင်တော့ ဘုကြည့်လှမ်းကြည့်တယ် .. ပြီးတော့ပြန်လှည့်သွားပြီး ..စာဆက်သင်နေရော .. ၀င်သာဝင်လာတာ ဖတ်စာအုပ်ကလည်း မ၀ယ်ရသေးဘူး .. တူတူကြည့်မဲ့လူကလည်း ဝေး .. အနားမှာဘယ်သူမှတောင်မရှိဘူး .. ဒုက္ခ ဒုက္ခ ဘယ်သူ့ဆီကငှားရမှန်းမသိတော့ အသာလေးပြန်လစ်ထွက်လာခဲ့တယ် .. ဒီတစ်ချိုန်တော့ပြီးအောင်စောင့်လိုက်ဦးမယ်လို့
တွေးပြီး အပြင်မှာ ထွက်ထိုင်နေလိုက်တာပေါ့ .. အပြင်မှာ စောင့်နေတုန်း .. ခေါ်သံကြားလို့ကြည့်လိုက်တော့
ဗဟန်း(၂)မှာတွဲတဲ့သူငယ်ချင်း ညှာညှာကိုတွေ့ပြန်ရော ..
ကောင်းမှကောင်းပဲ .. အတန်းကလည်း ပြီးသွားတော့ အခန်းထဲက သင်ဇာထွက်လာတယ်
ညှာညှာနဲ့ သင်ဇာ့ကိုမိတ်ဆက်ပေးပြီး ကင်တင်းသွားကြ .. ခုနက အတန်းထဲမှာ
အရှေ့ကိုအကုန်လူတွေစုနေတဲ့အကြောင်းက ဆရာမက နောက်မှာမထိုင်ခိုင်းပဲ ရှေ့ကိုတက်ခိုင်းထားလို့တဲ့ .. ဆရာမကအိဖူးကိုဘုကြည့်ကြည့်တာ ... ဒါ့ကြောင့်ကိုး .. သိမှမသိတာနော် (ခွင့်လွှတ်ပါ ချာမရယ်)
အဲဒိနောက်တော့ ပထမဆုံးတက္ကသိုလ်စတက်တဲ့နေ့မှာ အတန်းတစ်ချိန်မှမတက်ပဲ ကျောင်းဝန်းထဲမှာ
လေ့လာရေးထွက်ခဲ့ကြတယ်လေ .. ဘောလုံးကန်တဲ့နေရာ .. ဒုစရိုက်အဆောင် ..
နှာဘူးကုန်း .. အို အစုံပဲ ..
ဘယ်ဆိုးလို့လဲနော် .. ..

Friday, November 28, 2008

ကိုဗီ tag ထားတာကို ဖြေခြင်း

ကိုယ့်ကိုကိုယ်မကြိုက်တဲ့ (၁၀) ချက် ...တော်တော်များများထွက်လာမလားပဲနော် .. အဆိုးဆုံးလေးတွေချရေးတာပေါ့ ..

(၁) အတွေးခေါင်လွန်းတာကို မကြိုက်ဘူး
အဲဒိကိစ္စက ငယ်ငယ်ကတည်းက လူကြီးတွေပြောလေ့ရှိတယ်။ “ဘာကိုဘယ်လိုတွေးနေမှန်းမသိဘူး”တဲ့။ ငယ်ငယ်ကတော့ ခံပြင်းရမှန်းမသိပေမဲ့ နည်းနည်းကြီးလာတော့စိတ်ထဲမှာ ကသိကအောက်ဖြစ်လာတယ် .. အခုတော့ တွေးခေါ်တာတွေက အရင်ကလောက်တော့ မကြောင်တော့ပါဘူးလေ .. ဆက်စပ်တွေးခေါ်မှုတွေ တိုးတက်လာတာပေါ့ .. ဒါပေမဲ့လည်း ခက်တယ်နော် .. တွေးတယ်ဆိုတာ ကိုယ်တစ်ယောက်တည်းလုပ်နေတဲ့အလုပ်မဟုတ်လား .. ကိုယ်တွေးတာ မှားနေလား လမ်းလွဲနေလား ကိုယ့်ဟာကိုယ်ဘယ်လို ပြန်စဉ်းစားမိမှာလဲဟုတ်တယ်မဟုတ်လား ..

