Sunday, February 22, 2009

အခုတော့ဟာသ တချိန်တုန်းကဒုက္ခ

ဒုက္ခလား .. ခဏခဏကြုံဖူးတာပေါ့။ ရယ်စရာ .. ဒါလည်း ခဏခဏကြုံနေရတာပဲ။ နှစ်ခုတွဲလား .. ဟိ ဒါလည်း ခဏခဏပဲ။ ကဲ tag ထားတဲ့ မယ်ညီကျေနပ်အောင် ရေးရတာပါ့ .. အမှန်တော့ သူသိနေတဲ့ကိစ္စကြီးကို ..

ဆောင်းတွင်းဆိုသော်ညား ပူအိုက်နေသောတစ်ညအခါ .. .. မီးလာတော့ အိဖူးရဲ့ အစ်မတော်က ကွန်ပျူတာရှေ့မှာထိုင်လို့ .. ဟိုလုပ်ဒီလုပ်ပေါ့ .. အိဖူးကတော့ လိမ္မာစွာနဲ့ စာကျက်နေသည်လေ .. ထိုင်ရတာညောင်းသည်နှင့်အညီ “သန့်စင်ခန်း”ကိုအသွား ..
အိဖူး၏အော်သံ .. “ဟယ် .. ပင့်ကူကြီးအကြီးကြီးပဲ”
သို့သော် ကွန်ပျူတာရှေ့ကသူကလည်း သီချင်းဖွင့်ထားသည်မို့လားမသိ မကြား ..
အိမ်ရှေ့ TV ကြည့်နေသော ဖခင်ကလည်း အိပ်ပျော် ..
မေမေကတော့ စောစောစီးစီးအခန်းထဲဝင်သွားလို့ မသိ ..
“ဟဲ့ ပင့်ကူကြီးအကြီးကြီးပဲ” .. အိဖူး၏ နောက်တစ်ခေါက်အသိပေးသံ ..

ကြားစေချင်သော အစ်မတော်ကမကြား .. ပင့်ကူကများကြားသွားသလားမသိ .. ရေချိုးခန်းအပြင်ဖက်နံရံကနေ အိဖူးတို့အိပ်ခန်းတံခါးနားသို့ ရွှေ့တော်မူလေသည် .. ထိုအခါ စိုးရိမ်တတ်သောအိဖူးက “ဟ အခန်းထဲဝင်တော့မှာပဲ” လို့အော်ကာမှ အစ်မကထလာသည် .. ဒီကကောင်က အယောင်ယောင်အမှားမှားဖြင့် ရေလဲထမီကြီးကို လက်ထဲမှာလုံးထွေးပြီးကိုင်ထားမိပြီးပြီ .. အစ်မက ထလာကြည့်ပြီးမှ “အမယ်လေး အကြီးကြီး”တဲ့ .. နောက်တော့ “ခြင်ဆေးနဲ့ဖျန်း ခြင်ဆေးနဲ့ဖျန်း” ဟုဆိုကာ ခြင်ဆေးဘူးကိုသွားယူလာသည် .. အဲ့အချိန်မှာ ပင့်ကူက အိပ်ခန်းကိုကျော်ကာ အိဖူးတို့၏စာကြည့်ခန်းထဲကို တံခါးကြားမှ ၀င်သွားလေသည် .. “အဲ့ဒါမှသေရော တံခါးကြားမှာ ပန်းချီကားတွေနဲ့” .. နှစ်ယောက်သား အခန်းထဲကိုဝင် .. တံခါးကြားကို အသာချောင်းကြည့်တော့ ပင့်ကူကြီးက စာအုပ်ထုပ်နောက်မှာ ပုန်းနေလေသည် .. “ဖျာတွေနဲ့ ပန်းချီကားတွေထုတ်လိုက် .. စာအုပ်ထုပ်ကိုဖယ်လိုက်ပြီးရင် ခြင်ဆေးနဲ့ဖျန်း” .. အာ ဟုတ်ပြီပေါ့ .. ပန်းချီကားတွေကို တံခါးဘေးက ဘီဒိုနားမှာထောင်ထား .. စာအုပ်ထုပ်ကိုဖယ် .. ပင့်ကူကြီးကိုတွေ့တာနဲ့ အစ်မက ခြင်ဆေးနဲ့ဖျန်း .. အဲ့ကျမှ ပင့်ကူကလျှောက်ပြေးရော .. ဘီဒိုနားမှာထောင်ထားတဲ့ ပန်းချီကားနောက်ကို ဝင်ပြေးတယ်လေ ..

