Sunday, June 28, 2009

အိတ်ကပ်ထဲကလိပ်ပြာ

ဒီပေါ်ကိုတက်ခဲ့လေ ......။ လူတွေနဲ့ဝေးလေ ကောင်းလေပဲ။ အမြင့်ကိုတက်တော့ ပျံရတာပိုလွယ်တယ်တဲ့ ..။ ပြောကြတယ် ။ ငါလိပ်ပြာတစ်ကောင် ဖြစ်ချင်လာတယ် .. ပေါ့ပါးစွာနဲ့ ပျံဝဲလို့ရမယ့် ဘာကိုမှအားမကိုးပဲ ထွက်သွားရမယ့်ခရီးတစ်ခုလောက် ငါ့အိတ်ကပ်ထဲကို ထည့်ပေးပါ ....။ ကောင်းကင်ပေါ်ကနေ ဖြန့်ကြဲစရာ ပျော်ရွှင်မှုတွေ (ငါပိုင်သမျှ) ကြဲဖြန့်ပေးခဲ့မှာပါ ..။ သာယာဖွယ်ခရီးတစ်ခုလောက် ငါ့အိတ်ကပ်ထဲ ထည့်ပေးပါကွယ် .... ဘယ်သူ့ကိုမှမလိုဘူးဆိုတာတော့ ထည့်မပြောတော့ပါဘူးနော် ..

မနက်ဖြန်တွေမှာ ငါလိပ်ပြာတစ်ကောင်ဖြစ်ရင်ဖြစ်နေမယ် ..... ပန်းပွင့်ကတော့ မောင်းမထုတ်လောက်ပါဘူး ..။ ခက်တာက ငါပဲ ... ငါကလိပ်ပြာအနက်တစ်ကောင်လေ ... ။ တခါတလေတော့လည်း မြေပုံအမှားကြီးနဲ့ ခရီးသွားလို့ ... ။ လူတွေကလည်း ရီရတယ် ... လိပ်ပြာတွေလိုက်ဖမ်းနေလိုက်ကြတာ .... ။ လိပ်ပြာဖမ်းတဲ့ ပိုက်ကွန်ကြီးထမ်းပြီး လျှောက်သွားနေတဲ့လူတွေလည်းရှိရဲ့ ...။ ငါစဉ်းစားနေတာက အင်း ... ရောင်စုံလိပ်ပြာတွေ ဖမ်းပြီး အိမ်ထဲထည့်ထားလို့ရရင်ကောင်းမယ် ...။ တစ်အိမ်လုံး ရောင်စုံလက်လက်ထလို့ပေါ့ ..။

ပုလင်းထဲက ကဗျာတွေကလည်း ငိုနေတယ် ...။ ငါ့ပုလင်းလေးလည်း ရေတွေရွှဲနေတော့တာပေါ့ ။ တော်တော်ဆိုးတဲ့ကဗျာတွေ ... ကိုက်စားပစ်ဖို့ပဲကောင်းတော့တယ် ။ လိပ်ပြာက ပုလင်းပေါ်မှာနားခိုနေတယ် .. သူဘာကိုစောင့်နေတာလဲ ..... ပုလင်းထဲလာစိုက်မယ့် ပန်းကိုမျှော်နေတာလား ..။ မျှော်မနေနဲ့ .. ပန်းပွင့်မယ့်နေ့ကဝေးသေးတယ် .....။ မျက်နှာကျက်ပေါ် ပျံ့လွင့်သွားတဲ့မီးခိုးငွေ့တွေ ဘယ်ကထွက်နေတာလဲ ... ငါမီးလောင်နေပြီလား ...။ ဟာ ဒုက္ခပဲ ..။ အော် သိပ်တော့ပူစရာမလိုပါဘူး ... ဟိုဖက်လမ်းကူးလိုက်ရင် ငြိမ်းသွားမှာပေါ့ကွာ .. ။ ပင်တော့ပင်ပန်းတာပေါ့ .. ငါကတော့ မျဉ်းကျားကနေ စနစ်တကျ ဖြတ်ကူးတတ်တဲ့ ကောင်လည်းမဟုတ်ပါဘူး ... ဒါပေမယ့် ကူးတဲ့လူတွေကျတော့လည်း ကူးနေတာပဲ ... ။

