Wednesday, May 26, 2010

Sunday, May 23, 2010

မိုးရေထဲက သူနဲ့ကျွန်မ

မိုးရွာပြီလေ.. မိုးရွာရင် ကျွန်မသိပ်ပျော်တာ.. ဟိုးငယ်ငယ်ကတော့ (ကလေးတွေရဲ့ ထုံးစံအတိုင်း) မိုးရွာထဲမှာ ပြေးလွှားဆော့.. ကြီးပြင်းလာတော့ မိုးရေနဲ့ထိချင်လွန်းလို့ အိနြေ္ဒပျက်တယ်လည်း မဖြစ်ရအောင် ထီးလေး ဆောင်းပြီး လမ်းလျှောက်ပေါ့..

အဲလိုလမ်းလျှောက်ရင် သတိရတာကတော့ ကျွန်မသူငယ်ချင်းမလေးပဲ.. ကျောင်းမှာဆိုရင် မိုးရေထဲ လမ်းလျှောက်လို့ ပိုကောင်းတယ်.. ကျွန်မတို့ဆို ကျောင်းဝင်းထဲ လျှောက်ပတ်သွားနေတာပဲ.. အဲလို လျှောက်သွားတိုင်း သူနဲ့ကျွန်မနဲ့ အမြဲတူတူ..

ကျွန်မကိုသူက တအားအလိုလိုက်တာ.. သူက အလျော့ပေးတတ်တော့ ကျွန်မကလည်း အနိုင်ကျင့် စိတ်ကောက် နဲ့ပေါ့.. ဒါပေမယ့်လည်း ကျွန်မကလည်း သူ့ကိုချစ်တာ သူသိတာပါပဲ..

မိုးရွာပြီဆိုရင် ကျွန်မက `မိုးရွာပြီ သွားမယ်လေ´လို့ခေါ်မြဲ.. သူကလည်း `မလိုက်ချင်ဘူး´ငြင်းမြဲ.. နှစ်ခါလောက် ခေါ်လို့မှမရရင်တော့ ကျွန်မကလည်း စိတ်ကောက်ပြီး ထွက်သွားမြဲ.. ခပ်လှမ်းလှမ်းရောက်ရင်တော့ ပြေးလိုက် လာတဲ့ခြေသံနဲ့အတူ ထီးအောက်ကိုဝင်လာတဲ့ သူ့မျက်နှာကစပ်ဖြဲဖြဲ `ဘောက်ဆတ်ဘောက်ဆတ်နဲ့ သွားလိုက် တာများ မြန်လိုက်တာ ခဏတောင်မစောင့်ဘူး´လို့ အပြစ်တင်သလိုလို မျက်နှာချိုသွေးသလိုလိုလုပ်မြဲ..

ထီးတစ်ချောင်းအောက်မှာ နှစ်ယောက်သားတူတူဆောင်းရင်းနဲ့ ထီးပေါ်ကျတဲ့ မိုးသံကိုနားထောင်.. အချင်းချင်း ပေါက်ကရတွေပြော.. လက်တွေကို ထီးအပြင်ဖက်ဆန့်ထုတ်ရင်း မိုးစက်တွေကိုခံစားဖူးတယ်.. ကျောင်းကအပြန် ကျောင်းကားပေါ်မှာ ကားပြတင်းပေါက်တွေကို (အခွင့်ရှိသမျှ) အကျယ်ဆုံးဖွင့်ရင်း သူများငြိုငြင်ခံဖူးတယ်.. မိုးရာသီဆိုတာ သူနဲ့ကျွန်မနဲ့အတွက်တော့ အမှတ်တရတွေပါပဲ..

တခါတလေ စိတ်ညစ်စရာတွေရှိရင် လမ်းလျှောက်လာရင်း မိုးထဲမှာပဲ မျက်ရည်ကျခဲ့ကြတယ်.. တစ်ယောက်နဲ့ တစ်ယောက် အားပေးနှစ်သိမ့်ရင်းနဲ့ပဲ တစ်နှစ်ပြီးတစ်နှစ် ဖြတ်ကျော်လာခဲ့တယ်.. မိုးနဲ့တွဲလျက် အတူရှိခဲ့တာ တော့ ကျွန်မသူငယ်ချင်းပါပဲ..

အခု သူ့ကိုကျွန်မသတိရနေတယ်.. အပြင်မှာလည်း မိုးတွေရွာနေပြီလေ........

Monday, May 17, 2010

အဖြေပေးပြီ

မသိရင်မှတ်ထား.... အဲ့ဆိုင်နာမည်က United Asia တဲ့ဗျား..... ဘာဆိုင်လဲဆိုတော့ကာ Electircal Showroom ပါ.. ကြော်ငြာတဲ့အနေနဲ့ Air-con တွေ Air cooler တွေ အပြင်မှာတပ်ပြထားတာပါ......

တကယ့် ကပ်သီးကပ်သပ်.... XD

Saturday, May 15, 2010

မေးကြည့် ဖြေကြည့် ဟဲဟဲဟိ

ဒီနေ့ လမ်းမတော်ကိုရောက်တယ်.. အစ်ကိုတော်တစ်ယောက်နဲ့ တွေ့လို့နှစ်ယောက်သားမုန့်စား အအေးသောက်ရင်းနဲ့ သူတို့ရုံးနားမှာ ဆိုင်ခန်းတစ်ခန်းပြင်နေတဲ့အကြောင်းကို ပြောမိသွားတယ်.. အဲ့ဒိဆိုင်က နှစ်ထပ်ရှိတယ်.. အပေါ်ထပ်က ၀ရံတာမှာ Indoor တပ်တဲ့ air-con သုံးလုံးတောင်တပ်ထားတယ်.. ဘာဆိုင်ဖွင့်မှာလဲမသိဘူးလို့ ပြောလာလို့ စိတ်ဝင်စားသွားတယ်.. အဲကွန်းကို အပြင်ဖက်မှာတပ်ထားတယ် ဆိုတော့ စိတ်မ၀င်စားပဲနေမလားလို့.. နောက်ပြီး တစ်လုံးလည်းမဟုတ်ဘူး.. သုံးလုံးတောင် ပါလား...

ခဏတပ်ထားတာလားမသိဘူးလို့ ပြောမိတော့လည်း အစ်ကိုက မဖြစ်နိုင်ဘူး.. ဆိုင်နံရံတွေကလည်း ဆေးတွေ အကျအနသုတ်ထားပြီးသားတဲ့.. ဆိုင်းဘုတ်ကလည်း သူမြင်နေတဲ့အချိန်တွင်းမှာတော့ မတပ်ရသေးဘူးတဲ့လေ... (ဘာများပါလိမ့်နော်........)

ဆိုင်ကိုကြည့်ထားဦး.. ဘာဆိုင်လဲသိရရင် ပြောပြဦးနော်လို့ ပြောလိုက်မိပြီး ပြန်လာကြတယ်.. နောက်တော့ အိမ်ပြန်ဖို့စီးရမယ့် ကားမှတ်တိုင်နဲ့ နီးနေတာကြောင့် အစ်ကိုက သွားကြည့်မယ်ဆိုပြီး သွားကြည့်ဖြစ်တယ်... ဆိုင်နားထိတောင်မရောက်သေးဘူး.. အပင်လေးတစ်ခုအောက်ကနေ လှမ်းကြည့်လိုက်တယ်.. အဲကွန်းသုံးလုံး အပြင် air cooler တစ်လုံးပါ ၀ရံတာထောင့်နားမှာတွေ့ရပြန်တယ်.......... ဘာလုပ်တာလဲဟ အပြင်လောကကိုပဲ အေးစေချင်လို့များလား... အတွေးများစွာနဲ့အတူ ဆိုင်အနီးသို့ချဉ်းကပ်အသွား..... ဒန်ဒန့်ဒန်... တွေ့လိုက်ရပါပြီ...

ကဲ မေးပြီ......... ဘာဆိုင်ဖြစ်မလဲ ပြော..... ....
(အဖြေကို နောက်ပို့စ်တစ်ခုအနေနဲ့တင်ပေးမယ်)

Sunday, May 9, 2010

ကျွန်မအတွက်ကြိုး

လောကကြီးမှာ အသက်ရှင်နေထိုင်ဖို့အတွက် စိတ်စွဲလန်းမှု တစ်ခုခုတော့လိုအပ်မြဲတဲ့.. အဲဒါဟာ ဟုတ်တယ်လို့ ကျွန်မလက်ခံထားခဲ့တယ်.. ကျွန်မနဲ့ ဒီကမ္ဘာကြီးကို ဆက်စပ်ထားပေးတဲ့ အရာတွေမှအများကြီးပဲ.. ကျွန်မချစ်ရတဲ့လူတွေ.. ကျွန်မတပ်မက်တဲ့ အရာဝတ္ထုတွေ.. ကျွန်မရဲ့ကိုယ်ပိုင်လောဘတွေ.. ကိုယ်တိုင်မဖန်တီးရသေးတဲ့ ကျွန်မရဲ့စိတ်ကူးယဉ်ဘဝသေးသေးလေး... အသက်ရှင်ရပ်တည်မှုဆိုတာကို ကျွန်မမက်မောတယ်.. သေချာတယ် ကျွန်မမသေချင်သေးဘူး..

အဲဒါတွေကိုပဲ စဉ်းစားတွေးနေရင်း နေထိုင်လာတာ မကြာသေးပါဘူး.. တိတိကျကျပြောရရင် ကိစ္စ အကြောင်းအရာလေးတွေကို (အနည်းငယ်) လေးနက်စွာစဉ်းစားတတ်လာတာ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကမှရှင့်.. ကျွန်မလေ ကိုယ့်ကိုကိုယ်သတိထားပြီး အရင်လို နမော်နမဲ့မဖြစ်အောင်နေတယ်.. အဲလို သတိထားလွန်းအားကြီးလို့လား မသိဘူး.. နေရထိုင်ရတာ တင်းတင်းကျပ်ကျပ်ကြီးဖြစ်လာတယ်.. အဲလိုလည်း မဖြစ်ချင်ဘူးလေ.. နည်းနည်းလောက်လျှော့ပြီး နေကြည့်တယ်.. သက်သာသလိုတော့ရှိပေမယ့် အာရုံစူးစိုက်မှုမှာ အားနည်းသွားပြန်ရော..

သူ့ကိုယ်သူ အသက် ၃၀ အရွယ်လောက်ရင် ဘာမှမရှိလောက်တော့ဘူးလို့ ပြောနေတဲ့သူနဲ့ ကျွန်မစကားပြောမိတယ်.. အသက် ၃၀ လောက်ဆို သေရင်သေ မသေရင်ပျက်စီးပြီတဲ့.. သူ့ဘဝမှာ ဘာမှလုပ်ချင်တာ ဖြစ်ချင်တာမရှိဘူးပြောတယ်.. အဲဒါဟာ ကျွန်မအတွက်တော့ လုံးဝမဖြစ်နိုင်ဘူး.. ကျွန်မလုပ်ဖူးချင်တာတွေ ဖြစ်ချင်တာတွေက တပုံတပင်.. ဘာမှကြီးကြီးကျယ်ကျယ်တွေ မဟုတ်ပေမယ့် ကျွန်မအတွက် အိပ်မက်တွေအများကြီး..

