Friday, December 25, 2009

တစ်နေ့တာ

နာရီလက်တံက ပင့်ကူအိမ်နဲ့ငြိနေတယ်
ရောင်ကိုင်းနေတဲ့နှင်းတွေ မြင်ကွင်းမှာညိုမွဲလို့
တရားထိုင်ရမလား ဓားကိုင်ရမလား
အစွဲအလန်းက သွေးအားမကောင်းတဲ့အနမ်းမှာ ခိုက်ခိုက်တုန်
လိပ်ပြာမလုံတဲ့ဂီတတွေ အရိုးထဲစိမ့်ဝင်နေပေါ့
နံရံဆီကရယ်သံတွေ စီးကျလာလေမလား
ငြီးငွေ့မှုက ပြဒါးတိုင်မှာ100ဒီဂရီဆင်တီဂရိတ်
အငွေ့ပျံတယ်
စေးထန်းထန်းအတွေးတွေ ထွေးထုတ်နေရတယ်
ဒီအချိန်
တစ်စုံတစ်ရာအော်မြည်သံမှာ
ချက်ချင်းကျကွဲတော့မယ့် စိတ္တဇနဲ့
အမျှော်တွေလမ်းမတစ်ဆုံး
ပျို့တက်လို့ ။
(သက်ငြိမ်သစ်)

Friday, December 18, 2009

ငါတို့ပန်းခင်း

သင်ယူစရာတွေအများကြီးဆိုတာ
သူတို့တွေပြောပြောနေကြတယ်..
ငါသိချင်တာတော့
နင်ဘယ်ရောက်နေသလဲဆိုတာပဲ
ဘာမှခံစားနေရတာမဟုတ်ပေမယ့်
အဆင်မပြေဘူး
တကယ်တမ်းတော့
ငါဟာနယ်ရုပ်မဟုတ်ဘူး
လိပ်ပြာလည်းမဟုတ်ဘူး
ဘာဆိုဘာမှမဟုတ်ဘူး

စဉ်းစားစရာတွေအများကြီးဆိုတာ
သိပေမယ့်လည်း
ငါတွေးနေတာက
တစ်ယောက်နဲ့တစ်ယောက်
ရှာတွေ့သွားပြီးရင်
ငါတို့ဘယ်ရောက်နေမလဲ
ငါကရယ်မယ်
နင်ကပြုံးမယ်
အဲဒိမှာ ပန်းတွေပွင့်လို့ပဲ

တံခါးရဲ့နောက်ကွယ်မှာ
လိပ်ပြာရောင်စုံနဲ့
ငါတို့ရဲ့ပန်းခင်း.....။

Saturday, December 12, 2009

မီးမီးချစ်ချစ်

အိဖူးရဲ့ hamster တွေက မွေးနေ့လက်ဆောင်အဖြစ်ရထားတဲ့ကောင်လေးတွေပါ.. စရတုန်းက အထီးအမနှစ်ကောင်ထဲပေါ့.. အခုတော့ သူတို့ချစ်ခြင်းရဲ့သက်သေအဖြစ် အိမ်မှာဥတစ်လုံးကျ မှားလို့ အိမ်မှာအကောင်လေးတွေပေါက်ပြီး hamster emperor ကြီးတည်ထောင်လို့.. နောက်တော့ မွေးရတာမနိုင်တော့လို့ သူငယ်ချင်းနှစ်ယောက်ကို နှစ်ကောင်ဆီပေးလိုက်တယ်.. အခုတော့ မေကြီးဟန်းစတား သားသားဟန်းစတားတစ်ကောင် မီးမီးဟန်းစတားနှစ်ကောင်နဲ့ အိဖူးတစ်ယောက် လုံးလည်ချာလည် လိုက်နေတာပေါ့..

