Wednesday, May 26, 2010

Sunday, May 23, 2010

မိုးရေထဲက သူနဲ့ကျွန်မ

မိုးရွာပြီလေ.. မိုးရွာရင် ကျွန်မသိပ်ပျော်တာ.. ဟိုးငယ်ငယ်ကတော့ (ကလေးတွေရဲ့ ထုံးစံအတိုင်း) မိုးရွာထဲမှာ ပြေးလွှားဆော့.. ကြီးပြင်းလာတော့ မိုးရေနဲ့ထိချင်လွန်းလို့ အိနြေ္ဒပျက်တယ်လည်း မဖြစ်ရအောင် ထီးလေး ဆောင်းပြီး လမ်းလျှောက်ပေါ့..

အဲလိုလမ်းလျှောက်ရင် သတိရတာကတော့ ကျွန်မသူငယ်ချင်းမလေးပဲ.. ကျောင်းမှာဆိုရင် မိုးရေထဲ လမ်းလျှောက်လို့ ပိုကောင်းတယ်.. ကျွန်မတို့ဆို ကျောင်းဝင်းထဲ လျှောက်ပတ်သွားနေတာပဲ.. အဲလို လျှောက်သွားတိုင်း သူနဲ့ကျွန်မနဲ့ အမြဲတူတူ..

ကျွန်မကိုသူက တအားအလိုလိုက်တာ.. သူက အလျော့ပေးတတ်တော့ ကျွန်မကလည်း အနိုင်ကျင့် စိတ်ကောက် နဲ့ပေါ့.. ဒါပေမယ့်လည်း ကျွန်မကလည်း သူ့ကိုချစ်တာ သူသိတာပါပဲ..

မိုးရွာပြီဆိုရင် ကျွန်မက `မိုးရွာပြီ သွားမယ်လေ´လို့ခေါ်မြဲ.. သူကလည်း `မလိုက်ချင်ဘူး´ငြင်းမြဲ.. နှစ်ခါလောက် ခေါ်လို့မှမရရင်တော့ ကျွန်မကလည်း စိတ်ကောက်ပြီး ထွက်သွားမြဲ.. ခပ်လှမ်းလှမ်းရောက်ရင်တော့ ပြေးလိုက် လာတဲ့ခြေသံနဲ့အတူ ထီးအောက်ကိုဝင်လာတဲ့ သူ့မျက်နှာကစပ်ဖြဲဖြဲ `ဘောက်ဆတ်ဘောက်ဆတ်နဲ့ သွားလိုက် တာများ မြန်လိုက်တာ ခဏတောင်မစောင့်ဘူး´လို့ အပြစ်တင်သလိုလို မျက်နှာချိုသွေးသလိုလိုလုပ်မြဲ..

ထီးတစ်ချောင်းအောက်မှာ နှစ်ယောက်သားတူတူဆောင်းရင်းနဲ့ ထီးပေါ်ကျတဲ့ မိုးသံကိုနားထောင်.. အချင်းချင်း ပေါက်ကရတွေပြော.. လက်တွေကို ထီးအပြင်ဖက်ဆန့်ထုတ်ရင်း မိုးစက်တွေကိုခံစားဖူးတယ်.. ကျောင်းကအပြန် ကျောင်းကားပေါ်မှာ ကားပြတင်းပေါက်တွေကို (အခွင့်ရှိသမျှ) အကျယ်ဆုံးဖွင့်ရင်း သူများငြိုငြင်ခံဖူးတယ်.. မိုးရာသီဆိုတာ သူနဲ့ကျွန်မနဲ့အတွက်တော့ အမှတ်တရတွေပါပဲ..

တခါတလေ စိတ်ညစ်စရာတွေရှိရင် လမ်းလျှောက်လာရင်း မိုးထဲမှာပဲ မျက်ရည်ကျခဲ့ကြတယ်.. တစ်ယောက်နဲ့ တစ်ယောက် အားပေးနှစ်သိမ့်ရင်းနဲ့ပဲ တစ်နှစ်ပြီးတစ်နှစ် ဖြတ်ကျော်လာခဲ့တယ်.. မိုးနဲ့တွဲလျက် အတူရှိခဲ့တာ တော့ ကျွန်မသူငယ်ချင်းပါပဲ..

အခု သူ့ကိုကျွန်မသတိရနေတယ်.. အပြင်မှာလည်း မိုးတွေရွာနေပြီလေ........