ဘာကိုမှအရေးမကြီးဘူးလို့ ခံယူထားတဲ့လူတစ်ယောက်ဟာ ဖြစ်ချင်ရာဖြစ်ဆိုပြီး သူ့ဘဝကြီးကိုသူ လွှတ်ထားလိုက်တာလား.. သိပ်တော့နားမလည်နိုင်ဘူး.. အခက်အခဲတွေနဲ့ ကြုံရတဲ့အခါမျိုးမှာ သူမကြောက်ဘူးလားဟင်.. နည်းလမ်းတွေ ထွက်ပေါက်တွေရော သူတို့ရှာကြပါ့ဦးမလား.. ဒုက္ခရောက်ရင် သူတို့ဘယ်လိုတုံ့ပြန်မလဲ.. သေရင်လည်း သေပါစေတော့ဆိုပြီး ဒီတိုင်းငုတ်တုတ်ထိုင်နေမလား..

လောကကြီးမှာ နေချင်စရာကောင်းတယ် မကောင်းဘူးဆိုတာ ကိုယ့်အတွေးနဲ့ ကိုယ်လက်ခံနိုင်တဲ့ အပေါ်မှာပဲ မူတည်တယ်နော်.. ကျွန်မတော့ အသက် ၃၀ မပြောနဲ့.. အသက် ၆၀ လောက်ထိ လောဘတွေရှိဦးမယ် ထင်တယ်.. အဟုတ်ပြောတာပါ

ကျွန်မအတွက် အသက်ရှင်ချင်လောက်အောင် ဆက်ထားပေးတဲ့ ကြိုးတွေရှိနေသေးတယ်.. ရှိလည်းရှိဦးမှာပဲ.. AVATOR ထဲကလိုဆိုရင်တော့ Tsahaylu (ဆာဟေးလူး) တွေရှိနေတယ်ပေါ့နော်...
(( Tsahayl ရဲ့တကယ့်ဆိုလိုရင်းကတော့ အဲလိုမဟုတ်ဘူး.. ကျွန်မက တစ်ခုနဲ့တစ်ခုကို ဆက်စပ်လိုက်တဲ့ဖြစ်ရပ်ကိုပဲ ပြောချင်တာပါ.. ပြောရရင်တော့ ပါးစပ်ထဲရှိရာ ထည့်ရေးလိုက်တဲ့သဘော အဟက် =P ))


Saturday, April 17, 2010

ကျွန်မနဲ့တောင်ကြီးနှစ်သစ်

အတက်နေ့တုန်းက သိပ်မကဲလိုက်ပါဘူး.. ညနေပိုင်းရှိုးပွဲသွားလိုက်သေးတယ်.. လေးဖြူကြီးပဲ မှီတယ်လေ.. စိတ်ထဲမှာလည်း ထိုင်းထိုင်းမှိုင်းမှိုင်းကြီး.. ညနေကျတော့ မိုးရွာတယ်.. စိမ့်ပြီးတော့ကို အေးနေရောပဲ.... နေလို့ကောင်းလိုက်တာ.. ရှိုးပွဲမသွားဖြစ်တော့ဘူးဆိုပြီး ရောက်သွားသေးတယ်.. ပျင်းစရာကြီးပါ.. တောင်ကြီး စတိတ်ရှိုးက ကဲလို့မကောင်းသလိုပဲ.. စိတ်မပါတော့တာနဲ့ မယ်ညီရယ် အိဖူးရယ် ချစ်ဘော်ဒါ ငမိန်းရယ်.. အောက်ပန်းခြံမှာ သွားထိုင်နေကြတယ်.. အဲ သွားအိပ်နေတယ်ပြောရင် ပိုကောင်းမယ်ထင်တယ်.. အိဖူးက အိပ်နေတာကိုး...

နှစ်ဆန်းတစ်ရက်နေ့လေးပေါ့ကွယ်.. မနက်နိုးတော့ အိမ်ကလူကြီးတွေ ကလေးတွေနဲ့ ဘုန်းကြီးကျောင်းတက်ဖြစ် တယ်.. သွားကြတဲ့လူတွေမှ အများကြီးပါပဲ.. အတက်နေ့တုန်းက ဆိုင်ကယ်တ၀ီးဝီးနဲ့ လျှောက်လည်နေကြတဲ့ ကောင်လေးကောင်မလေးတွေကိုလည်း သူသူကိုယ်ကိုယ် ဘုန်းကြီးကျောင်းလမ်းတလျှောက်မှာ တွေ့ရတယ်.. အိဖူးတို့က မြစိမ်းတောင်က ဘုန်းကြီးကျောင်းနဲ့ ဥာဏ်တောကျာင်းကိုတက်ဖြစ်တယ်.. ရွှေဘုန်းပွင့်ကို ဆက်သွား တာ မရတော့လို့.. တောင်တက်လမ်းဖြစ်နေတော့ လမ်းတွေတအားပိတ်နေတယ်ရော..

ပြီးတော့ စူဋ္ဌာမုနိဘုရားကိုရောက်သွားသေးတယ်.. ရောက်ဖူးပြီးသားဖြစ်ပေမယ့် ဓါတ်ပုံကတော့ မရိုက်ပဲ မနေနိုင်ဘူး.. အဟဲ.. အိမ်က ကလေးလေးနဲ့ရိုက်ထားတဲ့ပုံလေးကို တော်တော်ကြိုက်နေတယ်.. ကလေးလေး နာမည်က အိုင်အုတဲ့..

အဲ့ကောင်လေးက ဓါတ်ပုံရိုက်မယ်ဆိုရင် တအားစတိုင်ထုတ်တတ်တာ.. အိမ်က ကလေးတွေအားလုံး ချစ်စရာတွေပဲ.. အားကျလိုက်တာ သိလား..

ပျော်အောင်တော့ နေနေပါတယ်.. တောင်ကြီးကိုချစ်လို့ တောင်ကြီးကနေ ဒဏ်ရာတွေမသယ်သွားချင်ဘူး.. အဲဒါ တကယ်ပါ.. ပျော်မှဖြစ်မယ်.... စိတ်ညစ်စရာတွေ တောင်ပေါ်မှာပဲထားခဲ့မှ ဖြစ်လိမ့်မယ်နော်.. တိုက်ခတ်နေတဲ့ လေထဲမှာပဲ လွှင့်ထုတ်လိုက်ပါတော့မယ်.........။


Friday, April 16, 2010

စိတ်သက်သာရာရမလား

တောင်ကြီးမှာ.............

ဒီနေ့အတက်နေ့...... ရန်ကုန်မှာတော့ အခြေအနေဘယ်လိုလည်းမသိဘူး.. ဒီနေ့တော့ နေ့လည်ခင်းတွေ မလည်စဖူး လျှောက်သွားနေလိုက်သေးတယ်.. တည်းတဲ့အိမ်က ကလေးလေးတွေ လမ်းသွားလမ်းလာတွေကို ရေပက်တာကို တစ်အိမ်လုံးထိုင်ကြည့်ပြီး ရယ်လိုက်ရတာ... အရှေ့ဖက်လမ်းက ကလေးတစ်ယောက်ဆို အတော်ဆိုးတယ်သိလား.. ဆိုင်ကယ်မှောက်သွားတာကို သူကရေသွားပက်နေလိုက်သေးတယ်.. ရေနစ်သူကို ဝါးကူထိုးတာပဲ.. ကလေးတွေပဲ ကောင်းပါတယ်.. ရေပက်ဖို့ကလွဲဖို့ ဘာမှမသိ.. အိမ်ရှေ့မှာလည်း ကလေးတွေ ဆော့ထားတဲ့ ရေတွေနဲ့ လမ်းကလေးလည်း စိုရွှဲလို့..။

Wednesday, April 14, 2010

ရူးနှမ်း

သွားစမ်းကွာ..................................................

Sunday, April 11, 2010

Baby Dog

ဒီနေ့ကျွန်မတို့တောင်ကြီးတက်မယ့်နေ့... မပျော်ပါဘူး.. ဘာလို့လည်းဆိုတော့ ကျွန်မတို့ခွေးလေးတွေ သူများကို ပေးလိုက်ရတယ်.... သေသေချာချာ ကောင်းကောင်းမွန်မွန် မွေးမည့်လူတွေကို ပေးလိုက်ရတာပေမယ့် လည်း စိတ်ထဲမှာတော့ “ငါ့သားလေး”ရယ်လို့တွေးမိပြီး မျက်ရည်ကျရတယ်.... ကျွန်မတို့အိမ်အပြောင်းအရွှေ့ ကိစ္စတွေကြောင့်သာ ပေးလိုက်ရတာ.. မဟုတ်ရင် ပေးဖြစ်မှာမဟုတ်ဘူး.. ငါးကောင်လုံးကို သူတို့အဖေအမေနဲ့ တူတူပဲ နေစေချင်တာ....

စက္ကူကတ်ပုံးလေးထဲကို ထည့်လိုက်ရင်း “တာ့တာနော်.. ကောင်းကောင်းနေ”လို့ နှုတ်ဆက်လိုက်ရင်းကနေ လာကြည့်နေတဲ့ မျက်လုံးတောက်တောက်ကလေးတွေ.. တဆက်တည်း ခုန်ပေါက်ဆော့နေတဲ့ပုံလေးတွေ.. နောက်ထပ်ခဏခဏမတွေ့ရတော့ဘူး... အခုကိုပဲ ချက်ချင်းလွမ်းနေပါပြီ......

Wednesday, April 7, 2010

ကလေးတို့အဖေ

ကာလကြာတဲ့ ကြာသပတေးနေ့တစ်ရက်လေးမှာ အိမ်က တို့ဘဂျမ်းတစ်ယောက် ကလေးအဖေဖြစ်သွားလေရဲ့.. “တို့ဘဂျမ်း” ဆိုတာကြီးကို သိတဲ့လူတွေလည်း သိကြမှာပါ.. အိဖူးတို့အိမ်က အင်မတန်ချစ်ရပါသော ခွေးကလေးပေါ့.. ဘဂျမ်းအကြောင်းကို ပို့စ်လုပ်ရေးဖို့ အကြိမ်ကြိမ်တွေးမိပေမယ့် ဘယ်ကနေစရေးရမှန်း မသိဖြစ်နေခဲ့တာ.. အခုတော့ ဒီကောင်ကြီး ကလေးငါးယောက်အဖေဖြစ်တဲ့အကြောင်းနဲ့ စရေးလိုက်ပါပြီ..

ဘဂျမ်းကို အိမ်စခေါ်လာတော့ လသားအရွယ်လေး.. နို့ပြတ်ခါစအရွယ်ပေါ့.. ခေါ်လာတုန်းက ဘဂျမ်းတစ်ကောင် တည်းမဟုတ်ဘူး.. သူနဲ့မောင်နှမတော်တဲ့ ခွေးမလေးတစ်ကောင်ပါသေးတယ်.. နာမည်ကတော့ “ကြာညို” တဲ့.. ကြာညိုလေးက သက်ဆိုးမရှည်ဘူး.. အိမ်မှာနေတာ တစ်လလောက်ပဲကြာပြီး သေသွားတယ်.. အဲဒိတော့ ဘဂျမ်းတစ်ကောင်တည်းဖြစ်သွားပါလေရော..