ဒီချိန်ဆို တောင်ကုန်းလေးတွေပေါ်ကို နေရောင်ကဖြာကျလို့ .. တိမ်တွေကလည်းတောက်ပြီး ညနေတစ်ခုလုံး လိမ္မော်ရောင်ထနေမှာ .... တိမ်တွေကို တစ်စစီလိုက်ကောက်ရဦးမယ် .... ထီးတစ်ချောင်း လက်ကောက်ဝတ်မှာချိတ်ပြီး အပိုင်းအစတွေလိုက်ကောက်နေတဲ့ လူတစ်ယောက်ကိုတွေ့ရင် ကျော်သွားလိုက် ... သူခရီးထွက်ဦးမှာ ... ။ လိပ်ပြာအနက်တစ်ကောင် ပုခုံးပေါ်တင်ပြီး မှားယွင်းမြေပုံတစ်ခုနဲ့ အစိမ်းရောင်တိမ်တစ်စိတ်ကို အိပ်ကပ်ထဲထိုးထည့် ... ပြီးရင်တော့ စိတ်ရူးနဲ့လျှောက်သွား ..... ။ ညနေခင်းတိမ်များ အရောင်တောက်နေသည်ကိုကြည့်ရင်း မနာလိုဖြစ်နေသည်မှာ သူတစ်ယောက်ပဲရှိမယ် ထင်ပါတယ် .. ။

ကဗျာလေးရွတ်လို့ အိပ်ကပ်ထဲက ရထားလက်မှတ်လေးတစ်ခုကို ခဏခဏထုတ်ကြည့် .. ဘူတာရုံရောက်ရင် ရထားလာမလား နားစွင့် ..။ ဒီဘူတာအဟောင်းထဲမှာ သူတစ်ယောက်တည်းရယ် ... နောက်တော့ သံလမ်းတွေပေါ်မှာ လမ်းလျှောက်ပြီး အိမ်ဆိုတာကြီးဆီပြန်လာ ... ။ ဒီလူကလည်း ရီရတယ် ..။ မလာမယ့် ရထားကို မျှော်လို့ ..... ။

ဆေးလိပ်တစ်လိပ်ကို ဖွာရှိုက်နေရင်းနဲ့ သူကရေကန်ကိုကြည့်နေတယ် .. မီးမလောင်တဲ့ ကိုယ်ခန္ဓာကနေ အငွေ့တထောင်းထောင်းထွက်လို့ပဲ ... လရောင်ကိုမျှော်နေပေမယ့် ကြယ်တွေပဲစုံလာတယ် ...။ သူ့လိပ်ပြာလေးက လက်ပေါ်မှာလာနားတယ် ..။ ဆေးလိပ်မီးပူတော့မှာပဲကွာ .... လိပ်ပြာလေးပျံသန်းသွားရာကို လိုက်ကြည့်မိတော့ ကမ္ဘာအသစ်တစ်ခုခုကို ဝေဝေဝါးဝါးမြင်မိသလိုလို ..။ ပန်းခင်းကြီးထဲက အိမ်လှလှတစ်လုံး ကိုမြင်မိသလိုလို ...။ အော် ငါ့လိပ်ပြာပြန်မလာပါလား ..။ ပန်းပွင့်တွေဆီကို ထွက်သွားပြီလေ .... ငါ့ကမ္ဘာမှာက ပန်းတွေမပွင့်တော့ဘူးပဲ ..။ ထွက်သွားလိုက်ပါ လိပ်ပြာငယ် .....။ တစ်နေ့တော့ ငါ့ဘူတာမှာ ရထား ဆိုက်လာဦးမှာပါကွယ် ...။

