Monday, October 5, 2009

အရာရာ

သူငယ်ချင်းတစ်ယောက်က သူလက်ထပ်တော့မယ်ပြောတယ် .. သူ့မှာ စေ့စပ်ထားတဲ့လူရှိတယ် အဲ့ဒိလူနဲ့ပဲ လက်ထပ်မယ်ဆိုတာသိရက်နဲ့ “အိဖူးရေ .. ငါလက်ထပ်တော့မယ်”လို့ သူပြောလာတဲ့အချိန်မှာ တော်တော် လေးကို အံ့သြသွားခဲ့တယ် .. ကျွန်မတို့အသက်က ၁၈ နှစ်ပဲရှိသေးတာပါ .. ကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်ရတာ ကောင်းပေမဲ့ ၁၈ နှစ်မှာတော့ လက်မထပ်ချင်မိပါဘူး .. စတေးလိုက်ရမဲ့ လွတ်လပ်တဲ့လူငယ်ဘဝလေးကို နှမြောမိတယ်လေ .. အခုမှ ဘဝမှာ အလန်းဆန်းဆုံးနေ့ရက်တွေ ရခါစရှိသေး .. ချက်ချင်းပဲအပြီးသတ်ရတော့ မှာလားနော် .. ကျွန်မက အဲ့လိုမျိုးပြောတော့ သူငယ်ချင်းက ငြင်းတယ်လေ .. နင်တကယ်ချစ်တဲ့လူရှိလာတဲ့ အခါ နားလည်လာမယ်တဲ့ .. အဲ့အချိန်ရောက်ရင် သူ့ကို (ကျွန်မချစ်သူကို) ပိုင်ဆိုင်ရဖို့အတွက် အရာရာကို စွန့်လွှတ်နိုင်သွားလိမ့်မယ်တဲ့ .. ကျွန်မကတော့ သူငယ်ချင်းကို ခေါင်းပဲ ခါပြလိုက်မိတယ် .. “အရာရာကို စွန့်လွှတ်သွားနိုင်မယ်”တဲ့ .. တစ်မျိုးကြီးပဲ ..

“အရာရာ” .. အရာရာဆိုတာဘာတွေလဲ .. ငွေကြေးလား ပျော်ရွှင်မှုလား လွတ်လပ်မှုလား အသိုင်းအဝိုင်းလား .. ရုပ်ပိုင်းဆိုင်ရာလား စိတ်ပိုင်းဆိုင်ရာလား .. အားလုံးပဲလား .. အရာရာဆိုတဲ့ထဲမှာ ကျွန်မတို့ရဲ့အမူအကျင့် တွေ နေ့စဉ်လှုပ်ရှားမှုတွေရောပါလား .. စွန့်လွှတ်နိုင်သွားလိမ့်မယ်ဆိုတဲ့ထဲမှာ အမူအကျင့်တွေကို ပုံစံပြောင်း တာရောပါလား .. လူသစ်စိတ်သစ်ဖြစ်သွားတာမျိုးကိုခေါ်လား .. ဘယ်လိုဟာမျိုးကိုခေါ်တာပါလိမ့် ..

လူတစ်ယောက်ကို ပိုင်ဆိုင်ချင်တာ ပိုင်ဆိုင်ရဖို့အတွက်နဲ့ အရာရာကိုစွန့်လွှတ်နိုင်မှာလား .. နေထိုင်နေတဲ့ ကိုယ့်ဘဝပုံစံကို ပြောင်းလိုက်ရမှာလား .. နောင်တစ်ချိန်မှာ ကျွန်မတကယ်စွန့်လွှတ်နိုင်တာ မစွန့်လွှတ်နိုင်တာ အပထား .. အဲလိုပြောသွားတာကိုပဲ ပိုမခံနိုင်ဖြစ်နေသလိုပဲ (ဘာမှလည်းဆိုင်ဘူးနော်) .. ကျွန်မက နည်းနည်း တော့အတွေးခေါင်တယ် .. အခုကိစ္စကို မနေနိုင်မထိုင်နိုင်တွေးနေတာကိုပဲကြည့် .. သူငယ်ချင်းကဖြင့် သူ့အိမ်ထောင်နဲ့သူအဆင်ပြေလို့ ပျော်လို့ရွှင်လို့ .. ကျွန်မမှာတော့ တွေးလိုက် မကျေနပ်လိုက် .. လက်ထပ်သွား တဲ့သူငယ်ချင်းကို နှမြောလိုက်နဲ့ ကိုယ့်ဒုက္ခကိုယ်ရှာနေမိတာ .. ကြာတော့လည်း ကိုယ့်ကိုကိုယ်စိတ်တိုလာတယ် ..