တကယ်တော့ ဘဂျမ်းဟာ ခွေးတစ်ကောင်မဟုတ်ဘူး.. မိသားစုဝင်တစ်ယောက်.. သမီးနှစ်ယောက်နဲ့ပဲ နေခဲ့တဲ့အိမ်မှာ သားတစ်ယောက်ရောက်လာသလိုပဲ.. ကျွန်မတို့မေမေက ဘဂျမ်းကိုအရူးအမူးချစ်တာပါ.. ဘဂျမ်းရောက်လာတော့ ကျွန်မမှာ နေရင်းထိုင်ရင်း အငယ်ဆုံးဆိုတဲ့ဂုဏ်ပုဒ်ကို အလုခံရသေးတယ်.. အရင်တုန်းက မေမေက ကျွန်မကို “ကလေးလေး” လို့ခေါ်လေ့ရှိတယ်.. ဘဂျမ်းရောက်လာတဲ့အချိန်မှာတော့ “ကလေးလေး” ဆိုတဲ့အသုံးနှုန်းဟာ ကျွန်မအတွက် မဟုတ်တော့ဘဲ ဘဂျမ်းအတွက်သာဖြစ်သွားပါတယ်.. “ကလေးလေး” “သားကလေး” “ဂျမ်းဂျမ်း” အခေါ်ပေါင်းစုံလင်စွာနဲ့ မောင်ဘဂျမ်း.. အဲလိုချစ်စနိုးနဲ့ခေါ်လိုက်ရင် သူ့ကိုခေါ်လို့မို့လို့ပဲ သိတယ်.. ရောက်ရာအရပ်ကနေ ပြေးလာတတ်တယ်.. ကျွန်မတို့ကတော့ စိတ်ပေါက်ပေါက်နဲ့ “ချွဲဘဂျမ်း”တို့ “ဂျမ်းတုံးကြီး”တို့ “ချီးထုပ်ကောင်”တို့ အဲလိုခေါ်တာပဲ.. ဘယ်လောက်ပဲ စိတ်ပေါက်ပေါက် စိတ်ကောက်တတ်ပြီး မကျေနပ်ရင် မျက်စောင်းထိုးတတ်တဲ့ ကျွန်မတို့ရဲ့ဘဂျမ်းကြီးကတော့ အိမ်မှာ အမြဲမင်းသားပါပဲ..

ဘဂျမ်းမှာ အင်မတန်ထူးချွန်ပြောင်မြောက်တဲ့ အရည်အချင်းတစ်ခုရှိသေးတယ်.. ဘာလဲဆိုတော့ အစုံစားတာပဲ.. ထမင်းဟင်းသာ ဂျီးများတာ.. သရေစာမုန့်ဆိုရင်တော့ ဘာလာလာပဲ.. “ရေခဲမုန့် ချောကလက်” ဒါလောက်တော့ထား.. တခြားခွေးတွေလည်းစားတယ်.. “နေကြာစေ့ သရက်ပြင်” အင်း ဒါတော့ထူးဆန်းလာပြီ.. “ထောပတ်သီးဖျော်ရည် မချစ်စုသရက်သီး” အမ်မယ်လေး မကျွေးရင် မျက်လုံးကြီးပြူးပြီး အရှေ့ကနေ ထိုင်ကြည့်နေတတ်တာ.. အကောင်းတော့ မမှတ်နဲ့နော်.. အဲဒါတွေကို သူကစိတ်ပုတ်ပြီးစားတာ.. သိကြရဲ့လား..ကျွန်မတို့တွေစားရင် သူလည်းစားမယ်ဆိုတဲ့ အထာပေါ့..

စိတ်ပုတ်ပြီး ဘဝင်မြင့်တတ်တဲ့ မောင်ဘဂျမ်းကြီးတစ်ယောက်ကတော့ သူ့ကိုယ်သူခွေးမှန်းမသိတော့ဘူးလေ.. အခုဆိုရင် အိမ်နားမှာမွေးထားတဲ့ အိမ်ခွေးတွေအများကြီးပဲ.. ဒါပေမယ့်လည်း အတူတူဆော့တာတွေဘာတွေ မရှိဘူး.. ဘဂျမ်းတို့ကတော့ ကျွန်မတို့ကိုချွဲရင်းနဲ့ပဲ ပြီးနေတာပဲ.. အခုတော့ ဒင်းလည်း ကလေးအဖေဖြစ်ပြီ.. ကလေးအဖေကြီးက ဟိုးအရင်ခေတ်ကလိုမျိုးအဖေအတိုင်းပဲ.. ကလေးတွေကို အနားကပ်မခံဘူး.. အခုခေတ်လူကြီးတွေ ပြောကြတယ်မလား.. ရှေးခေတ်လူကြီးတွေက ကလေးတွေကို ထုတ်မချစ်ပြတတ်ဘူး ဆိုတာလေ.. ဘဂျမ်းက သူ့ကလေးတွေအတွက် အဲလိုအဖေမျိုးကြီး.. ဂွတီးဂွကျကြီးပေါ့.. တကယ်ကို ရှမ်းဘောင်းဘီကောင်.. ကလေးအဖေသာဖြစ်တာ သူကိုယ်တိုင်မှာတော့ ကလေးလုပ်လို့ကောင်းတုန်းပဲ..

အခြေအနေတွေ ဘယ်လိုပြောင်းပြောင်း မွေးရာပါ“ချွဲရောဂါ”ကတော့ ပြောင်းမယ်မထင်ဘူး.. အဲလို ချစ်ဖို့ကောင်းတဲ့ ကျွန်မတို့ဘဂျမ်းပါ.. နောက်ကြုံလို့ အိမ်လာလည်ရင် မိတ်ဆက်ပေးမယ်နော့...။

Friday, April 2, 2010

၁၉ နှစ် အိဖူး

ငါလွင့်ပစ်ခဲ့ပြီ မိုက်မဲနေမှုများ.. ဖြူစင်ဆေးကြောဖို့ အချိန်တန်ပြီ.....

ယုံပါ

သီချင်းလေးတစ်ပုဒ်အကြောင်းကို ရေးပြမယ်.. ကိုအောင်ရဲ့ “ယုံပါ” ဆိုတဲ့သီချင်းလေးပါ.. ကိုအောင့်ကို သိတဲ့လူတွေ သိကြမယ်ထင်တယ်.. လမ်းဆုံအခွေထဲက ဟန်ထွန်းဆိုထားတဲ့ “အရင်ကဇာတ်လမ်း” ကိုဖန်တီးပေးသူဆိုရင် သိမှာပေါ့နော်.. နောက်ထပ် “ကြယ်တွေစုံတဲ့ည” “အလင်းဆိုင်ရဲ့သီချင်း” တို့တွေဆိုလည်း ကိုအောင့်သီချင်းတွေပါပဲ.. တကယ်တော့ ကိုအောင်က သီချင်းရေးသူတင်မဟုတ်ပါဘူး.. ဆိုလည်းဆိုတယ်.. အသံမှန်မှန် လေးလေးနဲ့ ထူးခြားမှုမရှိသလိုထင်ရတဲ့ ကိုအောင့်အသံကိုတော့ ကျွန်မအရမ်းကြိုက်တာပဲ.. ကိုအောင့်သီချင်းတွေကို စနားထောင်ဖူးတာ သိပ်မကြာသေးဘူး.. ကျွန်မအသက် ဆယ့်ခြောက်နှစ်လောက်က စနားထောင်ဖူးတာပဲ.. ဘာအခွေလည်းတော့ မသိဘူး.. ကိုအောင့်သီချင်း တွေချည်းပဲ.. စီဒီပေါ်မှာရေးထားတော့ “ကိုအောင်” တဲ့.. ဒါပဲပါတယ်.. အဲတော့အလွယ်မှတ်ထားလိုက်တယ်.. “ကိုအောင့်အခွေ”ရယ်လို့ပေါ့.. တင်ဇာမော်နဲ့ တွဲဆိုထားတဲ့သီချင်းလည်း ကြိုက်တာပဲ.. “အလင်းဆိုင်ရဲ့သီချင်း” လည်းပါတယ်.. အဲဒိသီချင်းကိုတော့ ထူးအိမ်သင်ဆိုတာကို ပိုကြိုက်တယ်..

ကိုအောင်က အရင် အယ်နောင်း၊ အောင်ဘုနဲ့တူတူ “မှန်အိမ်လေး” ဆိုတဲ့စီးရီးတစ်ခွေထွက်ခဲ့ဘူးတယ်.. သိပ်တော့မပေါက်ခဲ့ဘူး (ထင်တာပဲ).. ဒါပေမယ့် အဲဒိထဲကသီချင်းတွေက တကယ်ကိုကောင်းပါတယ်.. အခုရေးမယ့် “ယုံပါ” က မှန်အိမ်လေးအခွေထဲက သီချင်းလေးပါ..

သီချင်းစာသားလေးတွေကတော့ ဒီလို....

လာသွားကြစို့ ချစ်သူရေ ခရီးကို အတူမင်းနဲ့ ဘဝကိုလက်တွဲလို့ ဖန်ဆင်းလိုက်ချင်တယ်
အလှဆုံးပြုံးလိုက် ချစ်သူရေ အဝေးမှာ ကိုယ်နဲ့မင်းရဲ့အတိတ်ကို မေ့ထားလို့ အနာဂတ်သစ်ဆီကို
ပျော်ပျော်ရွှင်ရွှင်သွားကြမယ် အကြင်နာတွေကို တစ်သက်လုံးအတွက်
ဒဏ်ရာတွေကို တွေးမကြောက်နဲ့ ရင်ဆိုင်နိုင်မယ် အကုန်လုံးနဲ့ တစ်ယောက်တည်း အချစ်ရေ
ရင်မှာ ငါမင်းတစ်ယောက်တည်း ဒါကိုမပြောင်းလဲဘူး ယုံပါ
ရင်မှာ ငါမင်းတစ်ယောက်တည်း ဒါကိုအကြွင်းမဲ့မင်းယုံပါ
ရင်မှာ ငါမင်းတစ်ယောက်တည်း ငါဟာမင်းလေးတစ်ယောက်ကိုပဲ

စာသားကတော့ ဒါပဲလေ.. သီချင်းလေးက ချစ်စရာလေး.. ပြီးတော့ စိတ်ကူးယဉ်ချင်စရာ.. ကျွန်မလည်း တကယ်ချစ်ရတဲ့သူရှိလာရင် အဲဒိသီချင်းကို အဲ့လူကိုဆိုပြမိမယ် သိလား.. သီချင်းလေးကို ချစ်လွန်းလို့လေ.. နောက်ထပ်ကြိုက်တဲ့သီချင်းရှိသေးတယ်.. ဒီသီချင်းနဲ့တော့ ပြောင်းပြန်ပေါ့.. “အပြာရောင်လမ်းခွဲ” တဲ့.. အဲ့ဒိသီချင်းကိုတော့ သိပ်မဆိုချင်ပါဘူး.. ကိုအောင်ဆိုပြတာကိုပဲ ပိုနားထောင်ချင်ပါတယ်.. တစ်နေ့တော့ ထပ်ပြီးအခွင့်ကြုံသေးတာပ ကိုအောင်ရေ့..