ပင့်ကူကပြေးတော့ အစ်မရော အိဖူးရော ခုံပေါ်တက်ပြေးတာပေါ့ .. စိတ်ထဲမှာက ဘယ်လိုကြီးမှန်းမသိဘူး .. ပင့်ကူကြီးကို မြင်ရတာကိုက ကလိကလိနဲ့ .. အိဖူးတို့ ရုန်းရင်းဆန်ခတ်ဖြစ်တဲ့အသံကြားလို့ အခန်းထဲကထွက်လာတဲ့မေမေက “ဘာဖြစ်နေကြတာလဲ” .. “ပင့်ကူကြီးအကြီးကြီး မေရဲ့” .. “အဝတ်နဲ့အုပ်ပြီးဖမ်းလိုက်ပါလား ပြီးရင်အပြင်မှာပစ်လိုက်ပေါ့” .. “အာ မဖမ်းရဲဘူး” .. အချီအချစကားသံများ .. ပြီးတော့ အားကိုးရတဲ့မေမေ .. ခြင်ဆေးဘူးကြီးကိုင်ထားသူ အစ်မတော်နဲ့ ရေလဲထမီကြီးကိုလိပ်ပြီးကိုင်ထားတဲ့ အိဖူးတို့ကို တစ်ချက်စီကြည့်ကာ ပြန်ဝင်အိပ်သွားရော ..

ဘာလုပ်ရမှန်းမသိတော့ နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက် .. ဘယ်လိုလုပ်မလဲမေးလိုက်နဲ့ .. နောက်တော့ “ခြင်ဆေးနဲ့ထပ်မှုတ်မယ်” ဆိုပြီး ပန်းချီကားနောက်က ပင့်ကူကို ခြင်ဆေးနဲ့ထပ်မှုတ်ရော .. သိပ်ပြီးလုပ်ချင်လွန်းလို့တော့ မထင်လိုက်ကြပါနဲ့ .. မလုပ်ချင်တာမှ အဲ့အချိန်မှာ တိုင်နဲ့ခေါင်းပြေးဆောင့်ခိုင်းတာမှ ပိုကောင်းဦးမယ် .. အဲ့ညကမှ ဘယ်အစ်ကိုတော်ကမှလည်း အိမ်မှာမရှိနေဘူး .. ပင့်ကူကိုလည်း တစ်ခုခုတော့လုပ်မှဖြစ်မှာလေ .. အိမ်က Hamster တွေ ကလေးမွေးထားတာမှ မကြာသေးဘူး .. တော်ကြာနေ hamster ကလေးလေးတွေကို ဝင်ကိုက်ပြီး စားသွားမှာကလည်း စိုးရိမ်တာကိုး ..

ဆက်ပြောမယ် နားထောင် .. ခြင်ဆေးနဲ့ထပ်မှုတ်တော့ သိပ်ကြောက်သွားတဲ့ပင့်ကူက ဘီဒိုဘက်ကိုပြေးပြန်ရော .. မေမေပြောသလို အဝတ်နဲ့အုပ်ဖမ်းလိုက်ဖို့က လွယ်လွယ်လေးပဲ .. အဲ့လိုအုပ်လိုက်ဖို့ကိုပဲ လက်က မလိုက်တာ .. ဟူး မောလိုက်တာ .. အရေးထဲ မီးကပျက်သွားသေးတယ် .. ဖယောင်းတိုင်မီးထွန်းပြီး ဘီဒိုပေါ်မှာထွန်း .. လက်နှိပ်ဓါတ်မီးကို အစ်မကကိုင် .. ဒင်းကလည်း ခုံပေါ်ကနေပြီး “အုပ်လိုက်လေ အုပ်လိုက်လေ” တဲ့ .. ရေလဲထမီလက်ထဲကမချရသေးတဲ့ အိဖူးကလည်း “ငါမလုပ်ရဲဘူး ငါမလုပ်ရဲဘူး”နဲ့ .. အဲ့မှာတင် ပင့်ကူက ဘီဒိုဘေးဘက်ကနေ အရှေ့မျက်နှာစာဘက်ကို ရောက်လာရော .. ခြင်ဆေးတန်ခိုးနဲ့ သူလည်းမူးတော့မူးနေပါပြီ .. တကယ်တော့ သနားတော့သနားပါတယ်လေ .. သူလည်း ကြောက်အားလန့်အားနဲ့ ပင့်ကူအမျှင်တွေလျှောက်ထုတ်ထားတာ ဖမ်းဖို့ချောင်းနေတဲ့ အိဖူးခြေထောက်မှာ လာလာပတ်မိတယ် ..

