Wednesday, January 6, 2010

This Is Barcamp !!

မြန်မာလိုဘဲ ပြောရတော့မှာပေါ့ မြန်မာဘားကမ့်ကို ရန်ကုန်မှာစလုပ်တော့မှာ ဆိုတော့လေ။ တကယ်တမ်း ဆိုရင် ဘားကမ့်ဆိုတဲ့ ဝေါဟာရရဲ့သမိုင်းကို အင်တာနက်မှာ ရှာတွေ့နိုင်တယ်ဆိုပေမယ့် အားလုံး နားလည်အောင်ပြောရရင် ဘားကမ့်ရဲ့သဘော တရားကို ရှင်းရှင်းလင်းလင်း သိအောင်နားလည်အောင် ပြောရ မှာ အကောင်းဆုံးဘဲ။ ဘားကမ့်ဆိုတာ ပုံမှန် ဆွေးနွေးပွဲ၊ အစည်းအဝေး၊ တွေ့ဆုံပွဲ စတာတွေလို ကြိုတင် စီမံထားတဲ့ ခေါင်းစဉ်တွေ ထားရှိချင်းမရှိဘဲ တက်ရောက်လာသူတွေက ပြောလာတဲ့၊ ပြောချင်တဲ့ အကြောင်း အရာတွေကို တချိန်ထဲ တပြိုင်ထဲမှာ အများအပြား တင်ပြပေးနိုင်တဲ့ နေရာများစွာကို ဖန်တီးပေးမယ့် ပွဲတခု ဖြစ်ပါတယ်။

ဒီထက်ရှင်းလင်းအောင်ပြောရရင် ဘားကမ့်ပြုလုပ်တဲ့ ပွဲထဲမှာ ဘယ်လို စီမံပေးထားတယ်ဆိုတာကို အရင် ပြောပြဦးမယ်။ ဘားကမ့်စီစဉ်သူတွေက တက်ရောက်လာပြီး မိမိပြောလိုတဲ့ဆွေးနွေးလိုတဲ့ အကြောင်း အရာတွေကို သီးသန့်တင်ပြနိုင်အောင် အခန်းတွေစီမံပေးထားမယ်။ ပြောလိုတဲ့သူတွေဟာ မိမိ တင်ပြပြောဆိုလိုတဲ့ အကြောင်းအရာ ခေါင်းစဉ်တွေကို ပွဲ အတွင်းအစီအစဉ် ကြေငြာသင်ပုန်းမှာ လွတ်လပ်စွာ လာရောက်ပြီး မိမိအစီအစဉ်နဲ့ လာကပ်ထားနိုင်တယ်။ အဲဒီသင်ပုန်းမှာတော့ စီစဉ်ထားတဲ့ အခန်းနံပတ်တွေနဲ့ အချိန် တွေကို ဖော်ပြထားမှာ ဖြစ်ပါတယ်။ ဒီလို လာရောက် ကပ်ထားနိုင်ဖို့ ဘားကမ့် စီစဉ် သူတွေနဲ့ ကူညီသူတွေက တက်ရောက်လာသူတွေကို ကူညီပေးဦးမှာ ဖြစ်ပါတယ်။ အစီအစဉ်အတိုင်းဘဲ အချိန်နဲ့နေရာ သတ်မှတ်ထားတဲ့နေရာတွေမှာ မတူညီတဲ့ အကြောင်းအရာတွေကို တပြိုင်နဲ့ ကျင်းပပေးနေမှာ ဖြစ်ပြီး ဘားကမ့်ကို လာရောက် သူတွေကလဲ အဲဒီတင်ပြပြောဆိုမှုတွေကို မိမိတို့စိတ်ဝင်စားရာ နေရာတွေမှာ လွတ် လပ်စွာ သွားရောက်နားထောင်ပြန်လှန်ဆွေးနွေးမှုတွေကို ပြုလုပ်နိုင်မှဖြစ်ပါတယ်။ ဒီလို မျိုး တင်ပြချက်တွေကို ပိုမိုကျယ်ပြန့်စွာ ဖလှယ်နိုင်ဖို့ အတွက် အကြောင်းအရာ တခုခြင်းစီအတွက် တင်ပြဆွေးနွေးချိန်တွေကိုတော့ အနည်းငယ်အချိန်ကန့်သတ်မှုတွေနဲ့ စီစဉ်ပေးထားမှာ ဖြစ်ပါတယ်။ ဒါကလဲ အများအပြားထွက်ပေါ်လာမည့် ခေါင်း စဉ်တွေအတွက် အားလုံးနားထောင်လို့ရအောင် ပြုလုပ်ပေးရတာဖြစ်ပြီး လူအများ စိတ်ဝင်စားမှုနဲ့ အားပေးမှု ဖြစ်နေတဲ့ ခေါင်းစဉ်အောက်က ဆွေးနွေးချက်များအတွက် အချိန်ပိုရရှိနိုင်အောင် ဆောင်ရွက်ပေးထားမှာလဲဖြစ်ပါတယ်။

တစ်ခုရှိတာကတော့ ဒီဆွေးနွေးပွဲတွေကနေပြီး ဘယ်လိုရလဒ်ကောင်းတွေရရှိလာမယ်ဆိုတာကတော့ ဘားကမ့် စီစဉ်သူတွေက ၀င်ရောက်စွက်ဖက်မှာ မဟုတ်တဲ့အတွက် မိမိတို့ဘာသာ လွတ်လပ်စွာနှီးနှောဖလှယ် နိုင်မှာဖြစ်ပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး၊ ဘားကမ့်ပြုလုပ်တဲ့ပွဲတွေမှာ လူမှုရေး၊ စီးပွားရေး၊နည်းပညာစတဲ့ ကဏ္ဍများစွာကိုပေါင်းကူးပေးတာ ဖြစ်တဲ့အတွက် နည်းပညာရှိပြီး စီးပွားရေး အကြောင်းသိရှိချင်သူ၊ စီးပွားရေး နယ်ပယ်မှာထွန်းကားပေမယ့် နည်းပညာပိုင်းမှာ အားနည်းနေသူ စတဲ့ သူတွေအချင်းချင်းကို တွေ့ဆုံပေးနိုင်မှာဖြစ်ပါတယ်။ ဒီတော့ ဘားကမ့်တွေရဲ့ ပြုလုပ်ရတဲ့ ရည်ရွယ်ရင်းဟာ ဘာလဲဆိုပြီးမေးလာစရာဖြစ်လာနိုင်ပါတယ်။ ဘားကမ့် စီစဉ်သူတွေဟာ ဒီလို တချိန်တည်းတပြိုင်ထဲမှာ အခွင့်အလမ်းပေါင်းများစွာ တိုးတက် လာစေမယ့် ရည်ရွယ်ချက်ကလွဲပြီး မည်သည့် ရည်ရွယ်ချက်မှမရှိဘူးဆိုတာတော့ ရဲရဲပြောချင်ပါတယ်။ ကမ္ဘာနဲ့ တလွှားဘာကြောင့်ဘားကမ့်ပေါင်း များစွာ ကို အကြိမ်ကြိမ်ပြုလုပ်နေတယ်ဆိုတဲ့အကြောင်းဟာ မိမိတို့ဒေသအတွင်းမှာရှိတဲ့ ပြန့်ကျဲနေတဲ့ အားတွေကို စုစည်းပေးစေနိုင်တာကြောင့် လို့ဘဲ ဆိုရမှာ ဖြစ်ပါတယ်။

