Tuesday, November 17, 2009

တနင်္ဂနွေမှတောက်ပအပြုံးများ

ဘဝမှာ “ဆရာမ” ရယ်လို့ ပီပီပြင်ပြင်အခေါ်ခံရတာ ဒီနေ့က ပထမဦးဆုံးအကြိမ်ဖြစ်လိမ့်မယ် .. ကလေး တစ်ယောက်ရဲ့ခေါ်သံကို နားနဲ့ပီပီသသကြီးကြားလိုက်ရတော့ ရုတ်တရက်မို့ ရင်ထဲမှာ လှိုက်ခနဲ .. ခံစားချက်က ထူးဆန်းပါပေ့ .. ချက်ချင်းလက်ငင်းကြီး ဆရာမဖြစ်ချင်စိတ်တွေတောင် ပေါက်လာသလိုလိုပါပဲ .. ကလေးပေါင်း များစွာရဲ့ “ဆရာမ” ခေါ်သံတွေကြားထဲမှာ သူတို့မုန့်စားနိုင်ဖို့အရေး ကျွန်မလည်းချွေးတလုံးလုံးနဲ့ လူအုပ်ထဲ ရောက်သွားပါတော့တယ် ..

ဒီနေ့ ကျွန်မတို့တွေ မိဘမဲ့ကျောင်းတစ်ကျောင်းကို ရောက်နေခဲ့တာပါ .. ကျောင်းဝန်းက အတော်လေး ကျယ်သလို ကလေးတွေလည်း အတော်ကိုများပြားပါတယ် .. ဘလော့ဂါရှင်းသန့်ရဲ့ဖိတ်ခေါ်ချက်အရ ပရဟိတအဖွဲ့နဲ့အတူ လုပ်အားပေးသဘောမျိုးရောက်နေခြင်းပါ .. (အဖွဲ့နာမည်သက်သက်ရှိပေမယ့် သူတို့ကို “Sunday အဖွဲ့” ရယ်လို့ပဲသုံးပါမယ်) .. တစ်ဖက်ကမ်းကို ရန်ကုန်ကနေ မနက်ကိုးနာရီလောက်မှာ ထွက်ခဲ့ကြတယ် .. ဆန်းဒေးအဖွဲ့ကတော့ တနင်္ဂနွေတိုင်း အဲ့ဒိကျောင်းမှာ ကလေးတွေကို စာသင်ပေးနေကြပါ .. ဒါပေမယ့် ဒီတနင်္ဂနွေမှာတော့ သူတို့အဖွဲ့ရဲ့ ၇ နှစ်ပြည့်နှစ်ပတ်လည်ဖြစ်တဲ့အတွက် ကျောင်းမှာ ပျော်ပွဲရွှင်ပွဲ သဘောမျိုးနဲ့ ဆိုကြကကြပြီး ကလေးတွေအတွက် နိဗ္မာန်ဈေးလေးခင်းကျင်းမယ်တဲ့ ..

ကားနဲ့သွားရတဲ့ခရီးက တော်တော်တော့ကြမ်းပါတယ် .. ကားလမ်းက မပြေပြစ် .. မုန့်တောင်းတွေ အအေးတွေ ပေါက်စီဘူးတွေနဲ့ လူပေါင်း ၂၀ ကျော်ဟာ ကားထဲမှာကျပ်ကျပ်ညပ်ညပ် .. ဒါပေမယ့်လည်း လူငယ်တွေရဲ့ ထုံးစံအတိုင်း ဘာကိုမှဂရုမပြုမိပဲ စလိုက်နောက်လိုက် စကားများလိုက်နဲ့ ရောက်လာတာပဲ .. ကားပေါ်က ဆင်းတော့ ကလေးတွေက အလုအယက်လာကြိုကြ နှုတ်ဆက်ကြပါတယ် .. ကျွန်မတို့လည်း ကျောင်းဝန်းထဲမှာ ဟိုဒီကြည့် လျှောက်သွားရင်း ခဏနေတော့ ကလေးတွေထမင်းစားချိန်ရောက်လာပါတယ် .. ထမင်းစားဖို့ စနစ်တကျတန်းစီကြပြီး ထမင်းစားဆောင်ထဲကို အစီအရီရောက်သွားကြပြီး ထမင်းစားကြပါတယ် ..

