Wednesday, November 25, 2009

ဘာလိုလိုနဲ့တစ်နှစ်ပြည့်ပြီပဲ

အခုဆိုရင်ဖြင့် ဒီလိုရက်မြတ်မင်္ဂလာဖြစ်တဲ့ ၂၆ ရက် နိုဝင်ဘာလမှာ အိဖူးရဲ့စာမျက်နှာလေး တစ်နှစ်ပြည့်သွားပါပြီ.. အားရင်ရေးလိုက် စိတ်ကူးမပေါ်ရင် မရေးဖြစ်လိုက်နဲ့... စိတ်ကောက်တတ်တဲ့ ဘလော့လေးကိုလည်း ချော့တစ်လှည့် ခြောက်တစ်လှည့်.. အော် ဘာလိုလိုနဲ့ တစ်နှစ်ပြည့်ပြီပဲ... တစ်နှစ်သမီးလေးအတွက် မွေးနေ့လက်ဆောင် ပေးတဲ့အနေနဲ့ ပို့စ်အဟောင်းလေးတစ်ပုဒ် ပြန်တင်မယ်.. အဟောင်းတွေ အသစ်ဖြစ်စေလိုတဲ့ဆန္ဒ မဟုတ်ရပါဘူး.... ရှည်ရှည်ဝေးဝေးပြောမနေဘူး.. တင်ရတဲ့အကြောင်းရင်းကတော့ “ငါကြိုက်လို့ကွ”.....။