ဘားကမ့်ဟာ မတူညီတဲ့ လုပ်ရိုးလုပ်စဉ်တွေကို တွန်းဖယ်ပြီး တချိန်ထဲမှာ များစွာသော ကဏ္ဍတွေအတွက် အချိန်တိုတိုနဲ့ထိရောက်တဲ့ ပေါင်းစည်းမှုတခုကို ရရှိစေမယ့် ပွဲတွေလို့ ဆိုရင်လဲ ကျွန်တော်တို့ ပြုလုပ်တဲ့ ရည်ရွယ်ရင်းကို ပိုမိုထိရောက်မယ်လို့ထင်ပါတယ်။
ဒါကြောင့် ဘားကမ့်ကိုလာတဲ့ စိတ်ဝင်စားသူတွေအတွက်ရရှိနိုင်မယ့် အကျိုးအမြတ်ပါးပါးလေးတခုလောက်ကို ထုတ်ကြည့်ရရင် မိမိတို့ တင်ပြချင်တဲ့အကြောင်း အရာတွေ နည်းပညာတွေ စိတ်ကူးတွေကို မိမိတို့အစီအစဉ်နဲ့ သီးသန့်လုပ်ဆောင်တဲ့အခါ ကုန်ကျမယ့် ငွေကြေးနဲ့အချိန်တွေကို လုံးဝလျော့ချပေးလိုက်နိုင်ပါတယ်။ နောက်တခုကတော့ မိမိတို့ သဘောတရားတွေကို မိမိရဲ့ ထင်မြင်ယူဆချက်တွေကို ပြန်လှန်မေးခွန်းထုတ်ခြင်းတွေ အတွက် လုံလောက်တဲ့ ပညာရှင်အများ အပြား ကိုလဲ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ လာရောက်သူတွေအတွက် အဓိကကျတဲ့ ပြင်ဆင်မှုကတော့ မိမိက ဘာကိုသိချင်တယ်၊ ဘာကို တင်ပြချင်တယ်၊ ဘာကို မေးမြန်း ချင်တယ်၊ ဘယ်လိုအကြောင်းအရာတွေကို စိတ်ဝင်စားတယ်ဆိုတဲ့အချက်တွေအပြင် မိမိကိုယ်တိုင်ဟာ ဒီဘားကမ့်မှာ ထင်ပေါ်ကျော်ကြားသူ တယောက် ဖြစ်လာ နိုင်တယ်ဆိုတဲ့ ယုံကြည်မှုလဲ ရှိဖို့လိုအပ်မှာဖြစ်ပါတယ်။
မေးပါများစကားရ ဆိုတဲ့ စကားပုံကတော့ ဘားကမ့်မှာထိထိရောက်ရောက် အသုံးချသင့်တဲ့ စကားတခု ဖြစ်ပါတယ်။

ဘားကမ့်တွေမှာ ပြုလုပ်လေ့ရှိတဲ့ အစီအစဉ်တွေအပြင် ရန်ကုန်ဘားကမ့်မှာ ပြုလုပ်မယ့် ထူးခြားတဲ့ အစီအစဉ်တွေလဲ ပါဝင်ဦးမှာဖြစ်ပါတယ်။ ရန်ကုန်ဘားကမ့် လို့ ခေါ်ဆိုရတာကတော့ ဘားကမ့် ပြုလုပ်တဲ့နေရာတွေမှာ ပြုလုပ်တဲ့ဒေသ ကိုအစွဲပြုခေါ်ဆိုလေ့ရှိတာကြောင့် ကျွန်တော်တို့ ရန်ကုန်ဘားကမ့်လို့ ခေါ်ရတာ ဖြစ်တယ်ဆိုတာ ဘာမှဝိယောဓိမဖြစ်ပါနဲ့။ တကယ်က နေရာဒေသဟာ ကျွန်တော်တို့အတွက် အရမ်းအဓိကကျတဲ့စိတ်ဝင်စားစရာ အကြောင်းတရားမဟုတ်လို့ဘဲ ဖြစ်ပါတယ်။ ကဲပါလေ ဘာဘဲပြောပြော အခြားဘားကမ့်ပေါင်းများစွာမှာ မပါဝင်နိုင်တဲ့ ထူးခြားအစီအစဉ်တွေကို ရန်ကုန်ဘားကမ့်မှာ ထည့်သွင်း ထားဦးမှာမို့ ဘာတွေလဲ ဆိုတာကတော့ လာရောက်တဲ့အခါမှာ ထူးထူးဆန်းဆန်းလေးဖြစ်သွားအောင် ဒီအတိုင်းဘဲ ထားလိုက်ပါဦးမယ်။

ပထမဆုံးအနေနဲ့ သင့်အတွက် ရန်ကုန်ဘားကမ့်ကို လာရောက်ဖို့ အတွက် အမှတ်တရတီရှပ်လေးကို ဘယ်လို အနေအထားဝတ်ချင်တယ်ဆိုတာကို ဒီဆိုဒ်မှာ မှတ်ပုံတင်ရင်း မှာထားနိုင်သလို သင်ဘယ်သူ ဘယ်ကနေ လာမယ်ဆိုတာနဲ့ ဘာခေါင်းစဉ်မျိုးကို ပြောမယ်ဆိုတာလဲ ကြိုတင် ကြော်ငြာထားနိုင်ပါတယ်။ တကယ်လို့ ဒီမှာ မှတ်ပုံတင်မထားရင်လဲ ဘားကမ့်ပွဲအတွင်းမှာ သင်ဟာ ၀င်ရောက်တင်ပြဆွေးနွေးသူတယောက် ဖြစ်နေနိုင် ပါတယ်ဆိုရင် အရမ်းမအံ့သြနဲ့ဦးနော်။ ။ ။

www.barcampyangon.org မှကူးယူပါသည်။




Sunday, January 3, 2010

အနီရောင်ထီးအောက်က တစ်ညနေ

“အမှတ်တရ”ဆိုတာ ကြာရှည်မှတ်မိနေဖို့မလွယ်ဘူးလို့ လက်ခံခဲ့တဲ့ ငယ်ဟာ မောင်နဲ့ပက်သတ်ပြီး ဖြစ်ရပ်လေး တစ်ခုကို အမြဲမှတ်မိနေပါတယ်.. မထူးဆန်းဘူးလားနော်.. ဘာကိုမှကြိုတွေး ကြိုစဉ်းစားလေ့မရှိတဲ့ငယ်.. ဖြစ်ပြီးသမျှကိစ္စတွေကို မှတ်မထားတတ်တဲ့ငယ်က ကိစ္စသေးသေးလေးတစ်ခုကို မှတ်မိနေပါတယ်.. မောင်နဲ့ ပတ်သက်နေတာမို့လို့များလားမသိပါဘူးကွယ်..