(၂) အပြောအဆိုမတတ်တာကို မကြိုက်ဘူး
လူကြီးတွေနဲ့ ငယ်ငယ်ကဆို စကားပြောလေ့မရှိဘူး .. သူငယ်ချင်းတွေနဲ့ဆို အိဖူးက စကားအများဆုံးပဲ .. ဒါပေမဲ့ ဆွေမျိုးထဲက ကြောက်ရတဲ့လူတွေဆို ဝေးဝေးကရှောင်တယ် ..စကားပြောရမှာစိုးလို့လေ .. ပြောရမှာကို ကြောက်တာမဟုတ်ဘူး .. လူကြီးတွေကို မပြောသင့်တာများပြောမိလေမလား .. အဲလိုဆို ဆူခံထိမှာလား .. ထုံးစံအတိုင်း အတွေးခေါင်ပြီး စကားမပြောဘူး .. အခုအသက်ကြီးလာတော့ ပြောတော့ပြောရဲလာပါတယ် .. ပြောရဲပြန်တော့ အပေါက်အလမ်းကမတည့်၊ ဇာတ်လမ်းကလည်နေပြီးဘာတွေပြောမိမှန်းမသိဘူး .. စိတ်ညစ်ပါ့အခုတော့ သတ္တိတွေရှိနေပါပြီ ..

(၃) သတိမရှိ စိတ်နဲ့လူနဲ့ လမိုင်းမကပ်တာကို မကြိုက်ဘူး
အဲဒိကိစ္စကတော့ အမြဲတမ်းဆူခံထိတဲ့အကြောင်းအရာခေါင်းစဉ်တစ်ခုပေါ့ .. စာအုပ်ဖတ်နေတယ် .. စာအုပ်ဖတ်နေတုန်း မေမေက တစ်ခုခုခိုင်းတယ် .. ဥပမာ အ၀တ်လျှော်စက်လည်ဖို့ပေါ့ .. စာအုပ်ထဲစိတ်ပါနေတော့ ဆူမှာစိုးလို့သာ ထလုပ်တာ စိတ်က စာအုပ်မှာပဲကျန်ခဲ့တယ် .. အ၀တ်လျှော်စက်ထဲရေဖြည့်ပြီးတော့ ပလပ်တပ်ထားလား ဘာလား မကြည့်တော့ဘူး ..မေမေလာကြည့်တော့မှ လျှော်စက်ကမလည်တော့ ဆူတာပေါ့ .. အဲလိုမျိုးတွေဖြစ်လွန်းတော့ မေမေက “ဘာမှလည်း စိတ်ချလက်ချခိုင်းလို့မရပါလား ” လို့ ပြောရော .. အဲလိုကျတော့လည်းစိတ်မကောင်းဘူပေါ့ ..(မမေ့တတ်အောင် တရုတ်သရဲကားထဲကလို နဖူးမှာ စာကပ်ထားမှဖြစ်တော့မယ်ထင်တယ်)

(၄) တစ်ခါတစ်လေ ကိုယ့်ကိုကိုယ်အထင်ကြီးလွန်းတာကို မကြိုက်ဘူး
စာမေးပွဲဖြေခါနီးဆို အဲဒိစိတ်မျိုးခဏခဏဖြစ်တယ် .. ဘယ်လိုပြောရမလဲ .. သူငယ်ချင်းတွေနဲ့စာစုကျက်တယ်ပေါ့ .. အဲဒိအခါကျရင် ကိုယ်က စာကိုအရင်ရတယ်ဆိုရင် “ငါတယ်ဟုတ်ပါလား” ..သူငယ်ချင်းတွေကလည်း ဥာဏ်ကောင်းတယ် ဘာဖြစ်တယ်နဲ့ ပြောတာပေါ့ .. အဲလိုဆို နည်းနည်းမြှောက်သွားတယ် .. ပြီးရင် သူတို့ကျက်နေတုန်း ကိုယ်က မကျက်တော့ပဲ ဟိုလုပ်ဒီလုပ်နဲ့ .. အေးဆေးပါဆိုတဲ့စိတ်ကြီးဝင်သွားရော .. ခက်တယ် .. ကိုယ်ဆက်ကျက်နေရင်ပိုရတာပေါ့နော် .. စာမေးပွဲဖြေတော့ တစ်လုံးတောင် မကျန်ပဲဖြေနိုင်မှာပေါ့ .. အခုတော့ စိတ်ကြီးဝင်ပြီး ဆက်မကျက်တော့ စာမေးပွဲခန်းထဲရောက်တော့ဖြေတော့ဖြေနိုင်ပါရဲ့ .. ဟိုတစ်လုံးကျန် ဒီတစ်လုံးကျန်တွေနဲ့ ..