သူ့ကမ္ဘာမှာ အရာအားလုံးကိုပေါင်းစည်းလိုက်သောအခါ အမှားများကိုရရှိလာသည် .. ဘဝကလေးသည် နေချင်စဖွယ်မရှိ ခြောက်သွေ့လျက်သာ .. ။ ဘူတာကိုမဆိုက်သေးတဲ့ ရထားပေါ်မှာ မောင်းမထုတ်မယ့် ပန်းပွင့်ကိုပဲ မျှော်နေတော့ လိပ်ပြာလည်း မောပြီပေါ့ကွယ် .. ။





Sunday, June 14, 2009

ပုံပြင်လေး

သူက စင်နောက်ဖက်မှာရှိနေခဲ့တာ ကာလတစ်ခုစာတော့ရှိနေခဲ့ပြီ .. သူနှင့်တစ်ချိန်တည်းထွက်ပေါ်ခဲ့သည့် မီးခိုးရောင်ကြွက်လေးရယ် အစင်းလေးတွေ ပါတဲ့ကျားလေး ရယ် ကျားသစ်လေးတစ်ကောင်ရယ် နောက် အညိုရောင်ခွေးလေးရယ် .. တခြားအရုပ်တွေက အသီးသီးထွက်သွားကြပြီ .. သူသာ ရှေ့ကနေ နောက်ကိုရောက် .. အသစ်ထပ်ပေါ်လာတဲ့အရုပ်များက သူ့ရှေ့မှာနေရာယူပြီး သူ့ကိုကွယ်ထား .. စင်ရှေ့မှာလာရပ်တဲ့လူရှိလာရင်တောင် သူ့မှာမမျှော်လင့်ရဲတော့ပေ .. အနောက်ဖက် ခပ်ကျကျတွင် ချိတ်ဆွဲခြင်းခံထားရသောသူ့ကို သူ့သခင်မ တက္ကသိုလ်ကျောင်းသူကောင်မလေးက တစ်နေ့တွင် တွေ့သွားခဲ့သည် .. သူ့အရှေ့တွင်ရှိနေသော အရုပ် သော့ချိတ်များကိုကြည့်ပြီး သူ့ကိုတွေ့သောအခါ “ဟယ် ရုပ်ဆိုးဆိုးလေး” ဟူသော ချီးကျူးစကားတစ်ခွန်းနှင့်အတူ သူ့ကိုဖြုတ်ယူလိုက်ပါသည် ..

ကောင်မလေးနှင့်အတူပါလာသော သူငယ်ချင်းမလေးက “နင့်ဟာကလည်း ဖုန်တွေနဲ့” တဲ့ .. သူငယ်ချင်းမလေးပြောတာကို စိတ်မဝင်စားပဲ သူ့ကိုလှည့်ပတ်ကြည့်နေတဲ့ သူ့သခင်မအလောင်းအလျာလေးက “ဖုန်ပဲဟာ လျော်လိုက်မှာပေါ့ .. ချစ်စရာလေးပါ” လို့ပြန်ပြောတော့မှ သူသက်ပြင်းတစ်ခုကို ခိုးချလိုက်မိသည် .. နောက်ဆုံးတော့ ငွေချေကောင်တာမှာ ငွေချေပြီးတော့ သူ့သခင်မ ကောင်မလေးခေါ်ရာနောက်သို့ ဝမ်းသာခြင်းများနှင့် လိုက်ပါခဲ့လေသည် ..