အဲ့လိုနဲ့ ဘာလုပ်ရမလဲမသိတဲ့အချိန် .. ပင့်ကူကို မျက်ခြေမပြတ်ကြည့်နေတုန်း (အမှန်တော့ ကြည့်သာကြည့်နေတာ မျက်လုံးကမမြင်တော့ဘူး) ခုံပေါ်ကအစ်မတော်က “အပေါ်ကိုတက်နေပြီ အပေါ်ကိုတက်နေပြီ”ဆိုတဲ့ အော်သံအကြား ဒေါ်ရွှေဖူးတို့လည်း ကြောက်လန့်တကြားဖြစ်ပြီး လက်ထဲကထမီအလိပ်နဲ့ ဗြုန်းကနဲ .. .. ကဲ ဘာဖြစ်သွားမယ်ထင်သလဲ .. ရိုက်ချက်ပြင်းမပြင်းကတော့ ဘီဒိုပေါ်က ဖယာင်းတိုင်တောင်ငြိမ်းသွားတယ်လေ ..

ရိုက်လို့လည်းအပြီး အိဖူးလည်း ခုံပေါ်တက်ပြေးတာပဲ .. ပင့်ကူကိုရှာတော့ မမြင်ဘူး .. အဲ့ဒါနဲ့ ထမီမှာ ကပ်နေပြီထင်ပြီး ထမီကြီးလည်းပစ်ချ လူလည်းခုံပေါ်ရောက် .. တကယ်ပါ မျက်စိစုံမှိတ်ပြီး ပင့်ကူကိုရိုက်လိုက်တာ လက်တစ်လျှောက်လုံးကြက်သီးတောင်ထသွားတယ် .. စိတ်ညစ်လိုက်တာကွယ် .. ခဏကြာမှ ခုံပေါ်ကဆင်းပြီး ပင့်ကူကိုရှာတော့ သူလေးလည်း အိဖူးလက်ချက်နဲ့ပြားနေလေရဲ့ .. ပြားသာပြားနေတာ မသေသေးဘူးဗျာ .. တံမြက်စည်းနဲ့လှည်းထုတ်တော့ သွေးရူးတန်းရူးနဲ့ ထလာသေးတယ် .. အဲ့တော့ မထူးတော့ဘူးလေ တံမြက်စည်းနဲ့ထပ်ချတာပေါ့ .. စိတ်မကောင်းပါဘူး ပင့်ကူရယ် ..

ပင့်ကူကို ဂေါ်ပြားနဲ့ယူသွားပစ်လိုက်ပြီး အိမ်ထဲပြန်ဝင်လာတော့ အိဖူးတစ်ကိုယ်လုံးယားလိုက်တာ .. ပြီးတော့ ဘာလုပ်လဲသိလား .. ရိုက်လိုက်တဲ့ပုံစံကို အစ်မက ပြန်ပြောပြလို့ အသားကုန်ထိုင်ရယ်နေတာပေါ့ .. ခရစ်ကစ်ကစားရင် ရိုက်တဲ့ပုံစံဆိုပဲ .. ဟဲ ဟဲ

Wednesday, February 11, 2009

ရေလှိုင်းသံ

post အသစ်ရေးဖို့စဉ်းစားလိုက်တိုင်း ကျွန်မခေါင်းထဲရောက်လာသည်က သီချင်းများဖြစ်သည် .. ကျွန်မက သီချင်းတွေကို သိပ်ကြိုက်သည် .. သီချင်းနားထောင်ရတာကြိုက်သည် .. သီချင်းဆိုရတာကြိုက်သည် .. သီချင်းနားထောင်ရင်း ရတဲ့ခံစားချက်ကိုလည်းကြိုက်တယ် .. ကျွန်မသိပ်ကြိုက်တဲ့သီချင်းတွေအများကြီးပါ .. အဲ့သီချင်းတွေထဲမှာမှ စာသားကြိုက်လို့ကြိုက်တဲ့သီချင်းတွေ .. သံစဉ်ကြိုက်လို့ကြိုက်တဲ့သီချင်းတွေ .. အများအားဖြင့်တော့ စာသားကြိုက်လို့ကြိုက်တဲ့သီချင်းက များပါတယ် .. ကျွန်မရဲ့ ပထမဆုံး post က your guardian angel ဆိုတဲ့သီချင်းဆိုလည်း အင်မတန်မှကြိုက်တဲ့ ရင်ကိုထိတဲ့သီချင်းပါ ..