သူတို့ထဲက မေကြီးဟန်းစတားက နည်းနည်းစွာတယ်.. သူတို့ကန် (ငါးမွေးတဲ့မှန်ကန်)ထဲလက်လာတာနဲ့ ပြေးကိုက်တာပဲ.. အဲဒါသူ့ကိုဆိုရင် စိတ်တိုတတ်မှန်းသိလို့ လိုက်လိုက်စတာ.. အစာစားနေတုန်း ဟိုဘက်ကထိုးလိုက် ဒီဘက်ကထိုးလိုက်လုပ်တာနဲ့ဆိုတော့ သူကလည်း ဟိုဘက်လှည့်ကိုက်လိုက် ဒီဘက် လှည့်ကိုက်လိုက်ဖြစ်နေတာပေါ့.. နောက်ထပ် ဖေကြီးဟန်းစတားကတော့ သူ့ဟာသူ အေးဆေးပဲနေတတ်တယ်.. အခုတော့ နောက်ထပ်အကောင်တွေ ထပ်ပေါက်မှာစိုးလို့ ဖေကြီးဟန်းစတားကို သပ်သပ်လှောင်အိမ်နဲ့ တစ်ကောင်တည်းထားထားတယ်လေ.. တစ်ကောင်တည်းဆိုတော့ ပျင်းရိပြီး အမြဲအိပ်နေတာပဲ .. အခုတော့ သက်ကြီးရောဂါနဲ့ ဆုံးသွားရှာပြီ..

မီးမီးဟန်းစတားထဲက တစ်ကောင်ကတော့ “တရုတ်ကြီး”တဲ့.. ငယ်ငယ်တုန်းကမျက်စိမှေးလို့ တရုတ်ကြီး လို့ပေးထားတာ.. ပြီးတော့ အဟဲ အထီးမှတ်လို့ နောက်မှအမဖြစ်နေတယ်လေ.. သူကတအားလိမ်မာတယ်.. အိဖူးစာလုပ်နေရင် တရုတ်ကြီးကို စာကြည့်စားပွဲမှာ အမြဲခေါ်ခေါ်ထားလေ့ရှိတယ်.. စာကြည့်စားပွဲက ဘောပင်ထည့်တဲ့ခွက်နှစ်ခွက်ကြားမှာ ငြိမ်ငြိမ်လေးခွေနေတတ်တယ်.. စာကြည့်စားပွဲမှာ ခေါ်ခေါ်ထားလွန်းလို့ အိဖူးရဲ့ခဲဖျက်လည်း သူ့လက်ချက်မိသွားတယ်.. အကုန်လျှောက်ကိုက်ပစ်ထားတယ်လေ.. သူ့ကို အိဖူးက အချစ်ဆုံး .. အိမ်မှာ ရှိသမျှထဲမှာ တရုတ်ကြီးက အလိမ္မာဆုံးပဲ .. လူကိုသိတယ် .. လက်ထိုးပေးလိုက်ရင် လက်ပေါ်တက်လာတယ်.. မုန့်ကျွေးရင် သူများတွေလိုမဟုတ်ဘူး.. သူ့လက်လေးနှစ်ဖက်နဲ့ တလေးတစားယူတာ.. လူတွေလိုပဲပေါ့ ..

အခုတော့ သူလည်း သူ့ဒယ်ဒီလမ်းစဉ်ကိုလိုက်သွားတယ်.. အိဖူးဆီကနေ ထွက်သွားပြီလေ.. ဟိုးငယ်ငယ် သေးသေးလေးတုန်းက အိဖူးလက်ပေါ်မှာ အိပ်ပျော်သွားတာလေးတွေကို ပြန်သတိရတော့ တအားငိုချင်တာပဲ . ဘယ်လိုဖြစ်လို့သေသွားရတာလဲ မသိပါဘူး.. ဘာမှလည်း သိပ်မစားနိုင်တော့ပဲ ခွေနေတော့တာ.. နောက်နေ့ကျောင်းကပြန်လာလို့ သွားကြည့်လိုက်တော့ တရုတ်ကြီးမရှိတော့ဘူးလေ.. !_!.. ငိုလိုက်ရတာ ပြောမနေပါနဲ့