(၅) မျိုသိပ်ထားတာကို မကြိုက်ဘူး
စိတ်ထဲခုစရာတွေ ဘာတွေရှိလာပြီဆိုရင် (စိတ်ခုတဲ့လူကလည်း ကိုယ့်အပေါင်းအသင်းဆိုရင်) မျိုသိပ်နေမိတတ်တယ် .. ဘာမှမပြောပဲနေပါများတော့ စိတ်ထဲမှာတင်းတင်းကျပ်ကျပ်ကြီးပေါ့ .. ကိုယ်ပဲဒုက္ခများတော့ ကိုယ့်ဟာကိုယ်ပဲပြင်ရမှာပေါ့နော် ..

(၆) လောဘကြီးတာကို မကြိုက်ဘူး
ဟီးဟီး ဒါကတော့ လူတိုင်းယေဘူယျအားဖြင့် လောဘကြီးတတ်ကြတယ်ထင်ပါတယ် .. ပုထုဇဉ်(ကင်းမုံသီး)ဆိုတော့ အနည်းနဲ့အများတော့ လောဘကြီးတာပေါ့ ..ဒီသဘောတရားကို နားလည်ပေမဲ့ ဖြစ်နိုင်ရင် လောဘမကြီးချင်ဘူး .. တရားဘောင်လည်း မ၀င်ချင်ပါဘူး ..ရိုးရိုးသာမန်လူတစ်ယောက်အဖြစ်နဲ့ပဲ လောဘကင်းချင်တယ် ..

(၇) ကိုယ်မကြိုက် သဘောမကျတဲ့လူကို မတရားကဲ့ရဲ့ချင်တာကို မကြိုက်ဘူး
ကျောင်းမှာဆို အဲလိုပဲ .. ကိုယ်နဲ့မတည့်ဘူးပေါ့ကွာ .. ကိုယ်ကတော့ ရန်လိုက်ဖြစ်နေတာမဟုတ်ပေမဲ့ ဒီလိုပဲကြည့်မရတဲ့လူတွေ ရှိတာပဲလေ .. အဲလိုလူကို တွေ့ပြီဆိုရင်တစ်ခုခုပြောပြောမိတယ် .. တွေ့တိုင်းပြောတယ် .. ချိုးချိုးဖဲ့ဖဲ့ကြီးပြောတာတော့မဟုတ်ပါဘူး .. အဲလောက်လည်း မရိုင်းပါဘူး .. အပျော်သဘောပေါ့ .. အိဖူးသူငယ်ချင်းတွေကတော့ ရီနေတာပဲ .. “ကပ်ကပ်သတ်သတ် နင်မို့ပြောတတ်တယ်” တဲ့ .. ဘယ်လိုပဲရီစရာဖြစ်နေဖြစ်နေ ကဲ့ရဲ့သလိုပဲဖြစ်နေလို့ .. ကိုယ့်ဟာကိုယ် ဆုံးမနေရတယ် ..

(၈) ကိုယ်ပိုင်အယူအဆကို မဖြစ်လွန်းမှ တွေးတတ်တာကို မကြိုက်ဘူး
ဒီလိုပဲပေါ့ .. စာအုပ်တွေဖတ်တော့ စဉ်းစားဆင်ခြင်စရာလေးတွေလည်း ရှိလာပြီလေ .. လက်ခံစရာအယူအဆလေးတွေလည်း ရှိတာပေါ့ .. အဲလိုတွေများလာတော့ ကိုယ်ပိုင်အယူအဆဆိုတာ မတွေးတော့သလောက်ပဲ ..ကိုယ်ဖတ်ထား သိထား ကြားထားတဲ့ထဲက ကိုယ်နဲ့ကိုက်ညီတယ်ဆိုရင် အဲဒိအတိုင်းပဲနေထိုင်လိုက်မိတယ် .. နားလည်လားဟင် .. (ဘယ်လိုပြောမလဲ follower ကြီးကို ဖြစ်လို့ ..)