“ကဗျာပုလင်းလေး”
ကျွန်မတွင် ပုလင်းလေးတစ်လုံးရှိသည်.. သွယ်လျသောပုံသဏ္ဍာန်နှင့် ခရမ်းနုရောင်ပုလင်းလေးသည် အလွန် လှပသည်.. ထိုပုလင်းထဲတွင် ကျွန်မကဗျာများထည့်သိမ်းထားသည်.. ထိုအခါ ပုလင်းလေးသည် ကဗျာများ ကြောင့် ပိုမိုတောက်ပလာသည်.. ကြယ်ကြွေသောညများတွင် ကျွန်မက ကဗျာများကို ထုတ်ဖတ်လေ့ရှိသည်.. ထိုအခါ ပုလင်းလေးကပါ ကျွန်မနားတွင်ထိုင်ကာ ကျွန်မဖတ်ပြသောကဗျာများကို နားထောင်နေတတ်သည် .. လွမ်းမောဖွယ်ကဗျာများကို ကြားလျှင် အဝေးကိုငေးနေတတ်သော ပုလင်းလေးတွင် ချစ်သူရှိပါသလား ..
နေသာသောနေ့များတွင် ကျွန်မတို့လမ်းလျှောက်ထွက်ခဲ့ကြသည်.. ပုလင်းလေးထဲမှ ကဗျာများကလည်း ပျော်ရွှင်မြူးတူးလျက်.. ပုလင်းလေးကပါ ပြုံးနေသည်.. ကဗျာတစ်ပုဒ်ခုန်ချထွက်ပြေးသောအခါ ပုလင်းလေး ငိုသည်.. ကဗျာလေးနာမည်က “ငှက်”တဲ့.. ထားလိုက်ပါတော့ကွယ်.. ငှက်ဆိုတာ ပျံသန်းနေတဲ့ သတ္တ၀ါဆိုတာ မင်းမသိဘူးလား.. မငိုနဲ့.. ရွက်ကြွေလမ်းတလျှောက်ပြေးရင်း အရှိန်ရလာသောအခါ ပျံသန်းသွားသော ကဗျာလေးကို ကျွန်မလက်ပြနေမိသည်.. ပူပြင်းသောနေရောင်ကြောင့် စက္ကူများမီးလောင်သွားပြီး ပြာများအဖြစ် ကြွေကျလာသောအခါ ၀မ်းနည်းစွာဖြင့် ကျွန်မတို့လှည့်ထွက်လာခဲ့မိပါသည် .. ပုလင်းလေးကို ကျွန်မသနားသောကြောင့် ကဗျာသစ်တစ်ပုဒ်ထပ်ထည့်ပေးခဲ့သည်.. နာမည်က “ကြိုးတစ်ချောင်း”တဲ့.. ထိုကြိုးကို ပုလင်းလေးက ကြိုးနှင့်ချည်ထားဖို့ကြိုးစားသည်.. မင်းဘာလုပ်တာလဲ.. ဒါမှထပ်ထွက်မပြေးမှာပေါ့တဲ့.. ငါကမင်းကို ကြိုးပေးတာ ကြိုးနဲ့ထပ်ချည်ဖို့မဟုတ်ဘူး.. သူကိုယ်တိုင်က ကြိုးမို့လို့ မင်းထပ်ချည်စရာမလိုဘူးလေ.. ပုလင်းလေးတွေဝေစဉ်းစားနေသည်ကို ကြည့်ကာ ကျွန်မရယ်သည်.. တစ်ခါ ဆုံးရှုံးဖူးလို့ နောက်တစ်ခါဆုံးရှုံးရမှာကို ကြောက်နေတဲ့ သနားစရာကျွန်မရဲ့ပုလင်းလေး .. ပုလင်းလေးနှင့်ကျွန်မသည် အဖော်ကောင်းများဖြစ်သည်.. တစ်မနက်တွင် ပုလင်းလေးက ကျွန်မကိုပြောသည်.. သူနေမကောင်းပါတဲ့.. လှောင်ပြောင်ချင်စွာဖြင့် ကျွန်မရယ်နေပြန်သည်.. ကျွန်မရယ်တော့ ပုလင်းလေးက မျက်နှာမကောင်းပါ.. အသာနေစမ်းပါ ငါအလုပ်ရှုပ်နေတယ်.. စိတ်ညစ်ညူးစွာဖြင့် ပြောလိုက်မိသည်.. အပြင်မထွက်ရတာကြာလို့ အကြောင်းရှာနေတာလား.. လာဂျီကျမနေနဲ့ သွား.. နေရောင်ခြည်ရသော ကျွန်မ၏ စားပွဲတစ်နေရာတွင် ချထားပေးခဲ့သည်.. အရောင်မှိုင်းနေသောပုလင်းလေးကိုပင် နှုတ်မဆက်နိုင်ပဲ ကျွန်မတံခါးပိတ်လိုက်မိသည်.. ညှိုးငယ်သောမျက်လုံးများဖြင့် လှမ်းကြည့်နေသောပုလင်းလေးကို ကျွန်မ မမြင်လိုက်မိပါ .. ကျွန်မပြန်လာသောအခါ စားပွဲပေါ်တွင်ပုလင်းလေးရှိနေသေးသည်.. သို့သော် ကျွန်မမိတ်ဆွေ ပုလင်းလေးမဟုတ်တော့ပါ.. ခရမ်းနုရောင်မှ သွေးရောင်သို့ပြောင်းလဲနေသော သေဆုံးနေသော ပုလင်းငယ်ကိုသာ တွေ့ရသည်.. ကျွန်မအထိတ်တလန့်နှင့် ပုလင်းထဲကိုကြည့်လိုက်သောအခါ ကျွန်မ နောက်ဆုံးထည့်ပေးခဲ့သောကြိုးတစ်ချောင်းက ကျွန်မပုလင်းလေး၏နှလုံးသားကို