အခုလည်း နောက်တစ်ပုဒ်အနေနဲ့ သီချင်းတစ်ပုဒ်အကြောင်းရေးချင်ပါတယ် .. ဘယ်သူဆိုထားတာလဲဆိုတော့ “ထွဋ်ပိုင်အောင်”ဆိုတဲ့ အဆိုတော်အသစ်တစ်ယောက်ပါ .. အသစ်စက်စက်မှ အသစ်စက်စက်နော် .. အခွေတောင်ထွက်သေးတာမဟုတ်ဘူး .. သူအခွေထွက်လာရင်တော့ ဘာနာမည်နဲ့ ထွက်မလဲမသိပါဘူး .. ကျွန်မတို့သိတာကတော့ ထွဋ်ပိုင်အောင်ပဲ .. သီချင်းနာမည်က “ရေလှိုင်းသံ”တဲ့ .. modern rock ဆန်ဆန်ပါပဲ .. သီချင်းအစမှာစထားတဲ့ ဂစ်တာသံကြောင့် မကြိုက်တတ်တဲ့လူတွေတော့ ကြိုက်ချင်မှကြိုက်မယ် .. စာသားလေးတွေ ခံစားလို့ရအောင် ရေးပေးမယ်နော် ..

.. မျိုသိပ်နေခဲ့ခြင်းများနဲ့ ထွန်းညှိထားတဲ့မီးအိမ်လေးရယ်
အမှောင်ညမှာအထီးကျန်ပေမဲ့ ဒီအလင်းဓါတ်မယိုယွင်းဘူး
ငါမသိအောင်ချည်ထားခဲ့လို့ ရုန်းထွက်တိုင်းရင်နာတဲ့ကြိုးရယ်
ဒီညရဲ့လရောင်အောက်ထဲ အက်ကြောင်းများထင်ရှားဆဲ

အမှတ်တမဲ့ရိုက်ခတ်လှိုင်းကြောင့် ကျောက်ဆောင်ကြီးမှာလဲပြို
အို ပွန်းပဲ့ရင်းနဲ့ပျောက်ရှသည့်တိုင် တွယ်တာနေမယ်အမြဲ

ငါ့ကမ်းပါးကိုရှိုက်နမ်းမဲ့ ရေလှိုင်းလေးအသံကြားဆဲပါ
ငါ့ကိုအရူးတစ်ယောက်လို့ စွပ်စွဲလေ
နွေမိုးဆောင်းတွေကျော်ဖြတ်ရင်း အမှန်တရားတစ်ခုလိုတည်ရှိနေ
မင်းကိုအဆုံးမဲ့မျှော်လင့်နေ

မျိုသိပ်နေခဲ့ခြင်းများနဲ့ ထွန်းညှိထားတဲ့မီးအိမ်လေးရယ်
အမှောင်ညမှာအထီးကျန်ကြေကွဲ နင်မရှိတဲ့ရက်စွဲတိုင်း
ငါမသိအောင်ချည်ထားခဲ့လို့ ရုန်းထွက်တိုင်းရင်နာတဲ့ကြိုး
လှည့်စားလိမ်ညာမှန်းမသိတော့ ဆုံစည်းခွင့်ငါတမ်းတ ..

စာသားကိုပဲ ဖတ်ရတော့ နားထောင်ရတာလောက်တော့ အရသာဘယ်ရှိမလဲနော့ .. ဒါပေမဲ့ ပြောပြချင်ပါတယ် .. စာသားလေးက လှတယ် .. ကိုယ်ကချစ်တယ် သူကလှည့်စားသွားတယ် .. ပြန်လာမလားလို့ စောင့်မျှော်နေမယ်ဆိုတဲ့ သဘောမျိုးတွေပါပဲ .. ဒါပေမဲ့ စာသားကို ဒဲ့မရေးထားဘူးနော် .. အင်း ဘယ်လိုပြောရမလဲ .. သဘောရိုးကို စကားလုံးနဲ့ဆန်းသစ်ထားတယ်ပေါ့ .. အဲ့ဒါလေးကိုကြိုက်တာပါ ..

နောက်ပိုင်းကျမှ အားလုံးနားထောင်လို့ရအောင် အဲ့အဆိုတော်ကို အခွေမြန်မြန်ထွက်ဖို့ များများတိုက်တွန်းပေးပါ့မယ် .. အခုတော့ ဒီလောက်နဲ့ပဲ ကျေနပ်ကြပါလို့ .. ..