(၉) သူငယ်ချင်းတွေကို သိပ်ယုံတယ်လို့ သူငယ်ချင်းတစ်ယောက်ကပြောဖူးတယ် အဲဒါကိုမကြိုက်ဘူး
အိဖူးက ဘော်ဒါတွေနဲ့ပေါင်းပြီဆို စိတ်ရောကိုယ်ပါပေါင်းတာ .. ပြီးရင် အပြည့်အ၀ယုံကြည်ထားတာက သူတို့လည်း ငါ့လိုပဲနေမှာပါလို့ .. အဲဒိလိုယုံလိုက်မိရင် လူတိုင်းက ဒီတိုင်းဘယ်နေမလဲ ပြောင်းလဲတဲ့လူကပြောင်းလဲနေတာ ..အကြောင်းကြောင်းကြောင့် အဆက်အသွယ်ပြတ်သွားမယ် .. တစ်ခုခုပေါ့ .. သူငယ်ချင်းတွေကိုလည်း အတတ်နိုင်ဆုံးကူညီပါတယ် .. ပြီးတော့ ကိုယ်ဘာဖြစ်ဖြစ် ဘော်ဒါတွေကို ကိုယ့်ဘက်မှာပဲရှိစေချင်တယ် ..( လောဘလေ) .. သူတို့တွေတစ်ခုခုအပြစ်ပြောကြရင်ငိုတောင်ငိုချင်တယ် .. ပြီးရင် စိတ်ကောက်ရော .. သူတို့ကတော့ စိတ်ကောက်လို့ပြန်ချော့ကြပေမဲ့ .. စိတ်ထဲမှာတော့ တစ်ကယ်ဝမ်းနည်းနေပြီ .. “ငါလိုအပ်သလို သူတို့မှင့ါကိုမလိုပဲလေ” တွေးနေရော .. နံပါတ် ၁ ကလို အဆုံးထိတွေးမိတာပေါ့ ..အသက်လည်း ငယ်သေးတော့ နောက်ထပ်သူငယ်ချင်းစစ်စစ်ရနိုင်သေးတယ်ဆိုတာ သိနေတော့လေ ဖြစ်နိုင်ရင် ကိုယ်ပေါင်းစိတ်ခွာပဲလိုချင်တယ် .. ဒါပေမဲ့ ခုထိတော့ မအောင်မြင်သေးဘူး ..

(၁၀) ဆုံးဖြတ်ချက်မချရဲတာကို မကြိုက်ဘူး
တစ်ခုခုကိုကြိုက်တယ် .. အသည်းအသန်ကိုကြိုက်တယ် .. လိုချင်တယ် .. ရလည်းရတယ် .. သုံးတာနည်းနည်းကြာသွားရင် စိတ်ညစ်လာရော .. ပစ်ထားလိုက်တယ်ဆိုရင် တကယ်ကိုမေ့လောက်တဲ့အထိပစ်ထားမိတယ် .. ငယ်ငယ်ကတည်းကတွေးတတ်တာရှိတယ်မုန့်စားတယ်ပေါ့ .. မုန့်နှစ်ခုမှာ တစ်ခုကိုပဲကြိုက်တာ နောက်တစ်ခုကို မကြိုက်ဘူး .. အဲဒိလိုမျိုးဆိုရင် မကြိုက်တဲ့တစ်ခုကို ပစ်လိုက်ရင်ရရဲ့သားနဲ့ .. “ဟိုတစ်ခုကျတော့စားပြီး သူ့ကိုကျမစားရင် သူစိတ်မကောင်းဖြစ်မှာပေါ့”ဆိုပြီး မကြိုက်တဲ့မုန့်ကိုတောင် သနားပြီးစားခဲ့ဖူးတယ် ..အခုလည်း ကိုယ်ကြိုက်တော့ကြိုက်ခဲ့ပါရဲ့ .. လက်ရှိမကြိုက်တော့လို့ မသုံးတာပဲ .. စိတ်ထဲမှာအားနာနေပြီး ကိုယ့်မျက်စိအောက်မှာမထားရင်ကောင်းမလား .. ပစ်လိုက်ရင်ကောင်းမလား .. သူများကိုပေးလိုက်ရင်ကောင်းမလားနဲ့ .. လူဆိုရင်လည်း အဲလိုပဲ .. ပေါင်းလို့မကောင်းဘူးဆိုတာကိုပေါင်းကြည့်ပြီးမှ သိတယ်ဆိုလည်း လှည့်မကြည့်ချင်တော့တာက တစ်ဖက် .. အရင်ကခင်ဖူးတာလို့ အားနာတာတစ်ဖက်နဲ့ .. ဆုံးဖြတ်ချက်မချရဲဘူး