အိမ်ရောက်သောအခါ ကောင်မလေးက လွယ်အိတ်ကိုစားပွဲပေါ်ပစ်တင်လိုက်သည် .. ထို့နောက် အိတ်ထဲမှ သူ့ကိုထုတ်ပြီးတော့ လှည့်ပတ်ကြည့်နေသည် .. သူအချိုသာဆုံးပြုံးပြလိုက်လို့လားမသိ .. “ဘာရုပ်မှန်းလဲမသိဘူး” ဟုသူ့ကို ကောင်မလေးကပြောသည် .. နောက်တော့ ရေချိုးခန်းထဲသူ့ကိုခေါ်သွားသည် .. ထို့နောက်တော့ ဆပ်ပြာမှုန့်ရည်ထဲသို့နှစ်စိမ်လိုက်ခြင်းကို ခံလိုက်ရသည် .. သွားပွတ်တံလေးနှင့် သူ့ကိုယ်လုံးပေါ်ရှိ ဖုန်များကြေးများကို ပွတ်တိုက်ပေးနေသည် .. ရေနှင့်စိမ်ကာစိမ်ကာ ဆပ်ပြာပြောင်အောင် ဆေးပေးပြီးနောက်တော့ ရေစင်သွားအောင်ခါလေသည် .. “ဘုရားဘုရား ကောင်မလေးရေ ငါ့လက်တွေခြေထောက်တွေ ပြုတ်ကုန်တော့မှာပဲ” စိတ်ထဲမှအော်ပြောနေမိသည် .. ကောင်မလေးက စိတ်တိုင်းကျခါထုတ်ပြီးမှ Hair Dryer နှင့်မှုတ်ပြန်သည် .. မှုတ်ပြီးတော့မှ သူ့ကိုမျက်နှာသုတ်ပဝါတစ်ခုပေါ်မှာ ချထားခဲ့လေသည် .. “အောင်မလေး အခုမှပဲအနားရတော့မယ်” .. သူတွေးနေရင်းနှင့် အိပ်ပျော်သွားသည် ..

သူရုတ်တရက်လန့်နိုးသွားသည်မှာ သူ့ကိုဆွဲယူခြင်းခံလိုက်ရသောကြောင့်ဖြစ်သည် .. မျက်လုံးတွေ ဝေဝေဝါးဝါးဖြစ်နေချိန်မှာပဲ သူ့ကို ကောင်မလေးက လွယ်မည့်အိတ်တွင် ချိတ်ဆွဲလိုက်သည် .. ကောင်မလေးအိတ် ခရမ်းရောင်လေးပေါ်တွင် သူ့အစိမ်းရောင်က တော်တော်လေးတော့ပေါ်လွင်ပါသည် .. ကောင်မလေးက ချိတ်လိုက်ပြီးမှ အိတ်နှင့်သူ့ကိုတစ်ချက်ကြည့်လိုက်သည် .. “တော်ပါသေးရဲ့ ဖုန်တွေပြောင်လို့” ဟု တီးတိုးပြောသံကို ကြားလိုက်သေးသည် .. နောက်တော့ အိတ်ကိုခဏချကာ အခန်းထဲမှထွက်သွားသည် .. ဘာသွားလုပ်တာပါလိမ့် .. ၁၅ မိနစ်လောက်ကြာမှပြန်ရောက်လာပြီး အိတ်ကိုကောက်လွယ်၊ မီးဖိုခန်းမှ ဆွဲခြင်းတောင်းလေးကိုယူကာ လမ်းထိပ်ကို သူနှင့်အတူထွက်လာခဲ့ကြသည် ..

ကောင်မလေးကျောင်းသွားတော့မယ် .. မနက်ခင်းမိုးအုံ့နေသောကြောင့် နေရောင်ခြည်မဖြာနေပါ .. သူ့မှာ ကောင်မလေး၏ ဝင်းဖန့်ဖန့်မျက်နှာလေးကို ခိုးပြီးမော့မော့ကြည့်ရတာအမော .. ကောင်မလေးက ထမီလေးနဲ့လည်း လှတာပါပဲလား .. နောက်တော့ ကောင်မလေးစောင့်နေသော ကျောင်းကားရောက်လာသည် .. ကျောင်းကားပေါ်ရောက်တော့ နေရာတွင်ထိုင်လိုက်ပြီး လွယ်အိတ်ကိုပေါင်ပေါ်တင်ထားလိုက်သည် .. ကောင်မလေးက ဘေးတွင်လာထိုင်သော သူငယ်ချင်းတစ်ယောက်နှင့်စကားပြောရင်း သူ့ကိုလက်ကကိုင်ကာ ဆော့ကစားနေသည် .. ရယ်ပြုံးနေသောကောင်မလေးက တစ်ချက်တစ်ချက်သူ့ကိုငုံ့ငုံ့ကြည့်သည် .. ကားထွက်သောအခါ ကောင်မလေးက သူငယ်ချင်းနှင့်စကားမပြောတော့ဘဲ အပြင်ဖက်ကိုသာ ငေးမောနေ လေသည် ..