ကလေးတွေလို့ဆိုပေမယ့် လူပျိုအပျိုပေါက်အရွယ်တွေပါ ရှိတာကိုတွေ့ရပါတယ် .. အဲဒါကိုစိတ်ဝင်စားလို့ မေးကြည့်တော့ ကျောင်းတွေဘာတွေပြီးရင်တော့ ဒီကျောင်းက စာသင်ကျောင်းမှာပဲ ဆရာဆရာမ လုပ်ချင်ရင်လုပ် မလုပ်ချင်ရင် အိမ်ပြန်လို့ရပါတယ်တဲ့ .. “အိမ်ပြန်လို့ရတယ်” ဆိုတာကို နားမလည်တော့လို့ ထပ်မေးတော့ ရှင်းသန့်ပြောတာက တကယ့်မိဘမဲ့ကလေးအရေအတွက်က ၆၀ ၇၀ လောက်ပဲတဲ့ .. ကျန်တဲ့ ကလေးတွေက စားဖို့သောက်ဖို့တောင် အနိုင်နိုင်နဲ့မို့ မိဘတွေက ဒီကိုလာပို့သွားကြတာ .. နာဂစ်အပြီးမှာတော့ ကလေးတွေပိုများလာတယ်တဲ့ .. အော် ဒီလိုလားပေါ့ .. ဘယ်လိုပဲဖြစ်ဖြစ် သူတို့လေးတွေအားလုံးက တစ်နေရာတည်းမှာရောက်နေတဲ့ အခြေအနေတူကလေးတွေပဲလေ .. အားလုံး သနားစရာ ချစ်စရာတွေပါ ..

နောက်တော့ ဆန်းဒေးအဖွဲ့ရဲ့ ပျော်ပွဲရွှင်ပွဲအစီအစဉ်စပါတော့တယ် .. ကလေးတွေက ကကြဆိုကြနဲ့ .. အရွယ်တူလေးတွေက အုပ်စုလိုက်အုပ်စုလိုက်နဲ့ .. သူတို့အလှည့်မရောက်သေးခင် စင်အောက်မှာ စုစုဝေးဝေး ထိုင်နေရတာကို လိုက်ကြည့်နေမိတယ် .. ကပြဖျော်ဖြေဖို့ မိတ်ကပ်လိမ်းထားတာကြောင့်ပဲလား အရွယ်ညီ နေတာကြောင့်ပဲလားတော့မသိဘူး .. ကျွန်မမျက်စိထဲမှာ အားလုံးရဲ့ရုပ်ကလေးတွေက ဆင်တူလေး တွေချည်းပဲလို့ .. အဲဒိအကြောင်းကို အနားမှာထိုင်နေတဲ့ မမေရာကိုပြောပြမိတော့ သူတို့ခံစားနေရတဲ့ စိတ်အခြေအနေကြောင့်ဖြစ်မယ်တဲ့ .. အင်းလေ ဟုတ်လောက်ပါရဲ့ .. သူတို့စိတ်ထဲမှာ ဘာကိုမှရေရေရာရာ အားကိုးလို့မရမှန်းသိနေတော့ secure မဖြစ်ဘူးထင်တယ် .. ကိုယ့်ကိုကိုယ်ပဲ အားကိုးမယ် .. ကိုယ်မှ အသုံးမကျရင် ခံပေတော့ပဲလို့များ တွေးကြသလား .. အဲ့အတွေးကြောင့် မျက်နှာ expression က အဲလိုဖြစ်နေ သလား .. ပြုံးနေ ရီနေကြပေမယ့် သူတို့အပြုံးတွေက သိပ်မတောက်ပလိုပဲ ..