အဲဒိနေ့က မိုးရွာတယ်.. မိုးရေအနည်းငယ်စိုရွဲနေခဲ့တဲ့ ငယ်တစ်ယောက် မောင့်ကိုကျောင်းပေါက်ဝကနေ စောင့်နေခဲ့ပါတယ်.. ငယ်တို့အိမ်တူတူပြန်လေ့ရှိတာ မောင်မှတ်မိပါရဲ့လား.. ထီးနီနီလေးကို ဆောင်းပြီး ထွက်လာတဲ့ မောင့်ကိုတွေ့တော့ ငယ်ဝမ်းသာသွားခဲ့တယ်.. ဘာလို့လည်းဆိုတော့ ငယ့်မှာ ထီးမပါလို့လေ.. သူငယ်ချင်းမလေးရဲ့ ထီးအောက်မှာ ခိုကပ်ရပ်ပြီး မောင့်ကိုစောင့်နေခဲ့တာ မောင်မြင်ရင်တော့ ငယ့်ကို ဆူဦးမှာပဲ.. တခြားလူတွေဆူပူရင် ငယ်မကြိုက်တတ်ပေမယ့် မောင်ကကြိမ်းမောင်းရင်တော့ သဘောကျပါ တယ်.. “ကြပ်ကြပ်သတိထား” လို့ ခပ်ကျိတ်ကျိတ်အသံနဲ့ အဆုံးသတ်သွားတတ်တဲ့ မောင်ရဲ့ဆူပူမှုများကို ငယ်အမြဲတမ်းကျေနပ်နေခဲ့တာပဲ..

မောင်ကငယ့်ကိုမြင်တော့ ခပ်သွက်သွက်လျှောက်လာတယ်.. ငယ်မိုးရေတွေစိုနေတာကို မောင်တွေ့သွားတာမို့ မြန်မြန်လျှောက်လာတာလား.. မောင့်ကိုကြည့်နေရတာကိုက စိတ်ထဲမှာသီးသီးသန့်သန့်လေးခံစားရပါတယ်.. မြင်ရတာဘယ်သူနဲ့မှမတူတဲ့ ခံစားမှုမျိုးကိုဆိုလိုပါတယ် မောင်.. အေးနေတဲ့အချိန်ဆို နွေးလာသလိုခံစားရပြီး ဝမ်းနည်းနေတဲ့အချိန်ဆို ပျော်ရွှင်လာပါတယ်..

မောင့်ထီးအောက်ကို ဝင်လိုက်ပြီး ငယ်ပြုံးပြလိုက်ပါတယ်.. ဘာလို့ထီးမပါလာတာလဲဆိုတဲ့ မောင်မေးလာမယ့် အမေးအတွက် ကြိုကာထားတဲ့ မျက်နှာချိုအပြုံးတစ်ခုပါ.. မောင်က ခေါင်းကိုတစ်ချက်ခေါက်လိုက်ရင်း “အရူးမ” လို့ရေရွတ်တာကို ငယ်ကျေနပ်စွာနားထောင်နေခဲ့တယ်.. ငယ့်ကို မောင်အဲလိုခေါ်ရင် အရမ်းကို သဘောကျ တာပဲ.. ကျောင်းကားဆီကို လျှောက်သွားတဲ့လမ်းမှာ မောင်ကငယ့်ကို တစ်နေ့တာအဖြစ်အပျက်တွေ ပြောပြလေ့ရှိတယ်.. ငယ်က စိတ်မဝင်စားချင်ယောင်ဟန်ဆောင်ရင်းက မောင်ပြောတာတွေကိုနားထောင်မယ်.. ငယ်နဲ့မောင့်ရဲ့နေ့စဉ်ပုံစံလေးက သိပ်ပြီးရိုးရှင်းပါတယ် မောင်.. အခုမှတန်ဖိုးထားနေမိတာကတော့ ငယ့်အမှား ပေါ့..

မောင် အဲဒိနေ့ကပြောတာ ဟာသတွေပါ.. ဆရာတစ်ယောက်က ဆူနေတုန်းမှာ မောင့်သူငယ်ချင်း ပုဆိုးကျွတ်သွားတဲ့အကြောင်းကို ပြောနေခဲ့တာ.. ပုဆိုးကျွတ်တာကိုပြောနေတဲ့အချိန် ငယ်က နှုတ်ခမ်းကို လျှာနဲ့သပ်လိုက်မိတာကြောင့် မောင်ကခေါင်းကိုထုရင်း “ပုဆိုးကျွတ်တာကြားတော့ တံတွေးတောင်မထိန်းနိုင်ဘူးလား ဟုတ်လား” လို့ပြောတာကို အစက နားမလည်လိုက်ဘူးလေ.. အူကြောင်ကြောင်နဲ့ မောင့်ကိုမော့ကြည့်မိတယ်.. ငယ်ဘာလုပ်မိလို့ပါလိမ့်.. ကိုယ့်အကျင့်နဲ့ကိုယ် နှုတ်ခမ်းသပ်မိတာပါလို့ ဖြေရှင်းချက် ပေးမိသေးတယ်.. မောင်က ပြုံးစစနဲ့ကြည့်နေတော့မှ နောက်နေမှန်းသိတယ်.. တော်တော်တုံးတဲ့ ငယ်ပါလားနော်.. မဟုတ်ပါဘူးလို့ မောင့်ကိုပြန်ပြောမိပြီး ငယ်မုန့်ဆက်စားနေမိတယ်.. မောင်ကငယ်ကိုကြည့်ပြီး တဟားဟားရယ်တယ်..