ကျောင်းရောက်တော့ ကောင်မလေးက ဆိုင်တစ်ဆိုင်တွင်ဝင်ထိုင်ကာ သူငယ်ချင်းများကိုစောင့်နေသည် .. ကောင်မလေးရဲ့သူငယ်ချင်းတစ်ယောက် အရင်ဆုံးရောက်လာသည် .. သူချက်ချင်းမှတ်မိလိုက်သည် .. သူ့ကိုဝယ်တဲ့နေ့က တူတူပါလာတဲ့သူငယ်ချင်းမလေးဖြစ်သည် .. သူပြုံးပြလိုက်သည် .. သူငယ်ချင်းမလေးက ကောင်မလေးကို “ဒီမှာ နင့်အတွက် ရော့” ဟုဆိုကာ ပစ္စည်းလေးတစ်ခုလှမ်းပေးသည် .. ပုတီးစေ့လေးများ ဖြင့်လုပ်ထားသော သော့ချိတ်တစ်ခုဖြစ်ပါသည် .. ဘုရားရေ ငါ့ကိုဖြုတ်ပစ်တော့မှာလား ... သူစိုးရိမ်သွားသည် .. ပုတီးစေ့အညိုရောင်ပြောင်ပြောင်လေးများကလည်း ကောင်မလေး၏ခရမ်းရောင်လွယ်အိတ်နှင့် လိုက်ဖက် လှပါသည် ..

ကောင်မလေးက ပုတီးစေ့လေးများကို တို့ထိကြည့်နေရင်းကပင် သူ့ကို “ငါလျှော်လိုက်တာပြောင်သွားပြီ တွေ့လား” ဟူ၍ သူငယ်ချင်းမလေးအားကြွားနေသည် .. သူအစွမ်းကုန် အချိုသာဆုံးပြုံးပြနေလိုက်ပါသည် .. “အင်းပါ အင်းပါ နင်ပြောင်တယ်ဆိုပြောင်တယ်ပေါ့ဟယ်” တဲ့ ... နောက်တော့ ကောင်မလေးက “ဟဲ့ .. ဒါဘာကောင်လဲ” ဟု သူငယ်ချင်းမလေးကိုမေးလိုက်သည် .. သူငယ်ချင်းမလေးက “ဖားလေ” တဲ့ .. ကောင်မလေးက သူ့ကိုမြှောက်ပြလိုက်ရင်းက “ဖားမှာ အမြီးပါလို့လား” လို့ပြောပြန်သည် .. အဲ ဟုတ်တယ် .. သူက ဖားရုပ်တစ်ရုပ်ပေမယ့် အမြီးပါနေသည် .. “အဲဒါကြောင့်ပြောတာ ဘာကောင်မှန်းမသိပါဘူးလို့” ကောင်မလေးက ညည်းတွားသလိုပြောနေပြန်သည် .. “ငါနာမည်ပေးထားတယ်လေ သိလား .. ဖားမြီးပေါက်တဲ့ ဟိ .. မိုက်တယ်ဟုတ်” ... ရယ်ရင်းမောရင်း ကောင်မလေးက သူ့နာမည်ကိုမိတ်ဆက်ပေးနေသည် .. သူငယ်ချင်းမလေးကလည်း ရယ်နေရင်းက “ဟိုကောင်တွေလာပြီ” တဲ့ .. ကောင်မလေးက ပုတီးစေ့သော့ချိတ်လေးကို အိတ်ထဲထည့်လိုက်သည် .. နောက်တော့ ကျောင်းဝင်းထဲဝင်ခဲ့ကြသည် .. ကောင်မလေးက အသိမိတ်ဆွေပေါများလှသည် .. ငါးလှမ်းလောက်လျှောက်လိုက် စကားပြောလိုက် နောက်သုံးလှမ်းလောက်လျှောက်လိုက် နှုတ်ဆက်လိုက်နှင့် .. နောက်တော့ ကောင်မလေးအတန်းတက်သည် .. စာအုပ်ထုတ် ပစ္စည်းထုတ်သည့်အခါတိုင်း ကောင်မလေးလက်များက သူ့ကိုထိတွေ့သည် ..