နေ့လည်တစ်နာရီလောက်မှာ ပွဲအစီအစဉ်ကို ခဏနားပြီး နိဗ္မာန်ဈေးအတွက် ဆန်းဒေးဆရာဆရာမတွေ ပြင်ကြဆင်ကြပါတယ် .. ဒိုးနတ် ပေါက်စီ ယိုးဒယားအကင် ဂျယ်လီရှိတ် ကော်ဖီအေး နောက်ပြီး မုန့်ပေါင်းများစွာနဲ့ စာအုပ်တွေ ခဲတံတွေ အင်္ကျီတွေလည်းပါရဲ့ .. သစ်ပင်ရိပ်လေးတွေရှာ အဲ့သစ်ရိပ်အောက်က ခုံတန်းလေးတွေပေါ်မှာ ပြင်ဆင်နေတာတွေကို ကျွန်မကြည့်ကောင်းကောင်းနဲ့ ထိုင်ကြည့်နေမိတယ် .. နန်းညီတို့ မမေရာတို့ ကိုမင်းယွန်းတို့ကတော့ ကင်မရာကိုင်ပြီး တဖျတ်ဖျတ်နဲ့ပေါ့ .. ရှင်းသန့်နဲ့ little brook ကတော့ ပစ္စည်းတွေ ဟိုဒီသယ်လို့ လူးလာခေါက်တုံ့ .. ကျွန်မကတော့ ဘာလုပ်ရမှန်းမသိဘူး .. ဆန်းဒေးအဖွဲ့ လူတွေနဲ့လည်း မရင်းနှီးတော့ ကူလုပ်ပေးမယ်ဆိုတာတောင် သူတို့က အားနာလို့လားမသိဘူး ပေးမလုပ်ဘူး .. လှေကားမှာ ကျွန်မလိုပဲ (ဘာလုပ်ရမှန်းမသိလို့ ထိုင်နေသူတွေ) နှစ်ယောက်သုံးယောက်လောက်ရှိသေးတယ် ..

ပြီးတော့ ကလေးအားလုံးကို စုလိုက်ပြီး မုန့်ထုတ်ဖို့ ကဒ်လေးတွေဝေပါတယ် .. တစ်ယောက်ကို ဘယ်နှကဒ်လောက်ရသလဲတော့ မသိပါဘူး .. အားလုံးကိုဝေပေးပြီးတော့မှ မုန့်တွေကိုစတင်ထုတ်ပေးပါတယ် .. ကလေးလေးတွေလည်း ကဒ်ပေါ်ကအရောင်ကိုကြည့်လိုက် ဆိုင်ရဲ့ဆိုင်းဘုတ်တွေမှာ သူတို့ရထားတဲ့အရောင်ကို လိုက်ရှာလိုက်နဲ့ .. တွေ့သွားတဲ့လူတွေကလည်း သူတို့အပေါင်းအသင်းတွေကို “ဒီမှာ ဒီမှာ အစိမ်းရောင်”လို့ အော်ခေါ်လိုက် .. အပြေးအလွှားမုန့်တွေတိုးထုတ်လိုက်နဲ့ ပျော်နေကြတာပေါ့ .. ကလေးတွေကို ကြည့်နေရင်းနဲ့မှ ညစ်တီးညစ်ပတ် ကလေးပုတုလေးတစ်ယောက်ရယ် ကဒ်ပြားလေးတွေကို လက်မှာတင်းတင်းဆုပ်လို့ ကျီးကြည့်ကြောင်ကြည့်နဲ့ .. လက်ထဲမှာလည်း ဘာမုန့်မှမတွေ့သေးဘူး .. အရပ်လေးပုလတက်နဲ့ ဟိုမော့ဒီမော့ပေါ့ ..

လှေကားမှာထိုင်နေရာကနေ အနားသွားရပ်ပြီး “သား မုန့်တွေမထုတ်ဘူးလား” လို့သွားမေးတော့ နှပ်ချေးလေး ရှုံ့သွင်းရင်း လက်ထဲကို သူ့ကဒ်တွေအားလုံးထိုးထည့်တယ် .. “ဆရာမ လိုက်ထုတ်ပေးပါ” တဲ့ .. ဆရာမဆိုတဲ့ အသုံးအနှုန်းကိုရီချင်သွားသလို သူ့ကိုလည်းသနားသွားတယ် .. “အော် အေးအေး .. လာသွားထုတ်ကြမယ်” ဆိုတော့ လက်ကိုလာတွဲထားတယ် .. သူ့ကဒ်ပြားတွေကြည့်လိုက် ဟိုဖက်ဆိုင်မှာထုတ်လိုက် ဒီဖက်ဆိုင်မှာ ထုတ်လိုက်နဲ့ အလုပ်တွေကိုရလို့ .. သူတစ်ယောက်ကို လိုက်ထုတ်ပေးနေတာမြင်တော့ တခြားကလေး ပိစိတွေကပါ “ဆရာမ သားကိုလည်းရှာပေးပါ” “အနီရောင်ကဘာမုန့်လဲ ဘယ်မှာလဲ ဆရာမ” “သမီးက ပေါက်စီစားချင်တာ ဆရာမ” ဆိုပြီး အနားကိုရောက်လာကြပါတယ် ..