အဲဒိတစ်ညနေလေးဟာ ဖြစ်ပျက်သွားတာ အချိန်ဘယ်လောက်မှမကြာလိုက်ပါဘူး.. တကယ်ဆို မိနစ်ပိုင်း လောက်ပဲကြာမှာပါ.. အဲဒါကိုပဲပြန်တွေးမိတိုင်း ရင်ထဲမှာ ဘယ်လိုဖြစ်မှန်းမသိဘူး.. မောင်မရှိတော့တဲ့ နောက်ပိုင်း ငယ်လွမ်းနေတာ အဲဒိညနေက အဲဒိတစ်ခဏလေးပါ .. အခုတော့ ငယ်ထီးယူတဲ့အကျင့်ရှိလာပါပြီ.. ထီးနီနီကိုတွေ့တိုင်း မောင်များဖြစ်မလားလို့ အစိုးမရတဲ့စိတ်က လိုက်ကြည့်နေမိတယ်.. ငယ်နေထိုင်တဲ့မြို့ပေါ်မှာ ထီးနီနီဆောင်းတာ မောင်တစ်ယောက်တည်းမဟုတ်မှန်း သိပါတယ်.. ဒါပေမဲ့ငယ်က ခပ်တုံးတုံး မိန်းမမဟုတ်လား.. အခုချိန်ထိကို ရူးမိုက်စွာနဲ့ပဲ ထီးအနီရောင်တွေကို စွဲလန်းနေတုန်းပါ..

“မင်းငါ့ကိုဘယ်လောက်နားလည်လို့လဲ”ဆိုတဲ့ စကားတစ်ခွန်းနဲ့ အဝေးကြီးဝေးခဲ့ကြတဲ့ ငယ်တို့နှစ်ယောက်.. ဘယ်သူမှနောင်တမရတာ ကျိန်းသေရဲ့လား.. မောင့်ကိုနားမလည်ဘူးလို့ မောင်ထင်ခဲ့တဲ့ မိန်းမတစ်ယောက် ဆိုတော့လည်း မောင်နောင်တရ မရကို မခန့်မှန်းတတ်တာအမှန်ပဲလေ.. (ချစ်ရုံကလွဲလို့) နားလည်မှုတွေ အလျှော့ပေးမှုတွေ ယုယမှုတွေ ဦးစားပေးမှုတွေမရှိတဲ့ငယ်.. မောင်က ငယ့်အတွက် အရာရာခွင့်လွှတ်ပေး တတ်ပေမယ့် ငယ်ကတော့ မောင့်ကိုနားမလည်ပေးခဲ့တော့လည်း ပြဿနာတွေဖြစ်လာတာမဆန်းပါဘူး.. အလျှော့ပေးတယ်ဆိုတာလည်း အတိုင်းအတာတစ်ခုထိပဲရှိမှာပေါ့..

အခုတော့လည်း ဘဝတစ်ခုဆီမှာ ငယ်တို့စီးမျောခဲ့ရပြီ.. ဝေးသွားတာ အခိုက်အတန့် တစ်ခုစာလောက် ကြာသွားပေမဲ့ မောင်နဲ့ပြန်မတွေ့မိတာ အံ့သြစရာ.. ငယ့်ဘက်က သိပ်တောင့်တနေလွန်းလို့များလားမသိပါဘူး.. မောင့်အပေါ်အမှားများလွန်းတာကြောင့် တွေ့ချင်လွန်းတာတောင် တစ်ခါမှပြန်မတွေ့ကြတာလား.. အဲလိုများ လား.. မိုးရွာတဲ့တစ်ညနေလောက်မှာတော့ မောင်နဲ့တွေ့ချင်ပါသေးတယ်.. မောင်ထီးအနီလေးဆောင်းနေ တုန်းပဲလား.. ..

Friday, December 25, 2009

တစ်နေ့တာ

နာရီလက်တံက ပင့်ကူအိမ်နဲ့ငြိနေတယ်
ရောင်ကိုင်းနေတဲ့နှင်းတွေ မြင်ကွင်းမှာညိုမွဲလို့
တရားထိုင်ရမလား ဓားကိုင်ရမလား
အစွဲအလန်းက သွေးအားမကောင်းတဲ့အနမ်းမှာ ခိုက်ခိုက်တုန်
လိပ်ပြာမလုံတဲ့ဂီတတွေ အရိုးထဲစိမ့်ဝင်နေပေါ့
နံရံဆီကရယ်သံတွေ စီးကျလာလေမလား
ငြီးငွေ့မှုက ပြဒါးတိုင်မှာ100ဒီဂရီဆင်တီဂရိတ်
အငွေ့ပျံတယ်
စေးထန်းထန်းအတွေးတွေ ထွေးထုတ်နေရတယ်
ဒီအချိန်
တစ်စုံတစ်ရာအော်မြည်သံမှာ
ချက်ချင်းကျကွဲတော့မယ့် စိတ္တဇနဲ့
အမျှော်တွေလမ်းမတစ်ဆုံး
ပျို့တက်လို့ ။
(သက်ငြိမ်သစ်)

Friday, December 18, 2009

ငါတို့ပန်းခင်း

သင်ယူစရာတွေအများကြီးဆိုတာ
သူတို့တွေပြောပြောနေကြတယ်..
ငါသိချင်တာတော့
နင်ဘယ်ရောက်နေသလဲဆိုတာပဲ
ဘာမှခံစားနေရတာမဟုတ်ပေမယ့်
အဆင်မပြေဘူး
တကယ်တမ်းတော့
ငါဟာနယ်ရုပ်မဟုတ်ဘူး
လိပ်ပြာလည်းမဟုတ်ဘူး
ဘာဆိုဘာမှမဟုတ်ဘူး

စဉ်းစားစရာတွေအများကြီးဆိုတာ
သိပေမယ့်လည်း
ငါတွေးနေတာက
တစ်ယောက်နဲ့တစ်ယောက်
ရှာတွေ့သွားပြီးရင်
ငါတို့ဘယ်ရောက်နေမလဲ
ငါကရယ်မယ်
နင်ကပြုံးမယ်
အဲဒိမှာ ပန်းတွေပွင့်လို့ပဲ

တံခါးရဲ့နောက်ကွယ်မှာ
လိပ်ပြာရောင်စုံနဲ့
ငါတို့ရဲ့ပန်းခင်း.....။

Saturday, December 12, 2009

မီးမီးချစ်ချစ်

အိဖူးရဲ့ hamster တွေက မွေးနေ့လက်ဆောင်အဖြစ်ရထားတဲ့ကောင်လေးတွေပါ.. စရတုန်းက အထီးအမနှစ်ကောင်ထဲပေါ့.. အခုတော့ သူတို့ချစ်ခြင်းရဲ့သက်သေအဖြစ် အိမ်မှာဥတစ်လုံးကျ မှားလို့ အိမ်မှာအကောင်လေးတွေပေါက်ပြီး hamster emperor ကြီးတည်ထောင်လို့.. နောက်တော့ မွေးရတာမနိုင်တော့လို့ သူငယ်ချင်းနှစ်ယောက်ကို နှစ်ကောင်ဆီပေးလိုက်တယ်.. အခုတော့ မေကြီးဟန်းစတား သားသားဟန်းစတားတစ်ကောင် မီးမီးဟန်းစတားနှစ်ကောင်နဲ့ အိဖူးတစ်ယောက် လုံးလည်ချာလည် လိုက်နေတာပေါ့..