Monday, February 22, 2010

မမလား.. အိုး ဘာမှလာစောင့်မနေနဲ့ ၂

တစ်ခုသောညလေးမှာပေါ့ကွယ်......

အဲဒိညက အိဖူးတို့ထပ်ခိုးတက်တဲ့လှေကားနားက မီးလုံးပျက်နေတယ်.. ညဘက် guide အချိန်ပြီးတော့ ၁၂ နာရီခွဲရှိပြီ.. လေးယောက်သား အပေါ်တက်.. ဗိုက်ဆာတော့ မုန့်စားကြ.. သွားတွေဘာတွေတိုက်ပြီး အိပ်ခါနီးတော့ ၁ နာရီကျော်ပြီ.. အိပ်ကြတာပေါ့.. မနက်ကျရင်ကျောင်းကလည်း တက်ရဦးမှာ..

အဲဒါဘယ်နှနာရီလဲတော့မသိတော့ဘူး.. ၃ နာရီလောက်လို့ထင်တာပဲ.. အိဖူး တစ်ရေးနိုးလာတုန်းက နာရီကြည့်လိုက်တော့ ၃ နာရီထိုးဖို့ ၁၀ မိနစ်ကိုး..အဲဒိသုံးနာရီလောက်ကြီးကျမှ သူငယ်ချင်းမလေး တစ်ယောက်ဖြစ်တဲ့ ငုံလေးက ထအော်ပါလေရော.. “အား”ဆိုပြီး အသံကျယ်ကြီးနဲ့.. နောက်တဆက်တည်းပဲ အိဖူးတို့ခေါင်းရင်း ပန်းကန်တွေဘာတွေထားတဲ့စင်ပေါ်ကနေ ဂလုံး ဂလွမ် ကနဲ အသံတွေပါထပ်ကြားရော.. လန့်သွားတော့ အိဖူးက ထပြီး “ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ”နဲ့ အိပ်ချင်မူးတူးနဲ့မေးတော့ ငုံလေးကဖြေတယ်.. “ကြောင်ဝင်လာလို့”တဲ့..

ဘာမှမဖြစ်ဘူးဆိုပြီး ခေါင်းအုံးပေါ်ကို ခေါင်းလေးပြန်ချတော့မှ တွေ့တယ်.. အိဖူးရဲ့ခြေရင်းမှာ အဲဒိကြောင်က ငုတ်တုတ်လေးလာထိုင်နေတယ်.. ငုတ်တုတ်ထိုင်ရုံတင်မကဘူး အိဖူးကိုကြည့်နေတာ.. အဲဒါနဲ့ ခြေထောက်နဲ့ လှမ်းကန်လိုက်တော့ ပြန်ထွက်သွားတယ်.. ဘယ်နားကိုထွက်သွားမှန်းလည်း မသိဘူး.. အခုမှပြန်တွေးမိတာပါ အဲဒိတုန်းက ပြတင်းပေါက်တွေလည်း အကုန်ပိတ်ထားတော့ ဘယ်ကိုများထွက်သွားလဲပေါ့.. အဲဒိတုန်းကတော့ အိပ်ချင်နေတော့ ဘာမှမတွေးမိဘူး..

မနက်ရောက်တော့မှ ငုံလေးကိုမေးကြတာပေါ့.. ဘာလို့အကျယ်ကြီးထအော်တာလဲ ဆိုပြီးတော့.. သူကလည်း ကြောင်ဝင်လာတော့ လန့်သွားတာပေါ့တဲ့.. ထက်ထက်နဲ့သီရိတို့ကြောက်တတ်ပုံကတော့ အော်သံကြားတော့ လန့်ပြီး စောင်ကိုခေါင်းမှီးခြုံလိုက်တာပဲတဲ့.. (တော်တော်အားကိုးရတဲ့ဟာတွေ..)

သူတို့ကြောက်တတ်မှန်းသိလို့ ထင်ပါတယ်.. ငုံလေးက အိဖူးနဲ့နှစ်ယောက်တည်း ရှိတဲ့အချိန်ကျမှပြောတယ်.. ညက သူထအော်တာ သီရိခြင်ထောင်ထဲမှာ တခြားလူတစ်ယောက်တွေ့လို့တဲ့.. သူတို့နှစ်ယောက်က ခြင်ထောင်ချင်းကပ်လျက်ကိုး.. သီရိခြင်ထောင်ထဲကနေ ငုတ်တုတ်လေးထိုင်ပြီး ငုံလေးကိုလာကြည့်နေတာတဲ့.. ငုံလေးကလန့်ပြီးအော်မှ ခေါင်းရင်းစင်ပေါ်ကနေ ဂလုံဂလွမ်အသံတွေကြားတာ.. ပြီးမှ အိဖူးကလှမ်းမေးတာပေါ့.. အမှန်တော့ သူလန့်ပြီးထအော်တာ ကြောင်ကြောင့်မဟုတ်ဘူးတဲ့.. အဲဒါနဲ့ “နင်မျက်စိမှားတာနေမှာပါ ငါတောင်ကြောင်ကိုတွေ့လိုက်သေးတယ်” လို့ပြောတော့ သူကငြင်းတယ်.. အိဖူးမှားတာတဲ့.. တစ်ရေးနိုးကြီး ထဖြစ်တဲ့ကိစ္စဆိုတော့လည်း အိပ်ချင်မူးတူးနဲ့ “နင်မှားတာ ငါမမှားဘူး”ဆိုပြီး နှစ်ယောက်သားငြင်းလိုက်ကြတာ..

သူကလည်း အခိုင်အမာကြီးကိုပြောနေတာပဲ.. ခြင်ထောင်ထဲကနေ သူ့ကိုလှမ်းကြည့်နေတာ မိန်းမကြီးတဲ့.. အစ်မကြီးအရွယ်လောက်တဲ့.. ဒူးနှစ်ဖက်ကိုပိုက်ထိုင်ပြီး သူ့ကိုကြည့်နေတာတဲ့.. အိဖူးကလည်း “ကြောင်”မှ“ကြောင်”ပဲ.. ကိုယ်တိုင်သေချာမြင်တာကိုး.. “မယုံရင်စောင့်ကြည့် ကြောင်ကအဖြူရောင်” ဆိုပြီးတောင် ပြောခဲ့သေးတယ်..

နောက်ရက်တွေကျတော့ ခေါင်မိုးပေါ်ကကြောင်တွေကို နှစ်ယောက်သားပြူးပြဲပြီးကြည့်ရော.. အဖြူရောင် ကြောင်ရှိမရှိကိုပေါ့.. မတွေ့လည်း မတွေ့တော့ ငုံလေးက သူပြောတာမှန်တယ်ဆိုပြီး တစ်စခန်းထပြန်ရော.. အိဖူးကလည်း ဒီအိမ်နားက ကြောင်မဟုတ်လို့နေမှာပေါ့လို့ငြင်းတာပေါ့.. အဲဒိအချိန်ထိ ဘယ်သူမှမသိသေးဘူး.. နှစ်ယောက်သားကျိတ်ပြီးငြင်းနေကြတုန်း..

နောက်နေ့ညရောက်တော့မှ အိဖူးလည်း ငုံလေးမှန်ကြောင်း ၀န်ခံရတော့တာပဲ.. guide အချိန်မှာ စာအုပ်ကုန်သွားလို့ အပေါ်ကိုတက်ပြီး စာအုပ်သစ်တက်ယူတာ.. အိဖူးတို့ထပ်ခိုးက မီးချောင်းရဲ့မီးခလုတ်က လှေကားနဲ့အဝေးဆုံးမှာ.. နားလည်လား.. လှေကားက ဒီဘက်ထောင့်မှာဆိုရင် မီးခလုတ်က ဟိုးဘက်ထောင့်မှာ .. အဲဒါနဲ့စာသင်ချိန်ရောက်ရင် အကုန်အောက်ဆင်းတော့ မီးကပိတ်ထားခဲ့တာ.. ခေါင်းရင်းပြတင်းပေါက်က၀င်တဲ့ အလင်းရောင်လေးပဲရှိတယ်.. လှေကားကနေတက်လာတော့ ပန်းကန်တွေထားတဲ့ ခေါင်းရင်းစင် ပေါ်မှာ(အိဖူးတို့ကတော့ တက်တက်ထိုင်လေ့ရှိတယ်) လူတစ်ယောက်ထိုင်နေတယ်.. ကျုံ့ကျုံ့လေး.. အဲဒါနဲ့ ကြောင်တောင်တောင်ဖြစ်သွားပြီး အောက်ကိုတောင်ပြန်ဆင်းကြည့်လိုက်သေးတယ်.. အိဖူးတို့လေးယောက် ထဲက ဘယ်သူအပေါ်တက်ပြီး ခိုးအိပ်နေလဲလို့ပေါ့.. စာသင်ခန်းပေါက်ဝကနေ သွားချောင်းကြည့်တော့ ဟိုသုံးယောက်ကခန့်ခန့်ကြီး.. လာချောင်းကြည့်တဲ့အိဖူးကို ပြန်ပြီးပြူးကြည့်နေတယ်.. သူတို့သုံးယောက်ကို တွေ့လိုက်တော့ အရမ်းလန့်သွားတာပဲ.. အပေါ်ကဘယ်သူကြီးလဲဆိုပြီးတော့ပေါ့.. အဲဒါနဲ့ နောက်တစ်ခေါက် ထပ်ခိုးကိုထပ်တက်တော့ လှေကားကိုအသံမြည်အောင် ဗုန်း ဗုန်း ဗုန်း ဗုန်း နဲ့အသေပြေးတက်.. မျက်စိကြီးမှိတ်ပြီး အခန်းကိုဖြတ်လျှောက်.. မီးခလုတ်ကိုဖွင့်.. မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ ဘယ်သူမှမရှိဘူး..

အားပါးပါး.. လန့်သွားတာကို စာနဲ့ဘယ်လိုရေးပြရမလဲမသိဘူး.. တအားကိုလန့်ပြီးကြောင်နေတာ.. ၅ မိနစ်လောက် အဲ့နားမှာပဲရပ်နေမိတယ်.. ကြောင်ပြီးရပ်နေတာလေ.. နောက်မှသတိရလာလို့ စာအုပ်သစ် တစ်အုပ်မြန်မြန်ယူပြီး ဆင်းပြေးရတယ်.. အဲဒါနဲ့ မဖြစ်တော့ဘူးဆိုပြီး ငုံလေးကိုလည်းပြောပြလိုက်တယ်.. ငုံလေးကလည်း “ငါပြောသားပဲ” တဲ့.. အေးလေ လက်တွေ့မြင်လိုက်ရတော့လည်း ယုံချင်သလိုလို.. နောက်တော့ ဘယ်လိုလုပ်ရမလဲ မထူးဘူးဆိုပြီး ထက်ထက်နဲ့သီရိကိုပြောပြလိုက်တယ်.. ထက်ထက်က ငိုပါလေရော.. သူတို့က သရဲကြောက်ကြတာကိုး.. “မကြောက်နဲ့ မကြောက်နဲ့” အားပေးပေမယ့် အိဖူးတို့လည်း ဘာလုပ်ရမလဲမသိဘူး.. နောက်တော့ Guide သင်ပေးတဲ့ဆရာမ အစ်မကြီးမသူဇာကိုပြောပြလိုက်တယ်.. သရဲခြောက်ခံနေရပါတယ်ဆိုပြီးလေ.. မသူဇာက သိပ်လည်းမအံ့သြသွားဘူး.. မသူဇာဆိုတာကလည်း အိဖူးတို့ဆရာရဲ့တပည့်ဟောင်းပဲ.. အိမ်ချင်းကပ်ရပ်နေတယ်.. သူက သူ့အိမ်ကနေ ဘုရားပုံတော်တွေယူလာ အိဖူးတို့ထပ်ခိုးက ခေါင်းရင်းမှာလာကပ်ပေး.. ပရိတ်ဆီတွေကို ခေါင်းငယ်ထိပ်မှာသုတ်ပေးနဲ့.. အထူးအဆန်းတွေ ပေါ့.. တစ်ခါမှလည်း သရဲအခြောက်မခံရဘူးတော့ မသူဇာလုပ်ပေးသမျှပဲ ခံနေလိုက်တယ်..