မုန့်ရဖို့ကလည်း မလွယ်ပါလား .. ကျွန်မလိုက်ထုတ်ပေးရမယ့် ကလေးကနှစ်ယောက်လောက် ထုတ်မယ့် နေရာကိုရောက်တော့ တခြားကလေးတွေကပါ သူတို့ကဒ်တွေထိုးပေးပြီး လူမိုက်ငှားတာက ငါးယောက် လောက်နဲ့ .. J cup jelly shake ဆိုင်နားမှာတင် ပိတ်မိနေတာ အတော်ကြာပါတယ် .. သူတို့ဆိုင်က ဂျယ်လီရှိတ်တစ်ဘူးရယ် အိုအိရှိတစ်ထုပ်ရယ် စာအုပ်တစ်အုပ် ခဲတံတစ်ချောင်း ခဲဖျက်တစ်ခုရယ် ပေးရတာကများတော့ လက်မလည်ဘူး .. ဂျယ်လီဒိုင်ခံထည့်တဲ့သူ စာအုပ်ဒိုင်ခံပေးတဲ့သူရယ်လို့မရှိတော့ ကသောင်းကနင်းနဲ့ လူတွေပြုံနေတာပေါ့ .. သိပ်ကြာလွန်းအားကြီးတော့ မနေနိုင်တော့ဘူး .. ကျွန်မပါဝင်လုပ်နေရရော .. အနားက ကဒ်ပြားပေးထားတဲ့ ကိုယ့်ကလေးတွေကလည်း တကြော်ကြော် .. ကဒ်ပေးထားပြီးတဲ့ကလေးသုံးယောက်က ဘယ်ရောက်သွားမှန်းမသိဘူး .. ကူလုပ်ပေးပြီးနောက် မူးချာလည်သွားတာပဲ .. တစ်ခါမှ ဒီလိုမလုပ်ဖူးတော့ ပျော်ဖို့တော့ကောင်းသား ..

နိဗ္မာန်ဈေးပြီးတော့ ပျော်ပွဲရွှင်ပွဲကို ပြန်စပါတယ် .. ထပ်ကကြ ဆန်းဒေးဆရာဆရာမတွေက ဆုငွေချီးမြှင့်ကြ .. ဆရာဆရာမတွေကပါ ပါဝင်ကပြလိုက်ကြနဲ့ .. ပြီးတော့ ဆုပေးပွဲလည်း ပါသေးတယ် .. ဘောလုံးအသင်းတွေ ထုပ်ဆီးတိုးအသင်းတွေကို ဆုချီးမြှင့်တဲ့အခမ်းအနားပေါ့ .. ကြည့်ရတာလည်း ကြည်နူးစရာ .. လေးနာရီလောက်ကြမှ အားလုံးသိမ်းပြီး ပြန်ဖို့ပြင်ကြပါတယ် .. ကားမထွက်သေးခင် စောင့်နေတုန်း ကလေးလေးတစ်ယောက်နဲ့ ဆော့နေလိုက်သေးတယ် .. “ဆရာမ နောက်အပတ်ရောလာမှာလား” တဲ့ .. “အေး လာမှာပေါ့ကွ” ဆိုတော့ ကရင်မျက်နှာလေးနဲ့ကောင်လေးက ရီပြပြီး “သားတို့က တနင်္ဂနွေကိုပဲ မျှော်နေကြတာ ဆရာမရဲ့” တဲ့ ...