သူတို့ထဲက မေကြီးဟန်းစတားက နည်းနည်းစွာတယ်.. သူတို့ကန် (ငါးမွေးတဲ့မှန်ကန်)ထဲလက်လာတာနဲ့ ပြေးကိုက်တာပဲ.. အဲဒါသူ့ကိုဆိုရင် စိတ်တိုတတ်မှန်းသိလို့ လိုက်လိုက်စတာ.. အစာစားနေတုန်း ဟိုဘက်ကထိုးလိုက် ဒီဘက်ကထိုးလိုက်လုပ်တာနဲ့ဆိုတော့ သူကလည်း ဟိုဘက်လှည့်ကိုက်လိုက် ဒီဘက် လှည့်ကိုက်လိုက်ဖြစ်နေတာပေါ့.. နောက်ထပ် ဖေကြီးဟန်းစတားကတော့ သူ့ဟာသူ အေးဆေးပဲနေတတ်တယ်.. အခုတော့ နောက်ထပ်အကောင်တွေ ထပ်ပေါက်မှာစိုးလို့ ဖေကြီးဟန်းစတားကို သပ်သပ်လှောင်အိမ်နဲ့ တစ်ကောင်တည်းထားထားတယ်လေ.. တစ်ကောင်တည်းဆိုတော့ ပျင်းရိပြီး အမြဲအိပ်နေတာပဲ .. အခုတော့ သက်ကြီးရောဂါနဲ့ ဆုံးသွားရှာပြီ..

မီးမီးဟန်းစတားထဲက တစ်ကောင်ကတော့ “တရုတ်ကြီး”တဲ့.. ငယ်ငယ်တုန်းကမျက်စိမှေးလို့ တရုတ်ကြီး လို့ပေးထားတာ.. ပြီးတော့ အဟဲ အထီးမှတ်လို့ နောက်မှအမဖြစ်နေတယ်လေ.. သူကတအားလိမ်မာတယ်.. အိဖူးစာလုပ်နေရင် တရုတ်ကြီးကို စာကြည့်စားပွဲမှာ အမြဲခေါ်ခေါ်ထားလေ့ရှိတယ်.. စာကြည့်စားပွဲက ဘောပင်ထည့်တဲ့ခွက်နှစ်ခွက်ကြားမှာ ငြိမ်ငြိမ်လေးခွေနေတတ်တယ်.. စာကြည့်စားပွဲမှာ ခေါ်ခေါ်ထားလွန်းလို့ အိဖူးရဲ့ခဲဖျက်လည်း သူ့လက်ချက်မိသွားတယ်.. အကုန်လျှောက်ကိုက်ပစ်ထားတယ်လေ.. သူ့ကို အိဖူးက အချစ်ဆုံး .. အိမ်မှာ ရှိသမျှထဲမှာ တရုတ်ကြီးက အလိမ္မာဆုံးပဲ .. လူကိုသိတယ် .. လက်ထိုးပေးလိုက်ရင် လက်ပေါ်တက်လာတယ်.. မုန့်ကျွေးရင် သူများတွေလိုမဟုတ်ဘူး.. သူ့လက်လေးနှစ်ဖက်နဲ့ တလေးတစားယူတာ.. လူတွေလိုပဲပေါ့ ..

အခုတော့ သူလည်း သူ့ဒယ်ဒီလမ်းစဉ်ကိုလိုက်သွားတယ်.. အိဖူးဆီကနေ ထွက်သွားပြီလေ.. ဟိုးငယ်ငယ် သေးသေးလေးတုန်းက အိဖူးလက်ပေါ်မှာ အိပ်ပျော်သွားတာလေးတွေကို ပြန်သတိရတော့ တအားငိုချင်တာပဲ . ဘယ်လိုဖြစ်လို့သေသွားရတာလဲ မသိပါဘူး.. ဘာမှလည်း သိပ်မစားနိုင်တော့ပဲ ခွေနေတော့တာ.. နောက်နေ့ကျောင်းကပြန်လာလို့ သွားကြည့်လိုက်တော့ တရုတ်ကြီးမရှိတော့ဘူးလေ.. !_!.. ငိုလိုက်ရတာ ပြောမနေပါနဲ့

နောက်ထပ်အသေးမလေးတစ်ကောင်ကတော့ “ယွန်း”တဲ့.. သားသားလေးကတော့ “ချာဒို” တဲ့.. ကိုရီးယားကားထဲက မင်းသားနှစ်ယောက်နာမည်လေ.. နာမည်တွေကတော့ ပေါက်ကရတွေပဲ.. မီးမီးဟန်းစတားဆိုပြီး ပေးထားတာယောက်ျားနာမည်တွေဖြစ်လို့.. အငယ်လေးနှစ်ကောင်ထဲက ချာဒိုက လက်ကိုကိုက်တတ်တယ်.. သူကစိတ်တိုလို့ကိုက်တာမျိုးမဟုတ်ဘဲ ဆော့တာ.. လက်ကိုမ,လိုက်ရင် ကိုက်လျက်တန်းလန်းလေးပါလာရော.. နောက်ထပ်တစ်ကောင် ယွန်းကတော့ ခြေထောက်ကျိုးနေတာ . သနားပါတယ် သိလား .. ငယ်ငယ်တုန်းက သူတို့အိမ်ပေါ်ကနေပြုတ်ကျတာ.. သူက တအားကြောက်တတ်တာပဲ..

