Sunday, March 1, 2009

တကယ်လို့များ

“တကယ်လို့များ ငါသေသွားခဲ့ရင်”ဆိုသည့်အတွေးမျိုးကို လူတွေတွေးဖူးကြပါသည် .. ကိုယ့်အနားကလူတွေ ကိုယ်မရှိတော့ရင် ဘယ်လိုများကျန်ခဲ့မှာလည်းဆိုတာကို သိချင်ရုံသက်သက်ဖြင့် ဘာမှမဟုတ်သည့် စိတ်ကတွေးမိခြင်းဖြစ်ပါသည် .. သို့မဟုတ် သေရတော့မှာကို သိနေသည့်လူတချို့က ကျန်ခဲ့မည့်မိသားစုအသိုင်းအဝိုင်းအတွက် စိတ်မချနိုင်စွာတွေးမိခြင်းလည်း ဖြစ်နိုင်ပါသည် ..

ကျွန်မသာသေသွားရင် အရင်ဆုံးငိုကြွေးမည့်သူများမှာ ကျွန်မ၏မိသားစုများဖြစ်ပါသည် .. မိသားစုထဲတွင် ကျွန်မသည်အငယ်ဆုံးဖြစ်ပါသည် .. စိတ်အကောက်တတ်ဆုံး အဆိုးဆုံးဖြစ်သလို အသုံးမကျဆုံးလည်းဖြစ်သေးသည် .. သို့သော်လည်း မိသားစုထဲတွင် ကျွန်မ၏အခန်းကဏ္ဍမှာ ပျောက်ကွယ်မှေးမှိန်သွားခြင်းမရှိ .. ဒါပေါ့လေ ဒါမျိုးကိုပဲ မိသားစုဟုခေါ်သည်မဟုတ်လား ..

ကျွန်မမရှိတော့သောအခါ အိမ်တွင် တစ်ခုခုလိုသလိုဖြစ်နေမှာလား .. ခါတိုင်းညနေ ၄ နာရီတွင် ကျွန်မကျောင်းမှအိမ်သို့ ပြန်လာနေကျဖြစ်သည် .. ကျွန်မအိမ်တွင်မရှိတော့သောအခါ မေမေသည် ထိုညနေ ၄ နာရီအချိန်တွင် အိမ်တံခါးဖွင့်ပြီး “ပြန်လာပါပြီ”ဟုပြောလိုက်သည့်အသံကို မျှော်နေပေလိမ့်မည် .. ထို့နောက်တွင်တော့ ကျွန်မရှိတုန်းက အိမ်တွင်ကျွန်မ၏လှုပ်ရှားမှုများ၊ အသံများကို မေမေကြားယောင်နေမှာလား .. ညဘက်တွင်တော့ မိသားစုစကားဝိုင်းများတွင် ကျွန်မအသံလိုနေသေးကြောင်း သူတို့သတိပြုမိလိမ့်မည် .. ထိုအခါကျရင်ကော သူတို့စကားဆက်ပြောနေနိုင်ပါ့မလား .. ဖေဖေကတော့ သူ့ကိုအညောင်းပြေနင်းပေးမည့် ကျွန်မမရှိတော့သည်ကို လွမ်းနေသော်လည်း အံကြိတ်ကာမငိုဘဲနေလိမ့်မည် .. ကျွန်မရဲ့အစ်ကိုအစ်မတွေကတော့ အရင်ကမီးပျက်ပျက်တွင် ပေါက်ကရတွေပြောခဲ့လုပ်ခဲ့သည်ကို သတိရနေပေမည် .. ကျွန်မမွေးထားသော hamster တွေကိုတွေ့တိုင်း ကျွန်မအရင်က hamster တွေနဲ့ဆော့နေတဲ့ပုံကို သတိရကြမလား .. ကျွန်မရဲ့အသုံးအဆောင်တွေကိုကော သိမ်းဆည်းလိုက်မှာလား .. ဒီအတိုင်းကျွန်မရှိသေးသလို ခြေရာလက်ရာမပျက်ဆက်ထားမလား .. တစ်ခါတစ်လေတော့လည်း သိချင်မိသည် ..