နောက်တော့ မိုးတွေရွာလာသည် .. ကောင်မလေးက “ဟေး မိုးရွာပြီဟ” လို့ထအော်သည် .. ကောင်မလေးက မိုးရွာတာကိုကြိုက်ပုံပဲ .. အတန်းဆင်းတော့ ကောင်မလေးတို့သူငယ်ချင်းအဖွဲ့တွေ ရောက်လာပြီး ကန်ကင်းမှာနေ့လည်စာစားကြသည် .. ကန်တင်းဆိုင်နဲ့ရင်းနှီးပုံပါပဲ .. ဆိုင်ရှင်အစ်မကြီးရဲ့ သမီးလေးသေးသေးလေးကလည်း ကောင်မလေးကိုတွေ့သည်နှင့် သူ့အမေချီထားတဲ့ကြားက ကောင်မလေးဆီအတင်းတိုးဝင်သည် .. ကောင်မလေးကလည်း “ဟေး ဖြည်းဖြည်းပေါ့” ဟုဆိုကာ လွယ်အိတ်ကိုပင်မချနိုင်ပဲ ကလေးမလေးကိုချီလိုက်သည် .. ကလေးမလေးက လွယ်အိတ်တွင် တပ်ထားသောသူ့ကိုမြင်သွားကာ လှမ်းလှမ်းဆွဲသည် .. ကောင်မလေးက ကလေးမလေးကိုချီနေရင်းနှင့်ပင် ခုံမှာဝင်ထိုင်လိုက်ပြီး စားဖို့အစားအသောက်ကိုမှာနေသည် .. ကလေးမလေးကလည်း လက်တိုတိုလေးနှင့် မမှီမကမ်းသူ့ကိုလှမ်းလှမ်းဆွဲနေသည် .. ကောင်မလေးက တွေ့သွားပြီး ကလေးမလေးကို “ဒါတော့မရဘူး” ဟုပြောသည် .. နောက်တော့ မုန့်ကျွေးလိုက်မှ ကလေးမလေးက သူ့ကိုမေ့သွားကာ မုန့်စားနေလေသည် .. တော်ပါသေးရဲ့ ..

နောက်နေ့ နောက်နေ့များတွင်လည်း သူသည်သာ ကောင်မလေးလွယ်အိတ်တွင် အမြဲရှိနေခဲ့သည် .. ကောင်မလေးတွင် သော့ချိတ်တွေအများကြီးရှိပါသည် .. ရက်တွေကျော်လို့ လပြောင်းလာသည် .. ကောင်မလေးလွယ်အိတ်တွေလည်း အရောင်အမျိုးမျိုး ဒီဇိုင်းအမျိုးမျိုးပြောင်းသွားသည် .. သို့သော် သူကတော့ ဘယ်တော့မှမပြောင်းလဲသွားပါ .. သူတွေးတွေးပြီးကျေနပ်နေခဲ့သည် .. မိုးရေစိုရွဲလာသည့်နေ့များတွင် အိမ်ပြန်ရောက်လျှင် ကောင်မလေးက သူ့ကိုရေခြောက်အောင် Hair Dryer ဖြင့်မှုတ်ပေးပြန်သည် .. ကောင်မလေးမှာ ရေစိုနေတဲ့အင်္ကျီကိုတောင်မလဲလှယ်နိုင်ဘဲ သူ့ကိုအရင်ခြောက်အောင်လုပ်ပေးသည်များကို တွေ့ရသောအခါ သူတော်တော်ဝမ်းနည်းရသည် .. ဘုရားရေ ကောင်မလေးက ငါ့ကိုတော်တော်ချစ်ပါလား ..