သူတို့တွေနဲ့ဆော့ရတာ ပျော်ဖို့ကောင်းတယ်.. အိပ်နေတာကိုကြည့်ရတာလည်း စိတ်ဝင်စားစရာကောင်းတယ် . ပက်လက်ကြီးလှန်ပြီး အိပ်တတ်တာ.. လူတွေလို ဘေးစောင်းလေးအိပ်တာ.. တစ်ကောင်နဲ့တစ်ကောင် ဖိထပ်ပြီးအိပ်တာ.. အိဖူးကတော့ အမြဲတမ်းထိုင်ကြည့်နေတာပဲ .. ပြီးတော့ ရေသောက်ရင်လည်း ကိုယ့် style နဲ့ကိုယ် .. ဖေကြီးဟန်းစတား wooky က ပုံမှန်ပဲ .. ရေပိုက်လေးကိုလက်နှစ်ဖက်နဲ့ သေချာကိုင်ပြီး “ကလပ် ကလပ်”နဲ့ .. မေကြီးဟန်းစတား shalry ကတော့ တစ်ခါတစ်လေ လက်က ရေပိုက်ကိုလုံးဝမကိုင်ဘူး .. ဒီတိုင်းပဲ ခေါင်းကြီးမော့ပြီးသောက်တယ်..

တရုတ်ကြီးတုန်းကတော့ ရေပိုက်ကနေမသောက်တတ်ဘူး.. သူကနည်းနည်းမြင့်တယ် .. ငယ်စဉ်အချိန်အခါက အိဖူးအလိုလိုက်ဖျက်ဆီးခဲ့လို့ လူကတိုက်မှသောက်တတ်တယ်.. အိဖူးက လက်ညိုးထိပ်လေးကိုရေဆွတ်ပြီး သူ့ပါးစပ်နားတိုးကပ်ပေးမှ လက်ကစိုနေတဲ့ရေကိုသောက်တာ.. မဟုတ်ရင် ဒင်းကမသောက်ဘူးဗျာ . ယွန်းနဲ့ ချာဒိုက သေးသေးလေးဆိုတော့ ရေပိုက်ကိုမမှီတမှီနဲ့မို့လို့ အောက်ကနေတုံးခုပေးထားရတယ်လေ..

တစ်နေ့တစ်နေ့ မနက်မိုးလင်းနိုးတာနဲ့ သူတို့ကိုသွားနှုတ်ဆက်.. ဟိုအကောင်ကိုချီလိုက် ဒီအကောင်ကိုစလိုက်နဲ့.. ညနေကျောင်းကပြန်လာရင်လည်း ကြည့်ရတာအမော.. အိဖူးဘာစားစား တစ်ဝက်က သူတို့တွေအတွက်.. သခွားသီးစားလည်း သခွားသီး.. ကိတ်မုန့်ပေါင်မုန့်စားလည်း တစ်ဝက် .. ချော့ကလက်ဆိုလည်း တူတူစား.. snack ဆိုလည်းအလွတ်မပေး.. အံမယ် စတော်ဘယ်ရီသီးတောင်စားတာနော်.. သူတို့ကန်လေးလည်း စတော်ဘယ်ရီနံ့လေးကိုမွှေးလို့ပေါ့.. ကျောင်းကနေလည်း နေကြာစေ့ယို (မြေပဲယိုတို့ နှမ်းယိုတို့လိုမျိုး) ဝယ်လာရတာခဏခဏ.. ၂ ပတ်တစ်ခါ ကန်သန့်ရှင်းရေးလုပ်ပေးရတာလည်း တစ်ခါတစ်ခါလုပ်တိုင်း ပွစာကြဲနေရောပဲ..

ကျောင်းမှာလည်း သူငယ်ချင်းတွေကို သူတို့တွေအကြောင်းပြောပြလွန်းလို့ ဘော်ဒါတွေက နားတွေညီးနေပြီ.. အိဖူးသူငယ်ချင်းကလည်း သူ့အိမ်မှာနှစ်ကောင်ရှိတော့ အဲ့ကောင်မလေးနဲ့ hamster အကြောင်းဆို မမောနိုင်မပန်းနိုင်.. သူ့ကောင်တွေကလည်း ပေါက်ကရတွေ.. အထီးနှစ်ကောင်မှာ တစ်ကောင်ကဖက်တီး နောက်တစ်ကောင်က မီးမီးလေးတဲ့ .. နာမည်တွေကလည်းနော်.. ...

ကဲ ပြောပြချင်တာက အိဖူးက သူတို့တွေကို တအားချစ်တယ်ဆိုတဲ့အကြောင်းပါ .. တအားလည်း ချစ်ဖို့ကောင်းတာကိုး.. တခါတလေစိတ်ညစ်ရင် သူတို့ကန်ရှေ့မှာ မှောက်ရက်ကြီးအိပ်ပြီး သူတို့ကို ထိုင်ကြည့်နေလိုက်တာပဲ.. လုပ်ပုံကိုင်ပုံလေးတွေကရီရတော့ စိတ်ညစ်တာ နည်းနည်းမေ့သွားတယ်ပေါ့လေ.. အခုတော့ တရုတ်ကြီးလည်းမရှိတော့ဘူး .. လွမ်းလိုက်တာ အဟင့်...။





Monday, December 7, 2009

ဂျုံမုန့်

ပုံကိုကြည့်ကြပါလော့.. မည်သည့်အစားအစာဟု သင်ထင်ပါသနည်း.. အဖြေကိုချရေးပါ...။ (ဒန် ဒန့် ဒန်)

ကဲ ကဲ.. ချမရေးလည်း ပြောပြမှာပါပဲ.. အဲဒါ “ဂျုံမုန့်” လို့ခေါ်တယ်.. အိဖူးကိုယ်တိုင်လုပ်ထားတာ သိလား.. ညီမဝမ်းကွဲတစ်ယောက်ရဲ့ အိမ်ကိုသွားတုန်းက ညီအစ်မနှစ်ယောက်လုပ်စားကြတာလေ.. ကင်မရာ အလွယ်တကူမရှိတော့ ဖုန်းကကင်မရာနဲ့ ရိုက်ထားရတာဆိုတော့ အရောင်အသွေးသိပ်မစိုပြေဘူး.. ကြက်ဥကြော်ကြီးနဲ့ တူနေမယ်ထင်တယ်.. ဒါပေမယ့်မဟုတ်ဘူး သိလား.. အဲဒါ “ဂျုံမုန့်” ...

လုပ်ရတာလွယ်တယ်.. အရင်ဆုံး ကြက်ဥကိုခေါက်တယ်.. ဂျုံမှုန့်ကို ရေအနေတော်ထည့်ပြီးတော့ နယ်တယ်လေ.. ဂျုံမှုန့်တွေ ကျေသွားပြီဆိုတော့မှ ကြက်ဥခေါက်ထားတာကိုထည့် သကြားလေး ဆားလေး ထည့်ပြီး ထပ်နယ်ပေါ့.. ပြီးရင် ဒယ်အိုးထဲမှာ ဆီထည့်ပြီး ကြော်ရုံပဲ.. မွှေးမွှေးလေးဖြစ်ချင်ရင် ထောပတ်ဆီနဲ့ ကြော်ပေါ့နော်.. အိဖူးတို့ဆို အနားသားလေးတွေ ကြွပ်ကြွပ်လေးစားချင်တော့ ထောပတ်ကို ဘေးပတ်လည်လေး တွေမှာ လိုက်ထည့်ပေးလိုက်တယ်.. အဲ့ကျတော့ မွှေးလည်းမွှေး ဘေးအသားလေးတွေ ကြွပ်ကြွပ်လေးတွေပေါ့..