ကျွန်မသေသွားသည်ကို ဒုတိယသိမည့်လူအုပ်စုကတော့ ကျွန်မ၏ဆွေမျိုးများဖြစ်ပါသည် .. ကျွန်မတို့က ဆွေမျိုးအသိုင်းအဝိုင်းကြီးသည် .. ဆွေမျိုးတွေများပြားသလောက် ချစ်ခင်စည်းလုံးမှုလည်း ရှိပါသည် .. ဦးလေး အဒေါ်တွေ အစ်ကို အစ်မတွေများစွာဖြင့် သိပ်ပျော်စရာကောင်းသည် .. သီတင်းကျွတ်လပြည့်နေ့လို လူကြီးသူမများကိုကန်တော့ကြသည့်နေ့မျိုးတွင် ကျွန်မတို့ဆွေမျိုးအားလုံးက အဖွားအိမ်တွင်လူစုကာ ဟင်းတွေထမင်းတွေချက်ကြပြီး ပျော်ရွှင်စွာဖြင့် စုပေါင်းကန်တော့လေ့ရှိသည် .. ကျွန်မကမရှိတော့ပေမဲ့ ထိုကဲ့သို့နေ့မျိုးကတော့ ရှိဦးမည်သာဖြစ်သည် .. ထိုအခါမျိုးတွင် လူတွေရုန်းရုန်းရုန်းရုန်းနှင့် အမျိုးတစ်ယောက်မရှိသည်ကို သတိပြုမိမှာလား .. ကျွန်မထင်တာကတော့ သူတို့တွေသတိပြုမိသည့်တိုင် သတိရနေသည်ကို ဟန်ဆောင်နေမည်ဟုထင်ပါသည် .. ရင်ထဲမှာတော့ ငိုချင်စိတ်တွေပေါက်နေမလား .. လူတိုင်းတော့ငိုမည်မဟုတ်ပါ .. ကျွန်မနှင့်အနေနီးကပ်သော အဒေါ်တစ်ချို့နှင့် အစ်ကိုအစ်မအချို့သာငိုချင်ငိုလိမ့်မည် .. သေချာတယ်ဟုတော့ မပြောလိုပါ ..

တကယ်လို့များ ရုတ်တရက်ကျွန်မသေသွားရင် အင်မတန်ဝမ်းနည်းကြမှာ ကျွန်မ၏သူငယ်ချင်းရှစ်ယောက်ဖြစ်ပါသည် .. ကျောင်းဖွင့်သည့်နေ့တိုင်း ကျွန်မတို့သူငယ်ချင်းများသည် တစ်ယောက်ကိုတစ်ယောက်ကျောင်းပေါက်ဝမှာ စောင့်ပြီးအားလုံးစုံမှ ကျောင်းထဲသို့ဝင်လေ့ရှိပါသည် .. ထိုသို့စောင့်သည့်အခါတိုင်း ကျောင်းပေါက်ဝသို့ ပထမဆုံးရောက်လေ့ရှိသူက ကျွန်မဖြစ်သည် .. ဒုတိယရောက်လာတာကတော့ ကျွန်မ၏အချစ်ဆုံးသူငယ်ချင်းမလေးဖြစ်သည် .. ကျောင်းဖွင့်သည့်မနက်တိုင်း ကျောင်းပေါက်ဝမှာ သူ့ကိုစောင့်နေမည့် ကျွန်မမရှိသည်ကိုမြင်သောအခါ သူငိုနေလိမ့်မည် .. နောက်တော့ ကျန်သူငယ်ချင်းများရောက်လာမည် .. သူတို့တွေကလည်း အရင်နှစ်ယောက်စောင့်နေကျနေရာတွင် တစ်ယောက်တည်းတွေ့ရသောအခါ ရင်ထဲမှာအတော်ခံစားရပါလိမ့်မည် .. ထို့အပြင် အရင်ဖြစ်ဖူးသောအမှတ်တရများသည် တိုက်ဆိုင်မှုကြောင့်နောက်တစ်ခါပြန်ဖြစ်သော် သူတို့ကျွန်မကို သတိရနေလိမ့်မည် ..