Wednesday, February 4, 2009

အိဖူးအပျင်းထူနေသည်

post အသစ်ရေးဖို့ကြိုးစားလည်း
- ခေါင်းထဲမှာ ဗလာနတ္ထိ ဘာမှမရှိ .. ကဲ အဲ့တော့ဘယ့်နှယ့်လုပ်မတုန်း ..
- ရေးရင်လည်း ပေါက်ကရတွေနဲ့ ဘာကိုဦးတည်ပြီးရေးနေမိမှန်းမသိ .. ရေးလက်စတန်းလန်းတွေလည်း အများကြီး ..
- ကြားထဲမှာ ကျောင်းက mid term စစ်တာနဲ့ကြုံနေတော့ စာကကျက်နေရသေးတယ် ..
- အဲ့မှာတင် ခေါင်းထဲရေးရန်အတွေးလေးများ ဝေးဝေးပြေးကုန်ပြီ ..
- ကျောင်းမှာကလည်း အပျော်လွန်နေတော့ အိမ်ရောက်ရင်ဘာမှမလုပ်ချင်ဘူး ..
- မီးကလည်း ပျက်သေး ..
- tag များလာမလားလို့ စောင့်ကြည့်နေတော့လည်း ဘယ်သူကမှမစ ..(ဒါမှအချောင်တစ်ပုဒ်ရမှာကိုး)
- အဲ့လိုမရေးတာကြာသွားတဲ့အခါ သွေးအေးလေပြီ ..
- အမှန်တိုင်းပြောရရင်တော့ “ပျင်းလို့ပါ” .. ဟဲဟဲ
- ......... ........ ......
- ..... ...
- ကျေနပ်တယ်မဟုတ်လား ..

Monday, February 2, 2009

တက်ကြွနေဆဲ ဒုတိယနှစ်

ဒုတိယနှစ်ကျောင်းတက်ရတော့မယ်ဆိုတော့ မြောက်ကြွမြောက်ကြွဖြစ်နေတာတော့ အမှန် .. ဘာလို့လဲဆိုတော့ ပထမနှစ်မဟုတ်လို့ပါပဲ .. ရှုပ်သွားကြပြီလား .. ဒီလိုလေ .. ပထမနှစ်တုန်းက ကိုယ်ကတော့ အူကြောင်ကြောင်မဖြစ်ပေမဲ့ သူများတွေ ဘယ်မှာ ကျောင်းအပ်ရမှန်းမသိတာတွေ .. အခန်းဘယ်မှာမှန်းမသိတာတွေ .. အဲဒါတွေကိုမြင်ထားတော့ ကိုယ်ကောဖြစ်မှာလားဆိုပြီး နည်းနည်းတော့ရင်ခုန်မိတာပေါ့ ..

အခုဒုတိယနှစ်ရောက်ပြီလည်းဆိုရော .. ကိုယ်တစ်နှစ်တက်ထားပြီးသား ကျောင်းကြီးကို ပြန်တွေ့ရမယ် .. ကိုယ်တစ်နှစ်ခင်ထားပြီးသား ဘော်ဒါတွေနဲ့ .. တစ်နှစ်လုံးဖွန်ကြောင်ထားတဲ့ အစ်ကိုကြီးတွေ .. နောက်အသစ်ရောက်မဲ့ fresher လေးတွေ .. ဟဲဟဲ .. ခံစားချက်က ဘယ်တူမလဲ .. ဒုတိယနှစ်ကျောင်းလာရတာ အိဖူးတို့က ဆရာကြီးအထာနဲ့ .. ဘယ်သွားပြီးဘာလုပ်ရမှန်းမသိတဲ့ ပထမနှစ်လေးတွေကိုကြည့် .. ကိုယ့်တုန်းကလည်း ဒီလိုပဲအကြည့်ခံရမှာပဲလို့ တွေးရင်းနဲ့ အသက်တစ်နှစ်ကြီးလာတာကို စဉ်းစားမိတယ် .. နောက်တော့ ကျောင်းမှာ အငယ်ဆုံးမဟုတ်တော့တာကို တွေးမိတယ် .. အလတ်ရတာကောင်းတယ် .. အငယ်ဆုံးလည်းမဟုတ်သလို အကြီးဆုံးလည်း မဟုတ်ဘူး .. ဒုတိယနှစ်ဖြစ်တဲ့အတွက် ပထမနှစ်တွေကို အနိုင်ကျင့်လို့ရတယ် .. တတိယနှစ်တွေက အငယ်ဆိုပြီးအလိုလိုက်တယ် .. ကောင်းမှကောင်း .. နှစ်ဖက်ခွပြီး လှုပ်ရှားလို့ရတာပေါ့ ..