Monday, May 17, 2010

အဖြေပေးပြီ

မသိရင်မှတ်ထား.... အဲ့ဆိုင်နာမည်က United Asia တဲ့ဗျား..... ဘာဆိုင်လဲဆိုတော့ကာ Electircal Showroom ပါ.. ကြော်ငြာတဲ့အနေနဲ့ Air-con တွေ Air cooler တွေ အပြင်မှာတပ်ပြထားတာပါ......

တကယ့် ကပ်သီးကပ်သပ်.... XD

Saturday, May 15, 2010

မေးကြည့် ဖြေကြည့် ဟဲဟဲဟိ

ဒီနေ့ လမ်းမတော်ကိုရောက်တယ်.. အစ်ကိုတော်တစ်ယောက်နဲ့ တွေ့လို့နှစ်ယောက်သားမုန့်စား အအေးသောက်ရင်းနဲ့ သူတို့ရုံးနားမှာ ဆိုင်ခန်းတစ်ခန်းပြင်နေတဲ့အကြောင်းကို ပြောမိသွားတယ်.. အဲ့ဒိဆိုင်က နှစ်ထပ်ရှိတယ်.. အပေါ်ထပ်က ၀ရံတာမှာ Indoor တပ်တဲ့ air-con သုံးလုံးတောင်တပ်ထားတယ်.. ဘာဆိုင်ဖွင့်မှာလဲမသိဘူးလို့ ပြောလာလို့ စိတ်ဝင်စားသွားတယ်.. အဲကွန်းကို အပြင်ဖက်မှာတပ်ထားတယ် ဆိုတော့ စိတ်မ၀င်စားပဲနေမလားလို့.. နောက်ပြီး တစ်လုံးလည်းမဟုတ်ဘူး.. သုံးလုံးတောင် ပါလား...

ခဏတပ်ထားတာလားမသိဘူးလို့ ပြောမိတော့လည်း အစ်ကိုက မဖြစ်နိုင်ဘူး.. ဆိုင်နံရံတွေကလည်း ဆေးတွေ အကျအနသုတ်ထားပြီးသားတဲ့.. ဆိုင်းဘုတ်ကလည်း သူမြင်နေတဲ့အချိန်တွင်းမှာတော့ မတပ်ရသေးဘူးတဲ့လေ... (ဘာများပါလိမ့်နော်........)

ဆိုင်ကိုကြည့်ထားဦး.. ဘာဆိုင်လဲသိရရင် ပြောပြဦးနော်လို့ ပြောလိုက်မိပြီး ပြန်လာကြတယ်.. နောက်တော့ အိမ်ပြန်ဖို့စီးရမယ့် ကားမှတ်တိုင်နဲ့ နီးနေတာကြောင့် အစ်ကိုက သွားကြည့်မယ်ဆိုပြီး သွားကြည့်ဖြစ်တယ်... ဆိုင်နားထိတောင်မရောက်သေးဘူး.. အပင်လေးတစ်ခုအောက်ကနေ လှမ်းကြည့်လိုက်တယ်.. အဲကွန်းသုံးလုံး အပြင် air cooler တစ်လုံးပါ ၀ရံတာထောင့်နားမှာတွေ့ရပြန်တယ်.......... ဘာလုပ်တာလဲဟ အပြင်လောကကိုပဲ အေးစေချင်လို့များလား... အတွေးများစွာနဲ့အတူ ဆိုင်အနီးသို့ချဉ်းကပ်အသွား..... ဒန်ဒန့်ဒန်... တွေ့လိုက်ရပါပြီ...

ကဲ မေးပြီ......... ဘာဆိုင်ဖြစ်မလဲ ပြော..... ....
(အဖြေကို နောက်ပို့စ်တစ်ခုအနေနဲ့တင်ပေးမယ်)

Sunday, May 9, 2010

ကျွန်မအတွက်ကြိုး

လောကကြီးမှာ အသက်ရှင်နေထိုင်ဖို့အတွက် စိတ်စွဲလန်းမှု တစ်ခုခုတော့လိုအပ်မြဲတဲ့.. အဲဒါဟာ ဟုတ်တယ်လို့ ကျွန်မလက်ခံထားခဲ့တယ်.. ကျွန်မနဲ့ ဒီကမ္ဘာကြီးကို ဆက်စပ်ထားပေးတဲ့ အရာတွေမှအများကြီးပဲ.. ကျွန်မချစ်ရတဲ့လူတွေ.. ကျွန်မတပ်မက်တဲ့ အရာဝတ္ထုတွေ.. ကျွန်မရဲ့ကိုယ်ပိုင်လောဘတွေ.. ကိုယ်တိုင်မဖန်တီးရသေးတဲ့ ကျွန်မရဲ့စိတ်ကူးယဉ်ဘဝသေးသေးလေး... အသက်ရှင်ရပ်တည်မှုဆိုတာကို ကျွန်မမက်မောတယ်.. သေချာတယ် ကျွန်မမသေချင်သေးဘူး..