မိုးရာသီနောက်ဆုံးအပါတ်ဖြစ်သည် .. မှတ်မှတ်ရရ မိုးတွေကသည်းကြီးမည်းကြီး .. မနက်ကျောင်းသွားဖို့ပြင်ဆင်သည် .. ထုံးစံအတိုင်း သူကကောင်မလေးလွယ်အိတ်မှာ ဝင့်ဝင့်ကြွားကြွား တလှုပ်လှုပ်နှင့် ... ကျောင်းရောက်သောအခါ ကောင်မလေးစိုနေပြီ .. မိုးကလည်း တစ်နေ့လုံးရွာသည် .. ကောင်မလေးအဝတ်အစားတွေ သိပ်မခြောက်တော့ .. တစ်နေ့လုံးစိုထိုင်းထိုင်းနှင့် .. ကောင်မလေးနည်းတူ သူလည်းရွဲလို့ .. နေ့လည်ကန်တင်းရောက်တော့ ကောင်မလေးက သူ့ကိုငုံ့ကြည့်ရင်း “အိမ်ရောက်မှ ခြောက်အောင်လုပ်ပေးနော်” တဲ့ .. သူပြန်ပြုံးပြလိုက်သည် .. အိမ်ကိုမြန်မြန်ရောက်ချင်လှပါပြီ .. ဒါမှသူ့ကိုခြောက်အောင်လုပ်ပေးပြီး ကောင်မလေးလည်း အဝတ်အစားလဲကာ နွေးနွေးထွေးထွေးရှိတော့မည်ဖြစ်သည် ..

ညနေပြန်ချိန်ရောက်ပြီ .. မိုးကသည်းလာပြန်သည် .. ကျောင်းသားကျောင်းသူတွေအားလုံး ထီးကိုယ်စီ မိုးရေရွဲရွဲကိုယ်စီနှင့် .. ကောင်မလေးရေ မြန်မြန်ပြန်ကြပါစို့ .. သူပြောနေမိသည် .. ကောင်မလေးက ခြင်းတောင်းကိုလက်မှချိတ် တစ်ဖက်ကထီးကိုကိုင်ကာ အိမ်ပြန်ဖို့သူ့သူငယ်ချင်းတွေကို လောဆော်နေသည် .. ကျောင်းပေါက်ဝနားမှာ ကျောင်းသားတွေပြုံတိုးလို့ .. ထီးတွေနှင့်ရှုပ်ယှက်ခပ်ကာ တိုးမပေါက် .. အော် ဒုက္ခ .. ကောင်မလေးလည်း စိတ်ညစ်နေပုံပဲ .. အိမ်ပြန်ရောက်ရင်ပြီးရော တိုးဝင်လိုက်ပါ ကောင်မလေးရယ် .. ကောင်မလေးနှင့်သူ့သူငယ်ချင်းတွေ အပေါက်ဝနားရောက်လာပြီ .. သို့သော် တိုးမဝင်သွားသေးဘဲ အနောက်နားမှာရပ်နေကြသည် .. ကောင်မလေးက “ခဏလောက်နေမှ ထွက်တာပေါ့” ဟုပြောနေသည် ..