အဲဒိနောက်ပိုင်းတော့ သိပ်မတွေ့တော့ဘူး.. လူအကောင်လိုက်ကြီး မတွေ့ရတော့ဘူးပေါ့.. အဖြူရောင် ကြောင်ကိုတော့ ငုံလေးနဲ့တူတူ နှစ်ယောက်တည်းရှိနေတုန်း တွေ့လိုက်ရသေးတယ်.. အပေါ်ထပ်မှာ စာလုပ်နေတုန်း ခေါင်းရင်းပြတင်းပေါက်ကျယ်နားမှာ လာထိုင်ပြီး အိဖူးတို့နှစ်ယောက်ကိုကြည့်နေတယ်.. ပြတင်းပေါက်ကပ်ရပ် ဟိုဖက်မှာက ခေါင်မိုးလေ.. အဲ့ခေါင်မိုးမှာထိုင်ပြီးတော့ကို လာကြည့်နေတာဗျာ.. မောင်းထုတ်တော့လည်း မသွားဘူး.. အာဂကြောင်ပဲ .. နောက်တော့ သူ့ကိုဂရုမစိုက်ပဲ ကိုယ့်ဟာကိုယ် လုပ်စရာရှိတာ လုပ်နေတော့မှ ထွက်သွားတော်မူတယ်.. တကယ်ပါပဲ....

အင်း... အဲဒါနောက်ဆုံးပါပဲ.. မသူဇာပြောပြတာကတော့ အဲဒိအစ်မကြီးက ဆရာ့ကို စောင့်ရှောက်နေတဲ့ အစောင့်တဲ့... အိဖူးတို့ကလျှောက်ပြောတာပေါ့.. ဆရာ့ရဲ့အစောင့်ဆို ဆရာ့ကိုပဲစောင့်ရှောက်ပေါ့.. အိဖူးတို့ကို “ကြောင်” ယောင်ဆောင်ပြီး လာချောင်းနေသေးတယ်လို့... အဲလိုပြောတော့ မသူဇာက နင်တို့ကိုစာကျက်လား မကျက်လား စောင့်ကြည့်ခိုင်းထားတာနေမှာတဲ့.. ခွိခွိ.. အဲဒိတုန်းကတော့ အဟုတ်ကြီးမှတ်လို့ စာတွေ ကျက်လိုက်ကြတာ ဝရူးဝရူး .. မောခဲ့လိုက်တာကွယ်..။

ခုပြန်တွေးတော့လည်း နည်းနည်းတော့ ပျော်ရသား ..........။

Saturday, February 20, 2010

မမလား.. အိုး ဘာမှလာစောင့်မနေနဲ့

အရင်က ဆယ်တန်းတုန်းက ဘော်ဒါနေခဲ့တဲ့အကြောင်းကို တစ်ပုဒ်ရေးခဲ့ဖူးတယ်.. အိဖူးတို့နေရတဲ့ ထပ်ခိုးလေးအကြောင်းပေါ့.. အဲဒါရဲ့အဆက်က အခုမှလာတာ.. ဖတ်ကြ..

အဖြစ်ကတော့ ဒီလို ဒီလို.. ဘော်ဒါမှာနေခဲ့တဲ့တစ်နှစ်လုံး စားလိုက် သောက်လိုက်.. စာကျက်လိုက် အိပ်ငိုက်လိုက်.. ကျောင်းတက်လိုက် ကျူရှင်တက်လိုက်.. သူငယ်ချင်းတွေနဲ့နေရလို့ပျော်လိုက် အိမ်ကိုလွမ်းလို့စိတ်ညစ်လို့.. ဆရာတို့အဆူမှာနားပူလိုက် အချော့မှာ ပျော့လိုက်နဲ့ပေါ့..

ဒါပေမဲ့ အရင်ကတည်းက တစ်ခါမှမကြုံဖူးတာမျိုးနဲ့ ကြုံခဲ့ရတယ်လေ.. အတွေ့အကြုံအသစ်ပေါ့.. အိဖူးတို့ရဲ့ ဆရာက နတ်တွေ နဂါးတွေကိုယုံတယ်.. သိတယ်မဟုတ်လား သူက သိုက်ဆက်တွေဘာတွေပေါ့ကွယ်.. ဆရာတို့အိမ်က (အိဖူးတို့ဘော်ဒါကပေါ့နော် တူတူပဲလေ) ဘုရားခန်းမှာဆို ဘုရားဆင်းတုတော့ရှိပါရဲ့.. ဒါပေမဲ့ ပျောက်နေတယ်.. အဲဒိနဂါးရုပ်ကြီးတစ်ခုရှိတာ.. အဲဒိနဂါးရုပ်ထုကြီးက ဘုရားစင်တစ်ခုလုံးကို အုပ်ထားသလိုပဲ.. (ခံစားမိတာကိုပြောပါတယ်) .. နောက်ထပ် ဘိုးဘိုးအောင်ရုပ်ထုတွေ ဓါတ်တော်တွေ ယတြာချေထားတာတွေ အို စုံပလုံစိနေတာပဲ.. ဘုရားစင်လား နတ်စင်လားတောင်မခွဲခြားနိုင်အောင်ပဲ.. အဲဒိဘုရားခန်းထဲဝင်ရင် အိဖူးတော့ ကြက်သီးတွေရော လူသီးတွေထပြီး ဘယ်လိုကြီးခံစားရမှန်းမသိဘူး.. ကြောက်စရာကြီးပဲ..

ဆယ်တန်းတုန်းက ကျူရှင်မှာ စာမေးပွဲကခဏခဏစစ်တယ်.. စာမေးပွဲဖြေတော့ တစ်ယောက်နဲ့တစ်ယောက် အဖြေတိုက်လို့မရအောင် လူတွေကို ခွဲထားတာပေါ့.. သူတို့လူခွဲတဲ့စနစ်က တစ်မျိုးဗျ.. ခုံချဲရုံတင်မကဘူး.. တစ်အိမ်လုံးက ချဲ့ထားတဲ့ အဆောင်တွေ အခန်းတွေမှန်သမျှမှာ တစ်ယောက်စ နှစ်ယောက်စထားတာ.. ဒေါ်ရွှေဖူးတို့များ ကံဆိုးလိုက်ပုံက.. ကြောက်ပါတယ်ဆိုမှ အဲဒိဘုရားခန်းမှာပဲ အမြဲဖြေရလေ့ရှိတယ်.. အဲဒိအခန်းမှာမဖြေချင်ဘူးလို့လည်း ပြောလို့မှမရတာ.. ဘာလို့လဲဆိုရင် အကြောင်းပြချက်တွေ ပေးရတော့မှာလေ.. စကားတွေလည်း မများချင်ပါဘူး.. အဲဒါကြောင့်ဖြေရပြီဆိုရင် အပေါက်ဝနားမှာပဲထိုင်ပြီး ဘုရားစင်ကြီးကျောပေးပြီးဖြေတာပဲ .. :(

တစ်ခါကဆိုရင် chemistry သင်နေတုန်း ၀ုန်းဝုန်းဒိုင်းဒိုင်းဖြစ်တာကြုံရသေးတယ်.. ဆရာဘုရားခန်းထဲ ၀င်သွားတာမြင်လိုက်တယ်.. တရားထိုင်နေတာကိုသိတယ်.. (အိဖူးတို့စာသင်တဲ့အခန်းက ဘုရားခန်းနဲ့ ဘေးချင်းယှဉ်လျက်လေ.. ပြီးတော့ ကာထားတာက မှန်တွေနဲ့ဆိုတော့ မြင်ရတာပေါ့) အဲဒါစာသင်နေတဲ့အချိန် ဆရာက “၀ုန်း”ဆို ထရပ်ပြီး ဘုရားစင်ကြီးကို လက်ညှိုးထိုးပြီး ဘာတွေအော်မှန်းမသိဘူး.. အော်နေတာ.. အိဖူးကြားတာတော့ “မင်းတို့နားမလည်ဘူးလား.. မလာဘူး သွား”တဲ့.. ခုံတွေနဲ့လည်းပစ်ပေါက်နဲ့.. အား ကြောက်စရာကြီးပဲ သိလား.. ကျန်တဲ့ ကိုးတန်းသင်နေတဲ့ဆရာက လာဆွဲ.. ဆရာ့မိန်းမ ဆရာမကလည်း ၀င်ဆွဲတော့မှ မအော်တော့ပဲ ဘုရားခန်းအပြင်ကို ထွက်လာတယ်.. ထွက်လာပြီးတော့ ချက်ချင်းပဲ ခေါက်ခနဲ မေ့လဲသွားရော.. အိုး ပြောမနေနဲ့.. ထပ်ပြီး ၀ုန်းဒိုင်းကြဲပြန်ရော.. ဆေးခန်းပြေးကြ.. စာသင်နေတဲ့ ကိုးတန်း ဆယ်တန်းတွေကိုလည်း ပြန်လွှတ်နဲ့.. အိဖူးတို့လည်း အိဖူးတို့ထပ်ခိုးလေးမှာ ငြိမ်ကုပ်ကုပ်ပေါ့..

ဆရာရယ် ဆရာမရယ်လည်း ညရှစ်နာရီခွဲလောက်မှ ပြန်ရောက်လာတယ်.. ဆေးရုံကနေပြန်လာတာလေ.. ဘာမှတော့မဖြစ်ပါဘူး.. အိဖူးတို့ကတော့ တအားလန့်တာပေါ့.. ဘာဖြစ်တာမှန်းလည်းမသိဘူး.. နောက်မှ ဆရာပြောတာ သိုက်ကခေါ်နေလို့တဲ့.. ဟုတ်မဟုတ်တော့မသိဘူး.. သူပြောတာကို သိရတာပေါ့လေ.. အဲဒိလိုဖြစ်ပြီးတော့ ကြာတော့လည်းမေ့သွားကြတာပေါ့.. နောက်နှစ်ပါတ်လောက်ကြာတော့မှ.. ဇာတ်လမ်းက မင်းသမီးလေးယောက်ဆီရောက်လာတယ်လေ.. ဒန် ဒန့် ဒန် .. .. ..