ဖြစ်ညှစ်ထားခဲ့သည်.. မုန်းတီးစွာ စက်ဆုပ်စွာ သွေးရူးသွေးတန်းနှင့် ထိုကြိုးကို ကတ်ကျေးနှင့်အပိုင်းပိုင်းညှပ်လိုက်မိသည်.. ကြိုးသည် အပိုင်းပိုင်းပြတ်သွားလေပြီ .. သို့သော်လည်း ကျွန်မပုလင်းလေးအသက်ပြန်မရှင်လာတော့ပါ .. ကျွန်မပုလင်းလေး.. နှလုံးသားကိုဖြစ်ညှစ်ခံထားရသော ပုလင်းလေး.. ဘယ်လောက်တောင်မွန်းကျပ်နေမလဲ.. မျက်ရည်များသည် ကြမ်းပြင်ပေါ်သို့ကျဆင်းကာ ရေများအဖြစ် အိုင်ထွန်းလာကြသည်.. တဖြည်းဖြည်း များလာသောရေများကို ကျွန်မကြည့်နေမိသည်.. ပုလင်းလေးကို ရင်ခွင်ထဲပိုက်ကာ ကျွန်မ၏ အဖော်ကောင်းလေးကို လွမ်းဆွတ်တမ်းတနေသည်.. ရေများသည် ခြေမျက်စိမှ ဒူးခေါင်းအထိ.. ဒူးကျော်ကာ ရင်ဘတ်ထဲမှ ပုလင်းလေးကို ဘောင်ဘင်လှိုင်းခတ်သည်အထိ မြင့်တက်လာသည်.. မကြာခင် ကျွန်မ မြုပ်တော့မည်.. ပုလင်းလေးနှင့်ကျွန်မ မြုပ်သွားလေသည်.. ကျွန်မနေမကောင်းပါ.. ပုလင်းလေးလိုပဲ ရေများက ကျွန်မနှလုံးသားကို ဖြစ်ညှစ်ထားကြသည်.. ပုလင်းလေးလိုပဲ ကျွန်မသေသွားတော့မှာလား.. ကျွန်မမျက်လုံးများပိတ်လိုက်သည်.. နှလုံးသားက ပေါက်ကွဲထွက်တော့မတတ် နာကျင်လာသည်.. စိတ်တစ်ခုကြောင့် မျက်လုံးများဖွင့်ကာ ရင်ခွင်ထဲမှ ပုလင်းလေးကို ငုံ့ကြည့်လိုက်မိသောအခါ ခရမ်းနုရောင် ပုလင်းလေးက ကျွန်မကိုကြည့်နေသည်.. ကျွန်မကပြုံးပြလိုက်သောအခါ ချက်ချင်းပင် ကျွန်မတို့ တိမ်တွေထဲရောက်သွားသည်.. တိမ်တွေပေါ်ထိုင်ကာ ကဗျာများဖတ်နေသော ကျွန်မနှင့်ပုလင်းလေးတွင် အနာဂတ်တွေ ရည်မှန်းချက်တွေ ယှဉ်ပြိုင်မှုတွေ ဘ၀တွေမရှိတော့သလိုပဲ.. ဒီလိုပဲ အမြဲတမ်း နေသွားရတော့မည်.. ကောင်းလိုက်တာနော်.. ပုလင်းလေးကို ကျွန်မပြောမိသည်.. ထိုအချိန်တွင် ငှက်တစ်ကောင်က ကျွန်မတို့နှစ်ယောက်နား ၀ဲပျံလာသည် . ကျွန်မပိုင်ဆိုင်သောငှက်ကလေး . အို မင်းလည်းဒီမှာရှိနေတာလား.. ငှက်ကလေးက ကျွန်မလက်ပေါ်တွင်လာနားသောအခါ ကဗျာစာရွက်ခေါက်လေး ဖြစ်သွားသည်.. ကျွန်မပျော်သွားသည်.. ကဗျာစာရွက်လေးကို ပုလင်းလေးထဲသို့ထည့်ကာ သိမ်းထားလိုက်သည် .. ပုလင်းလေးလည်း ပြုံးလို့.. သူပြုံးသည်ကိုမြင်သောအခါမှ ကျွန်မသူ့အပြုံးကို မည်မျှလွမ်းဆွတ်မျှော်လင့် နေမိကြောင်း သိလိုက်ရသည်.. ပထမဆုရသောကျောင်းသားလေးကဲ့သို့ ကျွန်မကျေနပ်သွားသည်.. အရာအားလုံးသည် ပေါ့ပါးနေသည်.. ကျွန်မသေသွားပြီလား.. သေသွားသည်ဆိုလည်း ကိစ္စမရှိပါ.. ကျွန်မနေကောင်းသွားပြီ.. ကျွန်မပုလင်းလေးလည်း နေကောင်းနေသည်.. ဘာမှအရေးမကြီးတော့ပါ.. အရေးကြီးသည်က ကျွန်မ.. ပုလင်းလေးနှင့် ကဗျာများသာဖြစ်ပါသည်...။ xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဒါကတော့ ဆားချက် အဲလေ မွေးနေ့လက်ဆောင်ပေးတာပေါ့.... ခုချိန်ထိ အိဖူးရဲ့ဘလော့ကို လာလည် ဆော့ကစား ဖတ်ရှု ဝေဖန် ဆဲဆိုသွားသမျှအားလုံးကို ကျေးဇူးအထူးတင်ပါတယ်.. ကျေးဇူးတင်လွှာနဲ့မှားမှာ စိုးလို့... တစ်ယောက်ချင်းနာမည်တွေရေးတော့ဘူးနော် ...။