အရေးထဲ အခုဒုတိယနှစ်စာသင်ဆောင်နဲ့ ကင်တင်းနဲ့က ဝေးတော့ သွားရတာခြေကိုတိုရော .. ဒုတိယနှစ်ဘက်မှာလည်း ကင်တင်းနောက်တစ်ခုရှိပေမဲ့ အခုထိုင်နေတဲ့ဆိုင်က ထိုင်နေကြဖြစ်သလို ဆိုင်ရှင်အစ်မကြီးနဲ့လည်း အရမ်းခင်တော့ ဆိုင်မပြောင်းချင်ဘူးလေ .. အိဖူးတို့မှာ ကျူတိုရီယယ်တို့ ဘာတို့ရှိရင် ပြေးပေတော့ပဲ .. နောက်တော့လည်း မနက်ကျောင်းရောက်ရောက်ချင်း ဆိုင်မှာခြင်းတောင်းဝင်ထား .. အတန်းဆီကိုပြေး .. အတန်းတက်ပြီး နေ့လယ် break time အချိန်မှ ကင်တင်းမှာ သူငယ်ချင်းတွေနဲ့ ထမင်းစား .. ခဏလောက်ထိုင်ပြီး ဂစ်တာတီးကြ သီချင်းဆိုကြ .. ပြီးရင် အတန်းပြန်တက်နဲ့ .. သိပ်လည်း မလာနိုင်တော့ပါဘူး .. အတန်းနည်းနည်းလွတ်တဲ့နေ့ဆိုလို့ တင်္နလာနေ့ပဲရှိတယ် .. အဲဒိနေ့မှ အဆောင်သစ်ကိုသွားပြီး ဟေးလားဝါးလားလုပ် .. တစ်ပတ်လုံးမှာ တစ်နေ့ပဲချောင်တယ်ဗျိုး ..

ဒုတိယနှစ်မှာ အသစ်အဆန်းဆိုလို့ လူသစ်တွေတိုးလာတာပဲ ရှိမယ် .. မောင်လေးအစစ် မောင်လေးအတုတွေနဲ့ ညီမလေးတစ်ယောက် .. မောင်လေးအစစ်ဆိုတာက တကယ်ငယ်တဲ့လူကိုပြောတာ .. မောင်လေးအတုဆိုတာ အသက်တူတူ အခုမှ first year တက်တဲ့လူပေါ့ .. နောက်ထပ်အစ်ကိုကြီးတစ်ယောက်ရယ် .. လူများတော့ ပျော်စရာကောင်းတာတော့အမှန်ပဲ .. ဒါပေမဲ့ သဘောထားမတိုက်ဆိုင်တာတွေလည်း ပိုများလာတယ် .. လူစုပြီးတစ်နေရာရာသွားကြမယ်ဆိုလည်း ဟိုလူကဟိုနေရာသွားချင်တယ် ဒီလူကဒီနေရာသွားချင်တယ် .. ဟိုသွားရင်မလိုက်ဘူး ဒီသွားရင်မလိုက်ဘူးနဲ့ .. အဲလိုကျတော့လည်း ပထမနှစ်တုန်းက အတွဲညီညီ ၈ ယောက်အုပ်စုလေးကို ပြန်လွမ်းမိတယ် ..

အချိန်တွေကုန်တာသိပ်မြန်တယ် .. ဖေဖော်ဝါရီတောင်ရောက်လာပြီ .. မတ်လဆိုရင် စာမေးပွဲကလာပြီ .. ပြီးရင်ကျောင်းတွေပိတ် သင်္ကြန်ကျတော့ မဏ္ဍပ်ထိုင်တဲ့လူကထိုင် .. လည်တဲ့လူကလည်ပေါ့ .. မေလတစ်လလုံး အိမ်မှာလိမ့်ပိန့်ပြီးနေ .. ပြီးရင်ကျောင်းပြန်ဖွင့် အဲ့တော့မှသူငယ်ချင်းတွေနဲ့ပြန်တွေ့ရတော့မယ် .. စဉ်းစားကြည့်ရင် ပျင်းစရာကြီးပဲ .. ဟုတ်တယ်ဟုတ်