ကဲ ဆယ်ခုတော့ပြည့်သွားပါပြီ .. အဆိုးဆုံးလို့ထင်တာတွေကိုပဲချရေးတာနော် .. တော်တော်တောင် သိကုန်ပြီထင်တယ် .. (ရှက်လိုက်တာ)

Wednesday, November 26, 2008

Your gurdian angle

အိဖူးတို့ကတော့လုပ်ပြီ ..
ပို့စ်ကဖြင့်မရေးရသေးဘူး ..
စီဘောက်မှာ ဘယ်သူမှလာမရေးတာကိုတွေးနေတယ် ..
ဟဲဟဲ ကြောင်တယ်နော် ..
ကြိုလည်းမစဉ်းစားထားတော့ ဘာရေးရမလဲလည်းမသိ ..
သီချင်းတစ်ပုဒ်အကြောင်းကိုပဲရေးတော့မယ်နော် ..
The red jumpsuit apparatus ရဲ့ Your gurdian angle ဆိုတဲ့သီချင်းနားထောင်ဖူးကြလား ..
လောလောဆယ်တော့ အိဖူးရဲ့အကြိုက်ဆုံးသီချင်းပေါ့ ..
သီချင်းလေးက .. ကောင်းပါတယ် ..
ခေါင်းစဉ်လေးကိုကြည့်ရင် ဘယ်လိုသီချင်းမျိုးဆိုတာသိကြမှာပေါ့ ..
ဘာပဲဖြစ်ဖြစ် အားပေးနေမယ်
အနားကသာထွက်မသွားပါနဲ့ဆိုတာမျိုးလေးပေါ့ ..
I will never let you fall, I'll stand up with ya forever
Even if saving you send me to heaven, it's ok. တဲ့ ..
အစ်ကိုတွေ အစ်မတွေကော အဲလိုချစ်ရတဲ့သူမျိုးရှိလား
ဘာပဲဖြစ်ဖြစ်ဆိုတဲ့ ချစ်သူမျိုးတွေလေ ..
အိဖူးကတော့ သီချင်းသာကြိုက်တာ အဲလောက်ချစ်ရတဲ့သူလည်းမရှိတော့
နားထောင်ရတာ တစ်မျိုးလေးပဲ ..
ကိုယ်ကဆိုပြရတာမျိုးလည်း မလိုချင်ဘူး ..
ကိုယ့်ကိုလာဆိုပြတာကိုတော့ လိုချင်သား ..
အချစ်ပဲခံချင်တယ်ပေါ့နော် .. (နရင်းအုပ်ချင်စရာပဲ)
အားရင်တော့ နားထောင်ကြည့်ကြပေါ့ ..
သူတို့အဖွဲ့ရဲ့ Cat and Mouse ဆိုတဲ့သီချင်းလည်းကောင်းပါတယ်
အယ်လ်ဘမ်နာမည်က Don't you fake it တဲ့ ..
သိကြမှာပါ ..
ကဲ ကဲ .. စဉ်းတော့စဉ်းစားနေတာပဲ
ဘာဆက်ရေးရမှန်းသိတော့ဘူးလေ ..
ပထမဆုံးအတွေ့အကြုံမရှိသေးတဲ့ပို့စ်ဆိုတော့
အားလုံးအားလုံးကို ခွင့်လွှတ်ကြပါရန်
အနူးအညွတ်တောင်းပန်တယ်နော့ ..