အဲဒိအချိန်မှာပါပဲ .. အစွန်နားမှာရပ်နေတဲ့ကောင်မလေးကို တခြားကျောင်းသားတစ်ယောက်က ဝင်တိုက်သွားတာ .. ထိုကျောင်းသား၏ လွယ်အိတ်နှင့်ငြိပြီး ချိတ်မှပြုတ်ကာ သူအောက်ပြုတ်ကျသွားသည် .. ကောင်မလေးကမသိ .. ဒုက္ခပါပဲ .. ကျောင်းသားများရဲ့ခြေထောက်တွေကြားမှာ သူရောက်နေပြီ .. ထိုစဉ်မှာပဲ လမ်းလျှောက်လာသော ခြေထောက်တစ်စုံက သူ့ကိုအဝေးရောက်အောင်ကန်ထုတ်လိုက်သည် .. ကောင်မလေးနှင့်ပိုဝေးသွားပြီ .. ကောင်မလေးက သူ့ကိုမမြင် .. ပြုတ်ကျသွားတာတောင်မသိတာ .. သူ့ကိုတက်နင်းသွားကြသည် .. နာကျင်သည့်ဒဏ်ကိုခံနေရင်းက ကောင်မလေးကိုသူကြည့်နေမိသည် .. ကောင်မလေးတို့အုပ်စု တရွေ့ရွေ့နှင့် အပေါက်ဝနားကို လျှောက်နေကြသည် .. သူ့မှာလည်း လျှောက်လမ်းပေါ်ကနေ ဘေးကရေမြောင်းလေးထဲကို ပြုတ်ကျသွားသည် .. သွားပြီ .. သူကျန်ခဲ့ပြီ .. ကောင်မလေးနှင့်တူတူအိမ်မပြန်ရတော့ပါ .. ဘယ်တော့မှခြောက်ခြောက်သွေ့သွေ့နေရတော့မည်မဟုတ်ပါ .. ကောင်မလေးကိုလည်း ဘယ်တော့မှမြင်ရတော့မည်မဟုတ်ပါ .. ကောင်မလေးက အိမ်ပြန်သွားလေပြီ ..

နေပါဦး .. သူမရှိတော့တာ ကောင်မလေးသိသွားရင် ပြန်လာရှာမှာပါ .. ဟုတ်တယ် .. ကောင်မလေး နင်မသိသေးဘူးလား .. နင့်ဘေးမှာ ငါပါမလာဘူးလေ .. ငါဒီမှာကျန်နေခဲ့ပြီ .. ကောင်မလေးရေ ငါ့ကိုလာရှာပါ .. ငါခြောက်ခြောက်သွေ့သွေ့ပဲနေချင်တယ် .. နင့်နားမှာပဲ နေချင်တယ် .. ကောင်မလေးရေ .. သူခေါ်နေခဲ့သော်လည်း ကောင်မလေးပြန်မလာပါ .. ညရောက်သွားသော်လည်း ကောင်မလေးရောက်မလာပါ .. နောက်နေ့မနက်ထိ သူ့ဆီကောင်မလေး မရောက်လာ .. သူလည်း ပင်ပန်းနေပြီ .. အိပ်လိုက်ရတော့မလား .. ကောင်မလေးလာရှာလို့ အော်ခေါ်ရင် သူမကြားဘဲနေဦးမယ် .. မအိပ်တော့ဘူး ..

ရေမြောင်းဘောင်လေးမှာ မှီရင်း သူနွမ်းလျပင်ပန်းစွာ ရှိနေခဲ့သည် .. ကောင်မလေးက ဘယ်တော့မှမရောက်လာခဲ့ပါ .. ရေများကသူ့ကို တွန်းတိုက်ပြီး စီးဆင်းနေကြသည် .. ရေစီးမှာမျောသွားမှာစိုးလို့ တင်းခံထားရတာလည်း မောလှပါပြီ .. ပင်ပန်းတယ် .. မျက်လုံးများမှိတ်လိုက်တော့ ကောင်မလေးလွယ်နေကျ ခရမ်းရောင်လွယ်အိတ်လေးကိုမြင်ယောင်လာသည် .. ထိုလွယ်အိတ်လေးတွင် အညိုရောင်ပုတီးစေ့ ပြောင်ပြောင်လေးများက သူ့နေရာကိုယူထားကြသည် .. ကောင်မလေးကလည်း ထုံးစံအတိုင်းပြုံးလို့ သူ့သူငယ်ချင်းများနှင့် စကားပြောနေလေသည် .. ထိုအချိန်မှာပဲ သူမောပန်းသမျှ တင်းခံထားသမျှတွေ ပျောက်ကွယ်သွားသည် .. သူသိလိုက်သည်ကတော့ ရေစီးနှင့်အတူမျောပါနေပြီဖြစ်သည် .. ဤသည်က သူသိလိုက်သော နောက်ဆုံးအသိဖြစ်သည် .. ပင်ပန်းမှုတွေ ထပ်မရှိအောင် သူလုံးဝအိပ်ပစ်လိုက်တော့လေသည် ....။