အဲဒါတွေကိုပဲ စဉ်းစားတွေးနေရင်း နေထိုင်လာတာ မကြာသေးပါဘူး.. တိတိကျကျပြောရရင် ကိစ္စ အကြောင်းအရာလေးတွေကို (အနည်းငယ်) လေးနက်စွာစဉ်းစားတတ်လာတာ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကမှရှင့်.. ကျွန်မလေ ကိုယ့်ကိုကိုယ်သတိထားပြီး အရင်လို နမော်နမဲ့မဖြစ်အောင်နေတယ်.. အဲလို သတိထားလွန်းအားကြီးလို့လား မသိဘူး.. နေရထိုင်ရတာ တင်းတင်းကျပ်ကျပ်ကြီးဖြစ်လာတယ်.. အဲလိုလည်း မဖြစ်ချင်ဘူးလေ.. နည်းနည်းလောက်လျှော့ပြီး နေကြည့်တယ်.. သက်သာသလိုတော့ရှိပေမယ့် အာရုံစူးစိုက်မှုမှာ အားနည်းသွားပြန်ရော..

သူ့ကိုယ်သူ အသက် ၃၀ အရွယ်လောက်ရင် ဘာမှမရှိလောက်တော့ဘူးလို့ ပြောနေတဲ့သူနဲ့ ကျွန်မစကားပြောမိတယ်.. အသက် ၃၀ လောက်ဆို သေရင်သေ မသေရင်ပျက်စီးပြီတဲ့.. သူ့ဘဝမှာ ဘာမှလုပ်ချင်တာ ဖြစ်ချင်တာမရှိဘူးပြောတယ်.. အဲဒါဟာ ကျွန်မအတွက်တော့ လုံးဝမဖြစ်နိုင်ဘူး.. ကျွန်မလုပ်ဖူးချင်တာတွေ ဖြစ်ချင်တာတွေက တပုံတပင်.. ဘာမှကြီးကြီးကျယ်ကျယ်တွေ မဟုတ်ပေမယ့် ကျွန်မအတွက် အိပ်မက်တွေအများကြီး..

ဘာကိုမှအရေးမကြီးဘူးလို့ ခံယူထားတဲ့လူတစ်ယောက်ဟာ ဖြစ်ချင်ရာဖြစ်ဆိုပြီး သူ့ဘဝကြီးကိုသူ လွှတ်ထားလိုက်တာလား.. သိပ်တော့နားမလည်နိုင်ဘူး.. အခက်အခဲတွေနဲ့ ကြုံရတဲ့အခါမျိုးမှာ သူမကြောက်ဘူးလားဟင်.. နည်းလမ်းတွေ ထွက်ပေါက်တွေရော သူတို့ရှာကြပါ့ဦးမလား.. ဒုက္ခရောက်ရင် သူတို့ဘယ်လိုတုံ့ပြန်မလဲ.. သေရင်လည်း သေပါစေတော့ဆိုပြီး ဒီတိုင်းငုတ်တုတ်ထိုင်နေမလား..

လောကကြီးမှာ နေချင်စရာကောင်းတယ် မကောင်းဘူးဆိုတာ ကိုယ့်အတွေးနဲ့ ကိုယ်လက်ခံနိုင်တဲ့ အပေါ်မှာပဲ မူတည်တယ်နော်.. ကျွန်မတော့ အသက် ၃၀ မပြောနဲ့.. အသက် ၆၀ လောက်ထိ လောဘတွေရှိဦးမယ် ထင်တယ်.. အဟုတ်ပြောတာပါ

ကျွန်မအတွက် အသက်ရှင်ချင်လောက်အောင် ဆက်ထားပေးတဲ့ ကြိုးတွေရှိနေသေးတယ်.. ရှိလည်းရှိဦးမှာပဲ.. AVATOR ထဲကလိုဆိုရင်တော့ Tsahaylu (ဆာဟေးလူး) တွေရှိနေတယ်ပေါ့နော်...
(( Tsahayl ရဲ့တကယ့်ဆိုလိုရင်းကတော့ အဲလိုမဟုတ်ဘူး.. ကျွန်မက တစ်ခုနဲ့တစ်ခုကို ဆက်စပ်လိုက်တဲ့ဖြစ်ရပ်ကိုပဲ ပြောချင်တာပါ.. ပြောရရင်တော့ ပါးစပ်ထဲရှိရာ ထည့်ရေးလိုက်တဲ့သဘော အဟက် =P ))