ဇာတ်လမ်းအဆုံးသတ်လေးက ဘယ်လိုဖြစ်မလဲဆိုတော့ နောက်တစ်ပုဒ်ကို စောင့်ဖတ်ပေါ့နော်.. ခွိခွိ..။

Friday, February 12, 2010

မေ့ထား ... အဲဒိခဏတွေ

ထိုညနေက ငယ်သည် မစန္ဒာ၏“ငယ်သူမို့မသိပါ” စာအုပ်ဖတ်နေသည်.. Grade VI ကျောင်းသူတစ်ယောက် စာကျက်နေသင့်သောအချိန်တွင် စာဖတ်နေခဲ့သောငယ်သည် သူ့မာမီဧည့်ခန်းထဲတွင် ထိုင်နေသည်ကို မြင်သည်.. ညစာစားရန် ဒယ်ဒီ့ကိုစောင့်နေမှန်းလည်း သိသည်.. ထို့ပြင် ဒယ်ဒီပြန်လာသောကားသံကိုလည်း ကြားသည်.. ထို့နောက် သူတို့ရန်ဖြစ်ကြသည်.. အကြောင်းရင်းကို ငယ်မသိ.. ယခင်ဖြစ်နေကျ အတိုင်းပင်ဖြစ်သည်.. ဒယ်ဒီ့ကိုစွပ်စွဲနေသော အပြစ်တင်နေသော ဝမ်းနည်းဖွယ် မာမီ့အသံစူးစူးက ငယ်စာဖတ်ရာ အိမ်အပေါ်ထပ်ထိ ပျံ့လွင့်လာသည်.. ဒယ်ဒီအိမ်မကပ်ပဲနေတာကို မာမီမကြိုက်ဘူးလား..

ငယ်သည် ဝေခွဲမရဖြစ်နေသည်.. ဆင်းသွားပြီး ဖျန်ဖြေစကားဆိုရမည်လား.. ငယ့်ကိုပါအော်လွှတ်ရင် ဘယ်လို လုပ်မှာလဲ.. အရာဝတ္ထုတစ်ခုကို ဆောင့်တွန်းလိုက်သော“ဒုန်း”ကနဲ မြည်သံသည် ဒယ်ဒီ၏အော်ဟစ်သံဖြင့် ရောနှောသွားလေ၏.. တစ်ယောက်တစ်ခွန်းအချေအတင်ပြောနေရာမှ တဖြည်းဖြည်းဆူညံလာသည်.. ကြောက်စရာကောင်းလိုက်တာ.. အပေါ်ထပ်လှေကားထိပ်မှ ငယ်ချောင်းကြည့်လိုက်သည်.. လှေကားနားမှာ ရပ်နေသောဒယ်ဒီက “မလိုဘူး ဖြစ်တယ် သွား” ဟုဆိုကာ လှေကားကိုခပ်ကြမ်းကြမ်းနင်းကာ အပေါ်ထပ်သို့ တက်လာသည်..

ငယ်ဘာလုပ်ရမလဲ.. ဒယ်ဒီကလည်း မျက်ရည်အဝိုင်းသားနှင့် လှေကားထိပ်တွင်ထိုင်နေသောငယ့်ကို တစ်ချက်မှမကြည့်ပဲ အိပ်ခန်းထဲကြမ်းတမ်းစွာ ဝင်သွားသည်.. ဒယ်ဒီ့ကိုကြောက်သည်.. မာမီ့ကိုလည်း သနားသည်.. ဒယ်ဒီ့ကိုသွားဖျောင်းဖျရမလား.. ဧည့်ခန်းတွင်ငိုကြွေးနေသော မာမီ့ကိုချော့ရမလား.. မိဘတွေရန်ဖြစ်ရင် တခြားသားသမီးတွေရော ဘာလုပ်သလဲ.. ငယ်သိချင်လှပါသည်.. မာမီက “ငယ် ထမင်းလာစားမလား” ဟုမေးနေသည်.. “လာစားလိုက်”ဟုပြောသေးသည်.. မာမီရောဘာလုပ်မှာလဲ.. အသံကထွက်မလာပဲ မာမီခိုင်းသည့်အတိုင်း ထမင်းစားခန်းထဲတွင် ထမင်းစားနေမိသည်.. ထိုခဏ၌ ငယ်ကိုယ့်ကိုကိုယ်မုန်းတီးမိနေသည်..

ဒယ်ဒီဆင်းလာပြီး အအေးခန်းထဲမှ ဘီယာတစ်ဘူးဖောက်ကာ စားပွဲတွင်ဝင်ထိုင်ပြီး သောက်နေသည်.. ငိုနေသောငယ့်ကိုလည်း ဘာစကားတစ်ခွန်းမှ မပြောပါ.. ဒယ်ဒီ ထမင်းစားမလားလို့ မေးလိုက်ရမလား.. ငယ်ဘာလို့ အဲဒိလောက်ကြောက်တတ်နေမှန်းမသိ.. “ထမင်းကို စိတ်ပါလက်ပါစားလေ ငယ်ငယ်”.. ဒယ်ဒီကပြောသည်.. ဒယ်ဒီနဲ့ပုံမှန်စကားပြောရမယ်လား.. ပုံမှန်ပြောရအောင် ပုံမှန်အခြေအနေမှမဟုတ်တာပဲ.. မာမီအပေါ်ထပ်မှ ဆင်းလာပြီး အပြင်ထွက်သွားသည်ကို ငယ်တွေ့လိုက်သည်.. တကယ်တော့ ငယ်ထမင်းဆာနေခဲ့သည်.. သို့သော်လည်း အလိုလိုနေရင်း ထမင်းကိုမဝင်.. လက်စသတ်သိမ်းလိုက်တော့ ဒယ်ဒီလည်း အိမ်ရှေ့ထွက်သွားလေသည်.. ဒယ်ဒီက မာမီ့ကိုမချော့ဘူးလား..

တကယ်တော့ ဘယ်သူလွန်တာလဲ.. ဒယ်ဒီကပဲ အပျော်အပါးလိုက်စားလွန်းတာလား.. မာမီကပဲ ဆတ်ဆတ်ထိမခံဖြစ်တာလား.. ဒီအိမ်မှာလည်း ဘာလို့လူသုံးယောက်ပဲ ရှိနေရတာလဲ.. ငယ့်မှာ အစ်ကိုတွေ အစ်မတွေရှိနေခဲ့ရင် သူတို့ဝင်ပြီး ဖြေရှင်းပေးနိုင်မှာပဲနော်.. ငယ်ကရော ဘာလို့တစ်ခွန်းမှဝင်မပြောနိုင်ရတာလဲ.. ငယ်အသုံးမကျလိုက်တာ..

ဒယ်ဒီက ဘာမှမဖြစ်သလို တီဗီကြည့်နေသည်.. အိမ်အပြင်သို့ ငယ်အပြေးကလေးထွက်လာခဲ့လိုက်သည်.. အိမ်ရှေ့ခုံတန်းလေးတွင် မာမီမရှိနေပါ.. ဟင် ဘယ်ရောက်သွားလဲ.. ခြံထဲတွင်လည်းမရှိ.. အိမ်ရှေ့ လမ်းကလေးသို့ လှမ်းလျှောက်လိုက်သည်.. အိမ်တစ်လုံးချင်းစီ သီးခြားတည်ရှိသော ငယ်တို့ resident လေး၏ လမ်းကိုယ်စီသည် လမ်းမီးတိုင်အလင်းရောင်များအောက်တွင် ငြိမ်သက်အေးချမ်းနေသည်.. မာမီ ဘယ်နားထွက်သွားလိုက်တာလဲ.. လမ်းတစ်လျှောက်တွင် ငယ်လိုက်ရှာမိ၏.. အိမ်သုံးလေးလုံး ကျော်လာချိန်အထိ မာမီ့အရိပ်အရောင်မတွေ့ရသေးပေ.. မျက်ရည်လည်ရွှဲနှင့်ငယ်သည် ဟိုဖက်လမ်းကို သွားရနိုးနိုး ဒီဖက်လမ်းကိုလိုက်ရနိုးနိုးဖြစ်နေသည်.. လူတစ်ယောက်ပျောက်သွားလို့ စိတ်ပူပန်စွာ လိုက်ရှာရခြင်းမျိုးသည် ရုပ်ရှင်ထဲ၌သာရှိပြီး ငယ်နှင့်ပတ်သက်လာနိုင်သည်ဟု တစ်ခါမှမတွေးခဲ့ဖူးပေ..

နေပါဦး.. ငယ်ထမင်းပန်းကန်တွေသိမ်းနေတုန်း မာမီအိမ်ထဲသို့ပြန်ဝင်သွားတာများလား.. ငယ် အိမ်သို့ ပြန်ပြေးသည်.. အပေါ်ထပ်သို့တဒိုင်းဒိုင်းပြေးတက်ပြီး မာမီတို့အခန်းတံခါးကို ဖွင့်ကြည့်လိုက်သည်.. ခုတင်ပေါ်တွင် အိပ်နေမည်ဟုထင်ခဲ့သော်လည်း မာမီအိပ်မနေပါ.. အိမ်ရှေ့လမ်းမထိပြေးထွက်သွားပြီး ဟိုဟိုဒီဒီကြည့်လိုက်သည်.. မာမီ ဘယ်မှာလဲ.. ဒယ်ဒီကလည်းနေနိုင်လိုက်တာ.. မရှာဘူးလား.. “ဒယ်ဒီ မာမီဘယ်မှာလဲ”.. ငယ်မေးလိုက်ပါသည်.. “ထွက်သွားတာပဲလေ.. သွားပစေ.. သူပြတ်ချင်လို့ ထွက်သွားတာပဲ.. လိုက်ရှာမနေနဲ့.. အထဲဝင်”...ဒယ်ဒီသည် ခြံတံခါးကို အသံမြည်အောင်ပိတ်လိုက်သည်..

သေချာပါသည်.. ဒယ်ဒီသည် မာမီ့ကိုမချစ်တော့.. မာမီကရော ငယ့်ကိုမချစ်ဘူးလား.. ငယ်သည် ရှိုက်ကြီးတငင်ငိုကြွေးရင်း အိမ်ရှေ့ခုံတန်းပေါ်တွင် မာမီ့ကိုစောင့်မျှော်နေလေ၏.. မာမီပြန်လာပါတော့..။

Thursday, February 4, 2010

yesterday, today and tomorrow

“ပျင်းရိငြီးငွေ့ဖွယ်”
“ခေါက်ရိုးကျိုး”
“လွင့်နေသောစိတ်”
“စိတ်ရှုပ်ဒေါသထွက်”

Wednesday, January 6, 2010

This Is Barcamp !!