အချိုကြိုက်တဲ့လူတွေကတော့ ဂျုံတွေနယ်တုန်း သကြားများများထည့်ပေါ့.. မကြိုက်ရင် မထည့်နဲ့ပေါ့.. မီးနည်းနည်းနဲ့ကြော်ရင် ပိုကောင်းတယ် သိလား.. မီးနည်းတော့ ချက်ချင်းကြီးတူးမသွားဘူးပေါ့.. ဟင်းချက်ရာမှာ မီးကအသက်ပဲလို့ပြောကြတယ်လေ.. သိတယ်မလား.. မီးကို အလျှော့အတင်းလုပ်နိုင်မှ တော်ကာကျမယ် လို့လည်းပြောကြတယ်.. အဲဒါပေါ့..။

နောက်ထပ်လည်း ခရီးသွားတုန်းကစားခဲ့တဲ့ မုန့်ပုံတွေ တင်ပေးမယ် သိလား...။

Monday, November 30, 2009

ခေါင်းကိုက်သောည

အိပ်မပျော်ဘူး အိပ်မပျော်ဘူး.. စိတ်တွေဆင်းရဲလိုက်တာ... ကိုက်နေတဲ့ ခေါင်းတစ်ခြမ်းကလည်း အညှာအတာ ကင်းမဲ့စွာဖြင့် တစစ်စစ်ထိုးလာပြန်သည်.. ထထိုင်လိုက်မိတော့လည်း နားထင်တွင် သွေးဆောင့်သည့် တဒိတ်ဒိတ်ဒဏ်ကို ခံရသည်.. သွေးဆောင့်တာ သက်သာပါစေရယ်လို့ အိပ်နေတော့လည်း လူက မူးနောက်နောက်... ဘုရားဘုရား ဘယ်လိုနေရမှာပါလိမ့်နော်... အခံရခက်စွာ နာကျင်နေသောခေါင်းကို သက်သာအောင် ဘယ်လိုလုပ်ရမှာလဲ...

အိမ်ပြန်ရောက်ရောက်ချင်း ဆေးသောက်လိုက်သော်လည်း ခေါင်းကိုက်ကသက်သာမသွား.. ဒါဆိုလည်း အိပ်လိုက်ရင်ကောင်းသွားမှာပဲဟု တွေးကာ အိပ်ရာဝင်ပြန်တော့လည်း အိပ်လို့မပျော်နိုင်.. မီးကလည်း ပျက်ပျက်နှင့် ဘာလုပ်ရမလဲ.. မီးလာရင်လည်း အခွေကြည့်နိုင်သည်.. အခွေသစ်တွေဝယ်လာခဲ့ပြီးမှ မီးကလည်း ပုံမှန်မလာတော့ပေ.. ကြည်ကြည်လင်လင်ရှိရင်တော့ ဝရံတာထွက်ပြီး ဂစ်တာတီးချင်တီးနိုင်သည်.. ငါးထပ်အမြင့်တိုက်ပေါ်ကနေ အောက်မှာသွားလာလှုပ်ရှားနေသူများကို ငေးမောနေနိုင်သည်.. သို့မဟုတ်လည်း အောက်ဆင်းသွားပြီး အနီးရှိ စူပါမားကတ်တွင် ထပ်ဝယ်ရန် လိုအပ်နေသော စားစရာပစ္စည်းများ သွားဝယ်နိုင်သေးသည်..

ခေါင်းကိုက်နေသူအဖို့ လောကကြီးမှာလုပ်စရာ အဲ့လောက်ရှားသလားကွယ်..

နောက်တော့လည်း ခေါင်းအုံးပေါ် ခေါင်းချကာ တစ်ခုခုကို စူးစူးစိုက်စိုက်တွေးမိဖို့ ကြိုးစားမိသည်.. ငွေရပြီ သင်တန်းသွားအပ်ရမယ်.. သင်တန်းက ခြောက်နာရီမှပြီးမယ်ဆိုတော့ ညစာတစ်ခါတည်းစားပြီး အိမ်ပြန်လာရမလား.. အလုပ်ကနေ သင်တန်းကိုသွားရမယ်ဆိုတော့ ထမင်းစားပြီးမှ ပြန်လာရင် ခုနှစ်နာရီ လောက်တော့ရှိပြီပဲ.. ငြီးစီစီကြီးတော့ဖြစ်နေမှာ.. အိမ်မှာရေမိုးချိုးပြီးမှ ထမင်းကို အနီးအနားကဆိုင်မှာ ဖြစ်သလိုစားတာပဲကောင်းပါတယ်.. ကိုယ်ကရေခဏခဏချိုးတတ်သူမို့ တစ်နေ့လုံးနေထားသည့် အဝတ်အစားဖြင့် ညခုနှစ်နာရီထိမနေနိုင်ပါ..

ဒီသင်တန်းလည်း အကျိုးမပေးတဲ့သင်တန်း.. ဒီက certificate လေးရမှ အလုပ်တွင် ပိုအဆင်ပြေနိုင်မည်မို့ ကိုယ်သည်းခံထားပါသည်.. သင်တန်းက တက်ရဖို့အလွန်ခဲယဉ်းလှသည်.. ဒီသင်တန်းက စာမေးပွဲဖြေပြီးရင် ရာထူးတိုးကာ ကိုယ်ဂျပန်ကို ရောက်သွားနိုင်ချေရှိပါသည်.. အလုပ်အကြောင်းတွေးလိုက်ရုံဖြင့် နားထင်တွင် တဒိတ်ဒိတ်ဖြင့် ကျယ်လောင်လာပြန်သည်.. အရင်ခေါင်းကိုက်လျှင် ကိုယ်ဘာလုပ်တာပါလိမ့်..