ပြန်လာတော့ ကားပေါ်မှာ အားလုံးက မောပန်းနွမ်းနယ်စွာ ပျော်ရွှင်စွာနဲ့ အလာတုန်းကလိုပဲ စကားသံတွေ တညံညံနဲ့ပါပဲ .. ရန်ကုန်ဖက်ပြန်ရောက်ရင် အားလုံးပဲ တနင်္လာနေ့အလုပ်ခွင် ကျောင်းခွင်အသီးသီးပြန်ဝင်ဖို့ အားမွေးကြရဦးမယ် .. ဒီလိုနဲ့တစ်ပတ်လုံး ကိုယ့်ကိစ္စနဲ့ကိုယ် လုပ်ရင်းကိုင်ရင်း တနင်္ဂနွေနေ့ရောက်တဲ့အခါကျ မျှော်နေတဲ့ကလေးတွေဆီ အားအပြည့်နဲ့သွားပြီး သူတို့မသိ နားမလည်တဲ့စာတွေကို သွားရှင်းပြရင်း ကြင်နာရင်း ပီတိတွေသွားယူကြရဦးမယ် .. သူတို့တွေ လက်ရှိနေရာထက် ပိုကောင်းမယ့်နေရာလေးကို ပိုင်ဆိုင်နိုင်အောင် သွားကူညီကြရမယ် .. ကလေးတွေအားလုံးကို တောက်တောက်ပပပြုံးတတ်စေချင်တယ် .. ဒါဟာ ဆုတောင်း တစ်ခုဆိုရင် အဲ့ဆုတောင်းပြည့်ဖို့ ကျွန်မတို့တွေအားလုံးလုပ်ဆောင်နိုင်ပါလိမ့်မယ် ...။



8 comments:

တေလေ said...

ပထမဆုံး မန်.သွားပါတယ် ဆရာမ နောက်အပတ်သွားရင် သားတို.ကိုလည်း ခေါ်ပါ ဆရာမ :P

နန်းညီ said...

အပြုံးတွေက သိပ်မတောက်ပဘူးတဲ့လား.. လစ်တဲဘရွတ်ခ်ကရေးတော့ကျတော့ အပြုံးတွေ လန်းဆန်းတောက်ပတယ်ဆိုပဲ.. အမြင်.. အမြင်.. တစ်ယောက်တမျိုးနဲ့ပါလားနော်..

moekyashweko said...
This comment has been removed by the author.
moekyashweko said...

ကလေးတွေမျှော်လင့်တဲ့တနင်္ဂနွေလိုရက်မျိုးနေ့တိုင်း
ပိုင်ဆိုင်နိင်ကြပါစေ။

ကိုရင်နော်ခင်လေးငယ် said...

အိဖူးရေ...
ရေးထားတာလေးကို သေချာခံစားပြီး ဖတ်သွားပါတယ်..

“ဆရာမ” လို့ ခေါ်ခံရလို့ ဖြစ်သွားတဲ့ ခံစားချက်လေး အတိအကျ ပေါ်လွင်တယ်..

အရေးအသားလေးကြောင့် ပရဟိတအဖွဲ့နဲ့ သွားနေတဲ့ ခရီးစဉ်လေးကို စိတ်ဝင်စားလာတယ်...

“မုန့်တောင်းတွေ အအေးတွေ ပေါက်စီဘူးတွေနဲ့ လူပေါင်း ၂၀ ကျော်ဟာ ကားထဲမှာ ကျပ်ကျပ်ညပ်ညပ်” ဆိုတာလေးက ပုံပေါ်လာသလို ကိုယ်တိုင် လိုက်နေရသလို တက်ကြွလာတယ်..

“ကျန်တဲ့ ကလေးတွေက စားဖို့သောက်ဖို့တောင် အနိုင်နိုင်နဲ့မို့ မိဘတွေက ဒီကိုလာပို့သွားကြတာ” ဆိုတာကတော့ ရင်ကို တည့်တည့် ထိတာပဲ..

“အရွယ်ညီ နေတာကြောင့်ပဲလားတော့ မသိဘူး .. ကျွန်မမျက်စိထဲမှာ အားလုံးရဲ့ရုပ်ကလေးတွေက ဆင်တူလေး တွေချည်းပဲလို့..” ဟုတ်မယ်.. ဒါဟာ.. ဘဝတူနေကြသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထပ်တူကျ ပုံရိုပ်တွေဖြစ်မယ်..

“သူတို့စိတ်ထဲမှာ ဘာကိုမှရေရေရာရာ အားကိုးလို့မရမှန်း သိနေတော့” ဆိုတာက ရင်ကို ထပ်ပြီး ထိမှန်ပြန်တယ်..