မြန်မာလိုဘဲ ပြောရတော့မှာပေါ့ မြန်မာဘားကမ့်ကို ရန်ကုန်မှာစလုပ်တော့မှာ ဆိုတော့လေ။ တကယ်တမ်း ဆိုရင် ဘားကမ့်ဆိုတဲ့ ဝေါဟာရရဲ့သမိုင်းကို အင်တာနက်မှာ ရှာတွေ့နိုင်တယ်ဆိုပေမယ့် အားလုံး နားလည်အောင်ပြောရရင် ဘားကမ့်ရဲ့သဘော တရားကို ရှင်းရှင်းလင်းလင်း သိအောင်နားလည်အောင် ပြောရ မှာ အကောင်းဆုံးဘဲ။ ဘားကမ့်ဆိုတာ ပုံမှန် ဆွေးနွေးပွဲ၊ အစည်းအဝေး၊ တွေ့ဆုံပွဲ စတာတွေလို ကြိုတင် စီမံထားတဲ့ ခေါင်းစဉ်တွေ ထားရှိချင်းမရှိဘဲ တက်ရောက်လာသူတွေက ပြောလာတဲ့၊ ပြောချင်တဲ့ အကြောင်း အရာတွေကို တချိန်ထဲ တပြိုင်ထဲမှာ အများအပြား တင်ပြပေးနိုင်တဲ့ နေရာများစွာကို ဖန်တီးပေးမယ့် ပွဲတခု ဖြစ်ပါတယ်။

ဒီထက်ရှင်းလင်းအောင်ပြောရရင် ဘားကမ့်ပြုလုပ်တဲ့ ပွဲထဲမှာ ဘယ်လို စီမံပေးထားတယ်ဆိုတာကို အရင် ပြောပြဦးမယ်။ ဘားကမ့်စီစဉ်သူတွေက တက်ရောက်လာပြီး မိမိပြောလိုတဲ့ဆွေးနွေးလိုတဲ့ အကြောင်း အရာတွေကို သီးသန့်တင်ပြနိုင်အောင် အခန်းတွေစီမံပေးထားမယ်။ ပြောလိုတဲ့သူတွေဟာ မိမိ တင်ပြပြောဆိုလိုတဲ့ အကြောင်းအရာ ခေါင်းစဉ်တွေကို ပွဲ အတွင်းအစီအစဉ် ကြေငြာသင်ပုန်းမှာ လွတ်လပ်စွာ လာရောက်ပြီး မိမိအစီအစဉ်နဲ့ လာကပ်ထားနိုင်တယ်။ အဲဒီသင်ပုန်းမှာတော့ စီစဉ်ထားတဲ့ အခန်းနံပတ်တွေနဲ့ အချိန် တွေကို ဖော်ပြထားမှာ ဖြစ်ပါတယ်။ ဒီလို လာရောက် ကပ်ထားနိုင်ဖို့ ဘားကမ့် စီစဉ် သူတွေနဲ့ ကူညီသူတွေက တက်ရောက်လာသူတွေကို ကူညီပေးဦးမှာ ဖြစ်ပါတယ်။ အစီအစဉ်အတိုင်းဘဲ အချိန်နဲ့နေရာ သတ်မှတ်ထားတဲ့နေရာတွေမှာ မတူညီတဲ့ အကြောင်းအရာတွေကို တပြိုင်နဲ့ ကျင်းပပေးနေမှာ ဖြစ်ပြီး ဘားကမ့်ကို လာရောက် သူတွေကလဲ အဲဒီတင်ပြပြောဆိုမှုတွေကို မိမိတို့စိတ်ဝင်စားရာ နေရာတွေမှာ လွတ် လပ်စွာ သွားရောက်နားထောင်ပြန်လှန်ဆွေးနွေးမှုတွေကို ပြုလုပ်နိုင်မှဖြစ်ပါတယ်။ ဒီလို မျိုး တင်ပြချက်တွေကို ပိုမိုကျယ်ပြန့်စွာ ဖလှယ်နိုင်ဖို့ အတွက် အကြောင်းအရာ တခုခြင်းစီအတွက် တင်ပြဆွေးနွေးချိန်တွေကိုတော့ အနည်းငယ်အချိန်ကန့်သတ်မှုတွေနဲ့ စီစဉ်ပေးထားမှာ ဖြစ်ပါတယ်။ ဒါကလဲ အများအပြားထွက်ပေါ်လာမည့် ခေါင်း စဉ်တွေအတွက် အားလုံးနားထောင်လို့ရအောင် ပြုလုပ်ပေးရတာဖြစ်ပြီး လူအများ စိတ်ဝင်စားမှုနဲ့ အားပေးမှု ဖြစ်နေတဲ့ ခေါင်းစဉ်အောက်က ဆွေးနွေးချက်များအတွက် အချိန်ပိုရရှိနိုင်အောင် ဆောင်ရွက်ပေးထားမှာလဲဖြစ်ပါတယ်။

တစ်ခုရှိတာကတော့ ဒီဆွေးနွေးပွဲတွေကနေပြီး ဘယ်လိုရလဒ်ကောင်းတွေရရှိလာမယ်ဆိုတာကတော့ ဘားကမ့် စီစဉ်သူတွေက ၀င်ရောက်စွက်ဖက်မှာ မဟုတ်တဲ့အတွက် မိမိတို့ဘာသာ လွတ်လပ်စွာနှီးနှောဖလှယ် နိုင်မှာဖြစ်ပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး၊ ဘားကမ့်ပြုလုပ်တဲ့ပွဲတွေမှာ လူမှုရေး၊ စီးပွားရေး၊နည်းပညာစတဲ့ ကဏ္ဍများစွာကိုပေါင်းကူးပေးတာ ဖြစ်တဲ့အတွက် နည်းပညာရှိပြီး စီးပွားရေး အကြောင်းသိရှိချင်သူ၊ စီးပွားရေး နယ်ပယ်မှာထွန်းကားပေမယ့် နည်းပညာပိုင်းမှာ အားနည်းနေသူ စတဲ့ သူတွေအချင်းချင်းကို တွေ့ဆုံပေးနိုင်မှာဖြစ်ပါတယ်။ ဒီတော့ ဘားကမ့်တွေရဲ့ ပြုလုပ်ရတဲ့ ရည်ရွယ်ရင်းဟာ ဘာလဲဆိုပြီးမေးလာစရာဖြစ်လာနိုင်ပါတယ်။ ဘားကမ့် စီစဉ်သူတွေဟာ ဒီလို တချိန်တည်းတပြိုင်ထဲမှာ အခွင့်အလမ်းပေါင်းများစွာ တိုးတက် လာစေမယ့် ရည်ရွယ်ချက်ကလွဲပြီး မည်သည့် ရည်ရွယ်ချက်မှမရှိဘူးဆိုတာတော့ ရဲရဲပြောချင်ပါတယ်။ ကမ္ဘာနဲ့ တလွှားဘာကြောင့်ဘားကမ့်ပေါင်း များစွာ ကို အကြိမ်ကြိမ်ပြုလုပ်နေတယ်ဆိုတဲ့အကြောင်းဟာ မိမိတို့ဒေသအတွင်းမှာရှိတဲ့ ပြန့်ကျဲနေတဲ့ အားတွေကို စုစည်းပေးစေနိုင်တာကြောင့် လို့ဘဲ ဆိုရမှာ ဖြစ်ပါတယ်။

ဘားကမ့်ဟာ မတူညီတဲ့ လုပ်ရိုးလုပ်စဉ်တွေကို တွန်းဖယ်ပြီး တချိန်ထဲမှာ များစွာသော ကဏ္ဍတွေအတွက် အချိန်တိုတိုနဲ့ထိရောက်တဲ့ ပေါင်းစည်းမှုတခုကို ရရှိစေမယ့် ပွဲတွေလို့ ဆိုရင်လဲ ကျွန်တော်တို့ ပြုလုပ်တဲ့ ရည်ရွယ်ရင်းကို ပိုမိုထိရောက်မယ်လို့ထင်ပါတယ်။
ဒါကြောင့် ဘားကမ့်ကိုလာတဲ့ စိတ်ဝင်စားသူတွေအတွက်ရရှိနိုင်မယ့် အကျိုးအမြတ်ပါးပါးလေးတခုလောက်ကို ထုတ်ကြည့်ရရင် မိမိတို့ တင်ပြချင်တဲ့အကြောင်း အရာတွေ နည်းပညာတွေ စိတ်ကူးတွေကို မိမိတို့အစီအစဉ်နဲ့ သီးသန့်လုပ်ဆောင်တဲ့အခါ ကုန်ကျမယ့် ငွေကြေးနဲ့အချိန်တွေကို လုံးဝလျော့ချပေးလိုက်နိုင်ပါတယ်။ နောက်တခုကတော့ မိမိတို့ သဘောတရားတွေကို မိမိရဲ့ ထင်မြင်ယူဆချက်တွေကို ပြန်လှန်မေးခွန်းထုတ်ခြင်းတွေ အတွက် လုံလောက်တဲ့ ပညာရှင်အများ အပြား ကိုလဲ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ လာရောက်သူတွေအတွက် အဓိကကျတဲ့ ပြင်ဆင်မှုကတော့ မိမိက ဘာကိုသိချင်တယ်၊ ဘာကို တင်ပြချင်တယ်၊ ဘာကို မေးမြန်း ချင်တယ်၊ ဘယ်လိုအကြောင်းအရာတွေကို စိတ်ဝင်စားတယ်ဆိုတဲ့အချက်တွေအပြင် မိမိကိုယ်တိုင်ဟာ ဒီဘားကမ့်မှာ ထင်ပေါ်ကျော်ကြားသူ တယောက် ဖြစ်လာ နိုင်တယ်ဆိုတဲ့ ယုံကြည်မှုလဲ ရှိဖို့လိုအပ်မှာဖြစ်ပါတယ်။
မေးပါများစကားရ ဆိုတဲ့ စကားပုံကတော့ ဘားကမ့်မှာထိထိရောက်ရောက် အသုံးချသင့်တဲ့ စကားတခု ဖြစ်ပါတယ်။

ဘားကမ့်တွေမှာ ပြုလုပ်လေ့ရှိတဲ့ အစီအစဉ်တွေအပြင် ရန်ကုန်ဘားကမ့်မှာ ပြုလုပ်မယ့် ထူးခြားတဲ့ အစီအစဉ်တွေလဲ ပါဝင်ဦးမှာဖြစ်ပါတယ်။ ရန်ကုန်ဘားကမ့် လို့ ခေါ်ဆိုရတာကတော့ ဘားကမ့် ပြုလုပ်တဲ့နေရာတွေမှာ ပြုလုပ်တဲ့ဒေသ ကိုအစွဲပြုခေါ်ဆိုလေ့ရှိတာကြောင့် ကျွန်တော်တို့ ရန်ကုန်ဘားကမ့်လို့ ခေါ်ရတာ ဖြစ်တယ်ဆိုတာ ဘာမှဝိယောဓိမဖြစ်ပါနဲ့။ တကယ်က နေရာဒေသဟာ ကျွန်တော်တို့အတွက် အရမ်းအဓိကကျတဲ့စိတ်ဝင်စားစရာ အကြောင်းတရားမဟုတ်လို့ဘဲ ဖြစ်ပါတယ်။ ကဲပါလေ ဘာဘဲပြောပြော အခြားဘားကမ့်ပေါင်းများစွာမှာ မပါဝင်နိုင်တဲ့ ထူးခြားအစီအစဉ်တွေကို ရန်ကုန်ဘားကမ့်မှာ ထည့်သွင်း ထားဦးမှာမို့ ဘာတွေလဲ ဆိုတာကတော့ လာရောက်တဲ့အခါမှာ ထူးထူးဆန်းဆန်းလေးဖြစ်သွားအောင် ဒီအတိုင်းဘဲ ထားလိုက်ပါဦးမယ်။