ယခင်ကတော့ အိမ်တွင်နေရသော ဒီလိုညချမ်းအချိန်မျိုးလေးသည် သာယာလှသည်.. ကိုယ့်ချစ်သူက တစ်ခါတစ်ခါ အိမ်နားကိုလာကာ ညစာအတူလာစားတတ်သည်.. လူရှုပ်ရှုပ်လမ်းမပေါ်မှာ ကိုယ့်လက်ကို တွဲထားပြီး လမ်းလျှောက်ရတာကို ကိုယ့်ချစ်သူကနှစ်ခြိုက်လှပါသည်.. လူချင်းမတွေ့ဖြစ်သည့်အခါ ကိုယ့်ဆီကို အချိန်မှန်ဖုန်းဆက်သည်.. တစ်နေကုန်အလုပ်ထဲမှအကြောင်းတွေကို ပြောပြရင်ဖွင့်ရင်း သူ့အသံလေးဖြင့် နွေးထွေးစွာအိပ်ရာဝင်လေ့ရှိသည်.. အခုတော့ ကိုယ်လည်းချစ်သူနှင့်ဝေးခဲ့ရပြီ.. သူမရှိလည်း နေ့စဉ်ဘဝမှာ ဘာမှမဖြစ်ပေမယ့် ဗလာဖြစ်နေသောစိတ်ကိုတော့ အံ့သြမိသည်..

I-Pod ထုတ်ပြီး ဂျပန်စကားပြောလေ့ကျင့်ကြည့်သည်.. အရာအားလုံးကို မေ့သလိုလိုဖြစ်သွားသော်လည်း နားထင်မှ တဒိတ်ဒိတ်သံကို ခံစားမိနေသေးသည်.. ဒီခေါင်းကိုက်က ပျောက်ဦးမှာလား.. ကိုယ်အိပ်သင့်နေပြီ.. ကြိုးစားပြီး အိပ်လိုက်ဖို့တော့ သင့်ပြီ.. I-Pod ကိုသိမ်းလိုက်ပြီး အိပ်ရာထဲတွင် လှဲနေလိုက်သည်.. ညက ပူလိုက်တာနော်.. ဆောင်းညတစ်ညပေမယ့် သူ့ဂုဏ်သတ္တိနဲ့ မပြည့်စုံလိုက်တာ.. ဒီနေ့ကျမှ အချိန်တွေကလည်း ကုန်တာနှေးလွန်းသည်.. အိပ်ချိန်ရောက်လာပြီး အိပ်ပျော်သွားရင် ဘာမှတွေးနေစရာမလိုတော့ဘူးလေ..

မေမေ.. မေမေ့ကို သတိရလိုက်တာ.. မေမေဆိုရင်တော့ ကိုယ်နားထင်နားမှာ ပရုတ်ဆီလေးလိမ်းပေးပြီး သာသာယာယာနှိပ်နယ်ပေးမှာပဲ.. ပြီးရင်တော့ အိပ်ဖို့တိုက်တွန်းလိမ့်မည်.. ဖေဖေဆိုရင်တော့ ငယ်ငယ် ရွယ်ရွယ်နဲ့ ဘာလို့အဲ့လောက်ခေါင်းကိုက်တတ်နေရတာလဲ.. ဒီလိုအပြောမျိုးကြားရမည်.. ဘုရားဘုရား မိသားစုနှင့် နေရသည့်ဘဝမှာ အင်မတန်ပျော်ဖို့ကောင်းတာပါလား.. အထူးသဖြင့် ကိုယ့်ကိုချစ်ကြသော မိဘများနှင့်ပေါ့..

အခုတော့ တိုက်ခန်းလေးထဲမှာ တစ်ယောက်တည်း.. ဘယ်သူမှမရှိဘူး.. ပူလောင် အထီးကျန် စိတ်ညစ်စရာ ကောင်းတဲ့ ဒီအခန်းထဲမှာ ကိုယ်တစ်ယောက်တည်းရယ်.. နောက်လကျရင်တော့ အလုပ်က ကို်ယ့်သူငယ်ချင်းနဲ့ တူတူနေဖို့ ကြိုးစားဦးမယ်.. ဒါဆိုရင်တော့ နည်းနည်းနေရထိုင်ရတာ ပိုသက်သာမလားကွယ်.. အဖော် တစ်ယောက်ရှိတော့ ဘယ်လိုပြောပြောကောင်းတာပေါ့.. သူရော ကိုယ်နဲ့နေချင်ပါ့မလား.. ကိုယ်က အလုပ်ထဲမှာလည်း အလုပ်ကိစ္စမဟုတ်လျှင် တစ်ယောက်တည်း သီးသီးသန့်သန့်နေလေ့ရှိခဲ့တာ.. သူတို့တွေ ကိုယ့်ကိုမုန်းကြမလား.. ကိုယ့်ချစ်သူက ကိုယ်လူမှုဆက်ဆံရေးညံ့ဖျင်းလှသည်ဟု မကြာခဏဝေဖန်ခဲ့ဖူးတာ.. ကိုယ်က ခေါင်းမာစွာဖြင့် “မင်းရှိတာတောင် ကိုယ်ကတစ်ခြားလူလိုဦးမှာလား” လို့ပြန်ပြောခဲ့သည်.. သူပြောတာမှန်သည်.. ကိုယ်က လူမှုဆက်ဆံရေးအလွန်ညံ့ဖျင်းပါသည်..

ကိုယ့်ချစ်သူသည် ကိုယ့်ကိုအလွန်ချစ်ခဲ့ပါသည်.. နောက်တော့လည်း ကိုယ့်အတ္တကြောင့်ပဲ ကိုယ်အနားကနေ သူထွက်သွားသည်.. ကိုယ်တိုင်ရွေးချယ်ခဲ့သည့်လမ်းဖြစ်သောကြောင့် ကိုယ်နောင်တမရပါ.. နောင်တမရသော် လည်း သူ့ကိုလွမ်းလှသည်.. ဒီချိန်ဆို သူဘာလုပ်နေမလဲမသိ.. မေမေရော ဘာလုပ်နေမလဲ.. အငယ်လေးတွေ ရော စာကျက်နေမလား.. ဘယ်လိုပင် အတွေးများဖြင့် ခေါင်းကိုက်ခြင်းကို ဖုံးကွယ်ထားထား သက်သာမသွားပါ.. စိတ်ညစ်လှပြီ..

စိတ်ညစ်လှပြီဟု တွေးလိုက်မိသည်နှင့်တစ်ပြိုင်နက် ကိုယ်မျက်ရည်ဝဲလာသည်.. ဘာအတွက်လည်းမသိ.. ရည်းစားနဲ့ကွဲလို့ပဲလား.. အိမ်ကိုလွမ်းလို့လား.. အလုပ်အဆင်မပြေမှာ ကြောက်သည်လား.. ခေါင်းကိုက်သည့် အတွက်လား.. အားလုံးအတွက်ပေါင်းပြီး ကိုယ်ငိုချလိုက်မိပါသည်... ငိုပြီးရင်တော့ ကိုယ်အိပ်ပျော်တန် ကောင်းပါရဲ့....။