နောက်ထပ်စိတ်ကိုဆွပေးတဲ့ သတင်းတစ်ခုကလည်း အဲ့သူငယ်ချင်းဆီကပဲကြားတာပဲ .. ကျွန်မတို့ရဲ့ သူငယ်ချင်းထဲက နောက်ထပ်တစ်ယောက်က (အထက်တန်းတုန်းက သူငယ်ချင်းလေးယောက်ရှိခဲ့တယ်) ကလေးမွေးပြီးသွားပြီတဲ့ .. ဘုရားရေ .. ပြောပြတဲ့အချိန်မှာ ကျွန်မကြက်သီးတောင်ထသွားတယ် .. နောက်တော့တွေးမိလာတာက “ကောသလအိပ်မက် ၁၆ ချက်” ထဲကအတိုင်းပါပဲလားလို့ ..

အပြင်မှာမြင်ရင်တော့ အဲ့လင်မယားကို ဘယ်သူက ကလေးရှိတယ်လို့ ထင်မှာလဲနော် .. တဆက်တည်းပဲ ကလေးမွေးလိုက်တဲ့သူငယ်ချင်းကိုတော့ ချီးကျူးတယ် .. မွေးရဲတဲ့သတ္တိရှိလို့ပါ .. ဘယ်လိုပဲပြောပြော သူလည်း အိမ်နဲ့တော့ အတိုက်အခံတွေကြုံရမှာပဲ .. ဖျက်မချလိုက်ပဲ မွေးပစ်လိုက်တဲ့သတ္တိကတော့ တကယ့် အမေစိတ်ဓါတ်ပဲထင်ပါတယ်နော် .. အပြင်မှာတွေ့တော့လည်း အရင်ကလိုမဟုတ်ပဲ တည်ငြိမ်သွားလိုက်တာ .. အရင်ကဆိုကျောင်းမှာ ဆပ်စလူးစိန် အာပြဲမလေးကိုး .. သူလည်း သူ့ရည်းစား အဲလေ သူ့ခင်ပွန်းကို တော်တော်ချစ်ပုံရတယ် .. သူဆိုရင်ကော အရာရာကိုစွန့်လွှတ်ခဲ့တာပဲလား .. မိဘတွေရဲ့အငြူစူခံပြီးမှ မွေးလာတဲ့သူ့သမီးလေးက သူ့ဘဝပါတဲ့ ..

အချစ်ဆိုတဲ့အရာကလည်း တော်တော်ဆန်းကြယ်သားပဲ .. အရာရာကိုရင်ဆိုင်နိုင် အရာရာကို စွန့်လွှတ်နိုင်လောက်အောင်ပဲ တန်ခိုးကြီးတယ်ထင်ပါ့ .. တွေးရင်တော့ ရူးတောင်ရူးသွားမလားပဲ .. ပထမသူငယ်ချင်းနဲ့တုန်းက လက်မခံချင်တဲ့ကိစ္စက ဒုတိယသူငယ်ချင်းနဲ့တွေ့မှပဲ ပိုပြီးတအံ့တသြကြီးဖြစ်လို့ .. ပျော်ရွှင်ရလိုက် စိတ်ညစ်ရလိုက်နဲ့ ပူလိုက်အေးလိုက်ဖြစ်နေတဲ့အချစ်ဆိုတာကြီးက လူတွေရဲ့ရင်ထဲမှာ ဘာလို့ဖြစ်ဖြစ်လာလဲမသိဘူးနော် .. လာလိုက်သေးတယ် “အရာရာကို စွန့်လွှတ်သွားနိုင်တယ်” တဲ့ .. ဟုတ်လို့လား မကျေနပ်ပါဘူး ..

ခုနေတော့ မကျေနပ်ဘူးပဲ အော်နေတဲ့ကျွန်မလည်း ဘယ်အချိန် အဲ့စကားကို ပြုံးပြုံးလေးလက်ခံမိမလဲမသိ ....။

2 comments:

ဖိုးဂျယ် said...

အင်း ဒါလဲ တမျိုးပဲပေါ့

တီချမ်း said...

အို တီကတော့ ဘာပဲ ပြောပြော အိဖူး နဲ့ သဘောမျှတယ်
လူငယ်တွေ ငယ်ငယ်ရွယ်ရွယ်နဲ့ ချစ်တာ ကြိုက်တာ ကို ဘာမှမပြောလိုပေမယ့်
ယူတာကိုတော့ ဖြင့် နည်းနည်းပြောချင်သေးတယ်
နောက်ပြီး အဲ့ဒီအချစ်ဆိုတာ တွေက
city mart ထဲက မုန့်ထုပ်တွေလို expire dates တွေနဲ့လာတာပါ
အချိန်တခုပဲ လိုတာ အရာရာက
အဲ့တော့မှာ ငါအရာရာ စွန့်လွှတ်ခဲ့တာ မှားလေခြင်းတွေ
သူပအတွက် ငါကတော့ ပြောင်းလဲ ပေးဆပ်လိုက်ရတာတွေ
ဘာညာတွေ အော်နေရင် တော်တော် လေးနောက်ကျသွားပြီ