ပထမဆုံးအနေနဲ့ သင့်အတွက် ရန်ကုန်ဘားကမ့်ကို လာရောက်ဖို့ အတွက် အမှတ်တရတီရှပ်လေးကို ဘယ်လို အနေအထားဝတ်ချင်တယ်ဆိုတာကို ဒီဆိုဒ်မှာ မှတ်ပုံတင်ရင်း မှာထားနိုင်သလို သင်ဘယ်သူ ဘယ်ကနေ လာမယ်ဆိုတာနဲ့ ဘာခေါင်းစဉ်မျိုးကို ပြောမယ်ဆိုတာလဲ ကြိုတင် ကြော်ငြာထားနိုင်ပါတယ်။ တကယ်လို့ ဒီမှာ မှတ်ပုံတင်မထားရင်လဲ ဘားကမ့်ပွဲအတွင်းမှာ သင်ဟာ ၀င်ရောက်တင်ပြဆွေးနွေးသူတယောက် ဖြစ်နေနိုင် ပါတယ်ဆိုရင် အရမ်းမအံ့သြနဲ့ဦးနော်။ ။ ။

www.barcampyangon.org မှကူးယူပါသည်။




Sunday, January 3, 2010

အနီရောင်ထီးအောက်က တစ်ညနေ

“အမှတ်တရ”ဆိုတာ ကြာရှည်မှတ်မိနေဖို့မလွယ်ဘူးလို့ လက်ခံခဲ့တဲ့ ငယ်ဟာ မောင်နဲ့ပက်သတ်ပြီး ဖြစ်ရပ်လေး တစ်ခုကို အမြဲမှတ်မိနေပါတယ်.. မထူးဆန်းဘူးလားနော်.. ဘာကိုမှကြိုတွေး ကြိုစဉ်းစားလေ့မရှိတဲ့ငယ်.. ဖြစ်ပြီးသမျှကိစ္စတွေကို မှတ်မထားတတ်တဲ့ငယ်က ကိစ္စသေးသေးလေးတစ်ခုကို မှတ်မိနေပါတယ်.. မောင်နဲ့ ပတ်သက်နေတာမို့လို့များလားမသိပါဘူးကွယ်..

အဲဒိနေ့က မိုးရွာတယ်.. မိုးရေအနည်းငယ်စိုရွဲနေခဲ့တဲ့ ငယ်တစ်ယောက် မောင့်ကိုကျောင်းပေါက်ဝကနေ စောင့်နေခဲ့ပါတယ်.. ငယ်တို့အိမ်တူတူပြန်လေ့ရှိတာ မောင်မှတ်မိပါရဲ့လား.. ထီးနီနီလေးကို ဆောင်းပြီး ထွက်လာတဲ့ မောင့်ကိုတွေ့တော့ ငယ်ဝမ်းသာသွားခဲ့တယ်.. ဘာလို့လည်းဆိုတော့ ငယ့်မှာ ထီးမပါလို့လေ.. သူငယ်ချင်းမလေးရဲ့ ထီးအောက်မှာ ခိုကပ်ရပ်ပြီး မောင့်ကိုစောင့်နေခဲ့တာ မောင်မြင်ရင်တော့ ငယ့်ကို ဆူဦးမှာပဲ.. တခြားလူတွေဆူပူရင် ငယ်မကြိုက်တတ်ပေမယ့် မောင်ကကြိမ်းမောင်းရင်တော့ သဘောကျပါ တယ်.. “ကြပ်ကြပ်သတိထား” လို့ ခပ်ကျိတ်ကျိတ်အသံနဲ့ အဆုံးသတ်သွားတတ်တဲ့ မောင်ရဲ့ဆူပူမှုများကို ငယ်အမြဲတမ်းကျေနပ်နေခဲ့တာပဲ..

မောင်ကငယ့်ကိုမြင်တော့ ခပ်သွက်သွက်လျှောက်လာတယ်.. ငယ်မိုးရေတွေစိုနေတာကို မောင်တွေ့သွားတာမို့ မြန်မြန်လျှောက်လာတာလား.. မောင့်ကိုကြည့်နေရတာကိုက စိတ်ထဲမှာသီးသီးသန့်သန့်လေးခံစားရပါတယ်.. မြင်ရတာဘယ်သူနဲ့မှမတူတဲ့ ခံစားမှုမျိုးကိုဆိုလိုပါတယ် မောင်.. အေးနေတဲ့အချိန်ဆို နွေးလာသလိုခံစားရပြီး ဝမ်းနည်းနေတဲ့အချိန်ဆို ပျော်ရွှင်လာပါတယ်..

မောင့်ထီးအောက်ကို ဝင်လိုက်ပြီး ငယ်ပြုံးပြလိုက်ပါတယ်.. ဘာလို့ထီးမပါလာတာလဲဆိုတဲ့ မောင်မေးလာမယ့် အမေးအတွက် ကြိုကာထားတဲ့ မျက်နှာချိုအပြုံးတစ်ခုပါ.. မောင်က ခေါင်းကိုတစ်ချက်ခေါက်လိုက်ရင်း “အရူးမ” လို့ရေရွတ်တာကို ငယ်ကျေနပ်စွာနားထောင်နေခဲ့တယ်.. ငယ့်ကို မောင်အဲလိုခေါ်ရင် အရမ်းကို သဘောကျ တာပဲ.. ကျောင်းကားဆီကို လျှောက်သွားတဲ့လမ်းမှာ မောင်ကငယ့်ကို တစ်နေ့တာအဖြစ်အပျက်တွေ ပြောပြလေ့ရှိတယ်.. ငယ်က စိတ်မဝင်စားချင်ယောင်ဟန်ဆောင်ရင်းက မောင်ပြောတာတွေကိုနားထောင်မယ်.. ငယ်နဲ့မောင့်ရဲ့နေ့စဉ်ပုံစံလေးက သိပ်ပြီးရိုးရှင်းပါတယ် မောင်.. အခုမှတန်ဖိုးထားနေမိတာကတော့ ငယ့်အမှား ပေါ့..

မောင် အဲဒိနေ့ကပြောတာ ဟာသတွေပါ.. ဆရာတစ်ယောက်က ဆူနေတုန်းမှာ မောင့်သူငယ်ချင်း ပုဆိုးကျွတ်သွားတဲ့အကြောင်းကို ပြောနေခဲ့တာ.. ပုဆိုးကျွတ်တာကိုပြောနေတဲ့အချိန် ငယ်က နှုတ်ခမ်းကို လျှာနဲ့သပ်လိုက်မိတာကြောင့် မောင်ကခေါင်းကိုထုရင်း “ပုဆိုးကျွတ်တာကြားတော့ တံတွေးတောင်မထိန်းနိုင်ဘူးလား ဟုတ်လား” လို့ပြောတာကို အစက နားမလည်လိုက်ဘူးလေ.. အူကြောင်ကြောင်နဲ့ မောင့်ကိုမော့ကြည့်မိတယ်.. ငယ်ဘာလုပ်မိလို့ပါလိမ့်.. ကိုယ့်အကျင့်နဲ့ကိုယ် နှုတ်ခမ်းသပ်မိတာပါလို့ ဖြေရှင်းချက် ပေးမိသေးတယ်.. မောင်က ပြုံးစစနဲ့ကြည့်နေတော့မှ နောက်နေမှန်းသိတယ်.. တော်တော်တုံးတဲ့ ငယ်ပါလားနော်.. မဟုတ်ပါဘူးလို့ မောင့်ကိုပြန်ပြောမိပြီး ငယ်မုန့်ဆက်စားနေမိတယ်.. မောင်ကငယ်ကိုကြည့်ပြီး တဟားဟားရယ်တယ်..

အဲဒိတစ်ညနေလေးဟာ ဖြစ်ပျက်သွားတာ အချိန်ဘယ်လောက်မှမကြာလိုက်ပါဘူး.. တကယ်ဆို မိနစ်ပိုင်း လောက်ပဲကြာမှာပါ.. အဲဒါကိုပဲပြန်တွေးမိတိုင်း ရင်ထဲမှာ ဘယ်လိုဖြစ်မှန်းမသိဘူး.. မောင်မရှိတော့တဲ့ နောက်ပိုင်း ငယ်လွမ်းနေတာ အဲဒိညနေက အဲဒိတစ်ခဏလေးပါ .. အခုတော့ ငယ်ထီးယူတဲ့အကျင့်ရှိလာပါပြီ.. ထီးနီနီကိုတွေ့တိုင်း မောင်များဖြစ်မလားလို့ အစိုးမရတဲ့စိတ်က လိုက်ကြည့်နေမိတယ်.. ငယ်နေထိုင်တဲ့မြို့ပေါ်မှာ ထီးနီနီဆောင်းတာ မောင်တစ်ယောက်တည်းမဟုတ်မှန်း သိပါတယ်.. ဒါပေမဲ့ငယ်က ခပ်တုံးတုံး မိန်းမမဟုတ်လား.. အခုချိန်ထိကို ရူးမိုက်စွာနဲ့ပဲ ထီးအနီရောင်တွေကို စွဲလန်းနေတုန်းပါ..

“မင်းငါ့ကိုဘယ်လောက်နားလည်လို့လဲ”ဆိုတဲ့ စကားတစ်ခွန်းနဲ့ အဝေးကြီးဝေးခဲ့ကြတဲ့ ငယ်တို့နှစ်ယောက်.. ဘယ်သူမှနောင်တမရတာ ကျိန်းသေရဲ့လား.. မောင့်ကိုနားမလည်ဘူးလို့ မောင်ထင်ခဲ့တဲ့ မိန်းမတစ်ယောက် ဆိုတော့လည်း မောင်နောင်တရ မရကို မခန့်မှန်းတတ်တာအမှန်ပဲလေ.. (ချစ်ရုံကလွဲလို့) နားလည်မှုတွေ အလျှော့ပေးမှုတွေ ယုယမှုတွေ ဦးစားပေးမှုတွေမရှိတဲ့ငယ်.. မောင်က ငယ့်အတွက် အရာရာခွင့်လွှတ်ပေး တတ်ပေမယ့် ငယ်ကတော့ မောင့်ကိုနားမလည်ပေးခဲ့တော့လည်း ပြဿနာတွေဖြစ်လာတာမဆန်းပါဘူး.. အလျှော့ပေးတယ်ဆိုတာလည်း အတိုင်းအတာတစ်ခုထိပဲရှိမှာပေါ့..

အခုတော့လည်း ဘဝတစ်ခုဆီမှာ ငယ်တို့စီးမျောခဲ့ရပြီ.. ဝေးသွားတာ အခိုက်အတန့် တစ်ခုစာလောက် ကြာသွားပေမဲ့ မောင်နဲ့ပြန်မတွေ့မိတာ အံ့သြစရာ.. ငယ့်ဘက်က သိပ်တောင့်တနေလွန်းလို့များလားမသိပါဘူး.. မောင့်အပေါ်အမှားများလွန်းတာကြောင့် တွေ့ချင်လွန်းတာတောင် တစ်ခါမှပြန်မတွေ့ကြတာလား.. အဲလိုများ လား.. မိုးရွာတဲ့တစ်ညနေလောက်မှာတော့ မောင်နဲ့တွေ့ချင်ပါသေးတယ်.. မောင်ထီးအနီလေးဆောင်းနေ တုန်းပဲလား.. ..