ကျွန်မ၏ online မှအသိများကတော့ ကျွန်မပျောက်နေသည်ကိုသာသိလိမ့်မည် .. ကျွန်မနှင့်အရမ်းခင်သောသူများကတော့ gtalk မှာ ဘယ်တော့များစိမ်းလာမလဲလို့ သတိထားစောင့်နေမည် .. ဘယ်တော့မှစိမ်းမလာတော့သောအခါ သူတို့ကတွေးမည် .. ငါ့ကို block လုပ်ထားလို့လား .. ကြာတော့လည်း မေ့သွားမည်သာဖြစ်ပါသည် .. ကျွန်မ၏ဖုန်းနံပါတ်ကိုသိသောသူများက ဖုန်းဆက်မည် .. ထိုအခါမှ အိမ်ကမိသားစုများ၏ပြောပြချက်အရ ကျွန်မသေသွားသည်ကိုသိမည် .. သိသွားသောအခါ သေခြင်းတရား၏ထူးဆန်းပုံကို နည်းနည်းဆင်ခြင်မိမည် .. ဒီလောက်ပါပဲ .. ငိုကြွေးမည်တော့မဟုတ်ပါ ..

နောက်ထပ်ကျွန်မ၏ကျောင်းက မခင်သောအသိများ .. သိသော်လည်းမခင်သောလူများ .. သူတို့တွေကတော့ တဆင့်စကားဖြင့် ကျွန်မဒီလောကကြီးထဲတွင်မရှိတော့ကြောင်းသိမည် .. စိတ်မကောင်းဖြစ်ကောင်းဖြစ်မည်(ယူဆရတာပဲ) .. ထို့နောက်တွင်တော့ မေ့သွားမည် ..

တကယ်လို့များ ကျွန်မသေသွားရင် သူတို့အားလုံးကြာလာတော့ မေ့သွားပါလိမ့်မည် .. ..

4 comments:

NangNyi said...

သေသောသူကြာရင်မေ့ဆိုတဲ့ စကားက အလကားထားတာမှ မဟုတ်ဘဲကွယ်..

တေလေ said...

ဘာလို.များအဲလောက်တောင်တူရတာလည်းဗျာ....

မောင်ရှင်းသန့် said...

ကောင်းတယ်ဗျ ။
ကျနော်လည်း သတိရတိုင်း အဲဒီလိုတွေးမိတယ်(တွေးပုံချင်းတော့မတူ) ။

ထောင့်စိအောင် ရေးနိုင်ဖို့ဆိုတာ မလွယ်ပေမယ့် ၊ အရေးအသားက အတော်လေး ကွပ်စိတ် တယ်ဗျ ။
နောင်လည်း ဒါမျိုးလေးတွေ မျှော်လင့်လျှက် ...

LB said...

မရင့်ကျက်ဘူးပြောပြောငါတော့ နင်သေရင်ငိုမှာပဲ ခံစားရတာကိုပြောပြလို့မှမရတော့တာ
ငါချစ်တဲ့ညီမလေး ငါအိမ်ပြန်လာတဲ့အခါ နင်မရှိတော့ရင်..
ငါ့အနားနင်လာမရှုပ်တော့ရင် .. ဘုရားသေသွားတာကြာလှပီ ဘုရားကိုမေ့လား ..ဘုရားလည်းလူ နင်လည်းလူ နင်ကမှ ငါ့အနားမှာတကယ်ရှိခဲ့တဲ့လူကြီး ..