Sunday, May 9, 2010

ကျွန်မအတွက်ကြိုး

လောကကြီးမှာ အသက်ရှင်နေထိုင်ဖို့အတွက် စိတ်စွဲလန်းမှု တစ်ခုခုတော့လိုအပ်မြဲတဲ့.. အဲဒါဟာ ဟုတ်တယ်လို့ ကျွန်မလက်ခံထားခဲ့တယ်.. ကျွန်မနဲ့ ဒီကမ္ဘာကြီးကို ဆက်စပ်ထားပေးတဲ့ အရာတွေမှအများကြီးပဲ.. ကျွန်မချစ်ရတဲ့လူတွေ.. ကျွန်မတပ်မက်တဲ့ အရာဝတ္ထုတွေ.. ကျွန်မရဲ့ကိုယ်ပိုင်လောဘတွေ.. ကိုယ်တိုင်မဖန်တီးရသေးတဲ့ ကျွန်မရဲ့စိတ်ကူးယဉ်ဘဝသေးသေးလေး... အသက်ရှင်ရပ်တည်မှုဆိုတာကို ကျွန်မမက်မောတယ်.. သေချာတယ် ကျွန်မမသေချင်သေးဘူး..

အဲဒါတွေကိုပဲ စဉ်းစားတွေးနေရင်း နေထိုင်လာတာ မကြာသေးပါဘူး.. တိတိကျကျပြောရရင် ကိစ္စ အကြောင်းအရာလေးတွေကို (အနည်းငယ်) လေးနက်စွာစဉ်းစားတတ်လာတာ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကမှရှင့်.. ကျွန်မလေ ကိုယ့်ကိုကိုယ်သတိထားပြီး အရင်လို နမော်နမဲ့မဖြစ်အောင်နေတယ်.. အဲလို သတိထားလွန်းအားကြီးလို့လား မသိဘူး.. နေရထိုင်ရတာ တင်းတင်းကျပ်ကျပ်ကြီးဖြစ်လာတယ်.. အဲလိုလည်း မဖြစ်ချင်ဘူးလေ.. နည်းနည်းလောက်လျှော့ပြီး နေကြည့်တယ်.. သက်သာသလိုတော့ရှိပေမယ့် အာရုံစူးစိုက်မှုမှာ အားနည်းသွားပြန်ရော..

သူ့ကိုယ်သူ အသက် ၃၀ အရွယ်လောက်ရင် ဘာမှမရှိလောက်တော့ဘူးလို့ ပြောနေတဲ့သူနဲ့ ကျွန်မစကားပြောမိတယ်.. အသက် ၃၀ လောက်ဆို သေရင်သေ မသေရင်ပျက်စီးပြီတဲ့.. သူ့ဘဝမှာ ဘာမှလုပ်ချင်တာ ဖြစ်ချင်တာမရှိဘူးပြောတယ်.. အဲဒါဟာ ကျွန်မအတွက်တော့ လုံးဝမဖြစ်နိုင်ဘူး.. ကျွန်မလုပ်ဖူးချင်တာတွေ ဖြစ်ချင်တာတွေက တပုံတပင်.. ဘာမှကြီးကြီးကျယ်ကျယ်တွေ မဟုတ်ပေမယ့် ကျွန်မအတွက် အိပ်မက်တွေအများကြီး..

ဘာကိုမှအရေးမကြီးဘူးလို့ ခံယူထားတဲ့လူတစ်ယောက်ဟာ ဖြစ်ချင်ရာဖြစ်ဆိုပြီး သူ့ဘဝကြီးကိုသူ လွှတ်ထားလိုက်တာလား.. သိပ်တော့နားမလည်နိုင်ဘူး.. အခက်အခဲတွေနဲ့ ကြုံရတဲ့အခါမျိုးမှာ သူမကြောက်ဘူးလားဟင်.. နည်းလမ်းတွေ ထွက်ပေါက်တွေရော သူတို့ရှာကြပါ့ဦးမလား.. ဒုက္ခရောက်ရင် သူတို့ဘယ်လိုတုံ့ပြန်မလဲ.. သေရင်လည်း သေပါစေတော့ဆိုပြီး ဒီတိုင်းငုတ်တုတ်ထိုင်နေမလား..

လောကကြီးမှာ နေချင်စရာကောင်းတယ် မကောင်းဘူးဆိုတာ ကိုယ့်အတွေးနဲ့ ကိုယ်လက်ခံနိုင်တဲ့ အပေါ်မှာပဲ မူတည်တယ်နော်.. ကျွန်မတော့ အသက် ၃၀ မပြောနဲ့.. အသက် ၆၀ လောက်ထိ လောဘတွေရှိဦးမယ် ထင်တယ်.. အဟုတ်ပြောတာပါ

ကျွန်မအတွက် အသက်ရှင်ချင်လောက်အောင် ဆက်ထားပေးတဲ့ ကြိုးတွေရှိနေသေးတယ်.. ရှိလည်းရှိဦးမှာပဲ.. AVATOR ထဲကလိုဆိုရင်တော့ Tsahaylu (ဆာဟေးလူး) တွေရှိနေတယ်ပေါ့နော်...
(( Tsahayl ရဲ့တကယ့်ဆိုလိုရင်းကတော့ အဲလိုမဟုတ်ဘူး.. ကျွန်မက တစ်ခုနဲ့တစ်ခုကို ဆက်စပ်လိုက်တဲ့ဖြစ်ရပ်ကိုပဲ ပြောချင်တာပါ.. ပြောရရင်တော့ ပါးစပ်ထဲရှိရာ ထည့်ရေးလိုက်တဲ့သဘော အဟက် =P ))


4 comments:

တေလေ said...

သုံးဆယ်ရောက်ရင် သေချင်တယ်ဆိုတဲ့ ကောင်က ဒူလည်း... အိဖူး အဲ့လိုလူတွေနဲ့ သိပ်စကား မပြောနဲ့ တော်ကြာ ကူးကုန်ဦးမယ် :P

ဖိုးဂျယ် said...

၃၀ မပြည့်သေးဘူး
ကိုကိုတော့ ဘာမှ မရှိတော့ဘူး။

ရွှေရတုမှတ်တမ်း said...

သုံးဆယ်လဲရောက်ရော...လက်ပံတန်းလို့ ပြောင်းပြောမှာပါအေ...
မယုံရင်စောင့်ကြည့်ပါ...

littlebrook said...

ကိုယ့်ကိုယ်ကို သိပ်စိတ်ပျက်နေရင်လည်း သေလိုက်ပါလားလို့ အကြံပေးလိုက်လေ
ဒီအတိုင်းထိုင်နေရတာ ပျင်းစရာကြီး
ဖိုးဂျယ်ကော တကယ်ဘာမှမရှိတော့ဘူးလား
မင်းကင်မရာနဲ့ အိုင်ပေါ့ ငါလာယူရမလား :P
ဘာမှမရှိတော့ဘူးတဲ့ ဘုန်းကြီးလိုလို တရားရသွားသလိုလိုနဲ့ ဟိုတစ်နေ့က ငါနဲ့ဘီယာထိုင်သောက်ပီး ဟီးဟီး ဟီးဟီးနဲ့ကောင်က ဘယ်ကကောင်တုန်း :P