“ကလေးလေးတွေလည်း ကဒ်ပေါ်က အရောင်ကိုကြည့်လိုက် ဆိုင်ရဲ့ဆိုင်းဘုတ်တွေမှာ သူတို့ရထားတဲ့ အရောင်ကို လိုက်ရှာလိုက်နဲ့” ဆိုတာရယ်.. “ကျီးကြည့်ကြောင်ကြည့်နဲ့ .. လက်ထဲမှာလည်း ဘာမုန့်မှမတွေ့သေးဘူး .. အရပ်လေးပုလတက်နဲ့ ဟိုမော့ဒီမော့ပေါ့..” လို့ရေးထားတာလေးက နိဗ္မာန်ဈေးနဲ့ ကလေးတွေကို သေချာတွေ့လိုက်ရတယ်..

“အော် အေးအေး .. လာသွားထုတ်ကြမယ်” ဆိုတော့ လက်ကိုလာတွဲထားတယ်.. ဆိုတာလေးကို ဖတ်ရတော့... ဟုတ်တယ်.. သူတို့ အတွက် အားကိုးရာ လက်နွေးနွေးတွေ လိုနေတယ်.. ဒါဟာ တကယ်ဆို လူတိုင်း ရှိသင့်တဲ့ အကြင်နာ မေတ္တာ.. တကယ်တော့ လူတိုင်းမှာ လက်တွေ ရှိကြတယ်.. အဲ့ဒီလက်ကလေးတွေ နွေးဖို့ လိုနေကြတာ.. တချို့ တကယ့်ကို အေးစက်စက်နော်..း)

“ဆရာမ နောက်အပတ်ရောလာမှာလား” တဲ့..
“သားတို့က တနင်္ဂနွေကိုပဲ မျှော်နေကြတာ ဆရာမရဲ့” တဲ့..
သူတို့ဘဝမှာ လိုအပ်နေတဲ့ မျှော်လင့်ချက်ကို ပြလိုက်တာပဲ.. သူတို့ လောဘတကြီး အများကြီး မျှော်လင့်မထားကြဘူးနော်.. သူတို့ လိုချင်တာ.. ဖေးမမှုတွေ.. အားပေးမှုတွေ.. မေတ္တာတရားတွေ.. ဟုတ်တယ်.. ဆန်းဒေးအဖွဲ့လိုပဲ ပရဟိတအဖွဲ့တွေ အများကြီးရှိရင် ကောင်းမယ်..

“တနင်္ဂနွေနေ့ရောက်တဲ့အခါကျ မျှော်နေတဲ့ကလေးတွေဆီ အားအပြည့်နဲ့သွားပြီး သူတို့မသိ နားမလည်တဲ့စာတွေကို သွားရှင်းပြရင်း ကြင်နာရင်း ပီတိတွေသွားယူကြရဦးမယ်”
သိပ်ကို လေးစား အတုယူစရာကောင်းတဲ့ စိတ်ဓါတ်လေးပဲ..

အိဖူးရေ..
ဒီလိုစာလေးတွေ များများရေးပေးနော်..
နောက်တစ်ခုက ခွင့်တောင်းချင်တယ်.. ဒီပိုစ့်လေးကို ခံစားပြီး.. စာတစ်ပုဒ်လောက် ရေးချင်စိတ် ဖြစ်လာမိတယ်.. ရေးပြီးရင် ပြောမယ်နော်..း)

လင့်ထားလိုက်တယ်..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်

မောင်ရှင်းသန့် said...

'ဆရာမ နောက်အပတ်တွေလဲ လာခဲ့ပါ' တဲ့ မလာရင် ကလေးတွေက အာဖျံကွီးသွားတယ် ထင်နေလိမ့်မယ် ဟဲဟဲ

အိဖူး said...

လာမန့်ပေးသွားသူတွေအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ရှင် ...

ဖိုးဂျယ် said...

မလိုက်ဖြစ်တာ စိတ်မကောင်းဘူး။
ဒါကြောင့် ကိုယ့် ဘဝကိုယ့် ငြီးငွေ့နေတာ
နောက်တပတ် လိုက်မယ်း)