နောက်တစ်ခေါက်ထပ်ပြောမယ်..
ကျေးဇူးတင်ပါသည်
XD

ကဲကဲ ...
အောက်မှာမုန့်စားသွားကြပါဦးနော် ... ဝအောင်စားနော် အားမနာနဲ့... ပြီးရင် လက်ဆောင်ပေးပေါ့..။

ဒါကတော့ ကိတ်မုန့်ချစ်သူတွေအတွက် ...


ဒိုးနတ်များစားချင်ကြသလားလို့ ....


ပီဇာလည်းစားကြဦး...

ဆူရှီနဲ့ဂင်ဘတ်တဲ့.. အော်ဒါမှာထားတဲ့လူတွေရှိလို့..



ရေခဲမုန့်


နင်နေမှာစိုးလို့ ဝိုင်သောက်ကြ


စားချင်သူတွေရှိနေတယ်.. မတူးရေ ဝအောင်စားပါ... ဘဲဥကတော့ပါတယ်ထင်တာပဲ..

ကဲကဲ တော်သေးပြီ.. ဒီလောက်ဆိုဝရောပေါ့... တော်တော့နော်....

9 comments:

ဖိုးဂျယ် said...

haPPy biRthDay
ဘာဂလိုလိုနဲ့ တစ်နှစ်တောင် ပြည့်မြောက်သွားပြီကိုး
နောင်နှစ်ပေါင်းများစွာ ဆက်လက် ဘလော့ဂင်းနိုင်ပါစေ
အက်ဆေးကောင်းလေးတွေ ဖတ်ရတဲ့ အတွက်လဲ ဒီညီမလေးကို ကျေးဇူးပါ။ :)

နန်းညီ said...

အားရပါးရ လာစားသွားတယ်..
နောက်နှစ်ပေါင်းများစွာ ရေးချင်ရေး မရေးချင်နေဟေ့.. ရေးရင်ဖတ်မယ်.. မရေးတော့လည်း မဖတ်ရတော့ဘူးပေါ့.. (အေးရော)

Unknown said...

၁ နှစ်ပြည့်မှာကျွေးတဲ့
အောက်ဆုံးပုံက မုန့် ဟင်းခါးစားချင်တယ်
အိုးဘဲဥပါ ထည့်ပေးပါ

littlebrook said...

ကျွေးတာတောင် တော်တော့နော်တဲ့ .. စားချင်သလောက်စားလို့ ပြောတာမဟုတ်ဘူး ..
နောင်နှစ်များစွာထိ ရေးသားနိုင်ပါစေ ..

kglayngal said...

ရေခဲမှုန့်လာကြိတ်သွားပါကြောင်း။
တစ်နှစ်ပြည့်မှသည်နောင်နှစ်ပေါင်းများတိုင်
ဘလော့လေးလူစည်ကားပြီးပို့စ်အသစ်တွေ
မပြတ်ရေးနိင်ပါစေ။

tututha said...

ဘဲဥဖတ်လည်း မတွေ့ရဘူး :( ဇွန်းမပါတော့ ပန်းကန်လိုက် မော့သောက်ရမယ်ထင်တယ် ... ကဗျာပုလင်းလေးကတော့ သောက်လို့ ကောင်းပါ့ .. အိဖူးဘလော့ သက်တော် ရာကျော်ရှည်စေသော်ဝ်

soezeya said...

နောင်နှစ်ပေါင်းများစွာ တိုင်အောင် ဒီစာမျက်နှာလေးကို ဆက်ပြီး ရေးနိုင်ပါစေလို့ ဆန္ဒပြုလျှက်

မောင်ရှင်းသန့် said...

ကဗျာပုလင်း လေး ကို
ကျနော် မဖတ်ဖူးသေးဘူးဗျ

ဘာပြောရမှန်းမသိလို့ ဘာသာစကားတွေထဲက “ကောင်းတယ်” ဆိုတဲ့ စကားလုံးကိုပဲ ရေးလိုက်တော့မယ်ဗျို့ ။

Anonymous said...

Happy Birthday
တနှစ်မှသည်နှောင် စာရေးချင်စိတ်ရှိတဲ့အထိ
စာတွေဆက်လက်ရေးနိုင်ပါစေ