နောက်ထပ်အသေးမလေးတစ်ကောင်ကတော့ “ယွန်း”တဲ့.. သားသားလေးကတော့ “ချာဒို” တဲ့.. ကိုရီးယားကားထဲက မင်းသားနှစ်ယောက်နာမည်လေ.. နာမည်တွေကတော့ ပေါက်ကရတွေပဲ.. မီးမီးဟန်းစတားဆိုပြီး ပေးထားတာယောက်ျားနာမည်တွေဖြစ်လို့.. အငယ်လေးနှစ်ကောင်ထဲက ချာဒိုက လက်ကိုကိုက်တတ်တယ်.. သူကစိတ်တိုလို့ကိုက်တာမျိုးမဟုတ်ဘဲ ဆော့တာ.. လက်ကိုမ,လိုက်ရင် ကိုက်လျက်တန်းလန်းလေးပါလာရော.. နောက်ထပ်တစ်ကောင် ယွန်းကတော့ ခြေထောက်ကျိုးနေတာ . သနားပါတယ် သိလား .. ငယ်ငယ်တုန်းက သူတို့အိမ်ပေါ်ကနေပြုတ်ကျတာ.. သူက တအားကြောက်တတ်တာပဲ..

သူတို့တွေနဲ့ဆော့ရတာ ပျော်ဖို့ကောင်းတယ်.. အိပ်နေတာကိုကြည့်ရတာလည်း စိတ်ဝင်စားစရာကောင်းတယ် . ပက်လက်ကြီးလှန်ပြီး အိပ်တတ်တာ.. လူတွေလို ဘေးစောင်းလေးအိပ်တာ.. တစ်ကောင်နဲ့တစ်ကောင် ဖိထပ်ပြီးအိပ်တာ.. အိဖူးကတော့ အမြဲတမ်းထိုင်ကြည့်နေတာပဲ .. ပြီးတော့ ရေသောက်ရင်လည်း ကိုယ့် style နဲ့ကိုယ် .. ဖေကြီးဟန်းစတား wooky က ပုံမှန်ပဲ .. ရေပိုက်လေးကိုလက်နှစ်ဖက်နဲ့ သေချာကိုင်ပြီး “ကလပ် ကလပ်”နဲ့ .. မေကြီးဟန်းစတား shalry ကတော့ တစ်ခါတစ်လေ လက်က ရေပိုက်ကိုလုံးဝမကိုင်ဘူး .. ဒီတိုင်းပဲ ခေါင်းကြီးမော့ပြီးသောက်တယ်..

တရုတ်ကြီးတုန်းကတော့ ရေပိုက်ကနေမသောက်တတ်ဘူး.. သူကနည်းနည်းမြင့်တယ် .. ငယ်စဉ်အချိန်အခါက အိဖူးအလိုလိုက်ဖျက်ဆီးခဲ့လို့ လူကတိုက်မှသောက်တတ်တယ်.. အိဖူးက လက်ညိုးထိပ်လေးကိုရေဆွတ်ပြီး သူ့ပါးစပ်နားတိုးကပ်ပေးမှ လက်ကစိုနေတဲ့ရေကိုသောက်တာ.. မဟုတ်ရင် ဒင်းကမသောက်ဘူးဗျာ . ယွန်းနဲ့ ချာဒိုက သေးသေးလေးဆိုတော့ ရေပိုက်ကိုမမှီတမှီနဲ့မို့လို့ အောက်ကနေတုံးခုပေးထားရတယ်လေ..

တစ်နေ့တစ်နေ့ မနက်မိုးလင်းနိုးတာနဲ့ သူတို့ကိုသွားနှုတ်ဆက်.. ဟိုအကောင်ကိုချီလိုက် ဒီအကောင်ကိုစလိုက်နဲ့.. ညနေကျောင်းကပြန်လာရင်လည်း ကြည့်ရတာအမော.. အိဖူးဘာစားစား တစ်ဝက်က သူတို့တွေအတွက်.. သခွားသီးစားလည်း သခွားသီး.. ကိတ်မုန့်ပေါင်မုန့်စားလည်း တစ်ဝက် .. ချော့ကလက်ဆိုလည်း တူတူစား.. snack ဆိုလည်းအလွတ်မပေး.. အံမယ် စတော်ဘယ်ရီသီးတောင်စားတာနော်.. သူတို့ကန်လေးလည်း စတော်ဘယ်ရီနံ့လေးကိုမွှေးလို့ပေါ့.. ကျောင်းကနေလည်း နေကြာစေ့ယို (မြေပဲယိုတို့ နှမ်းယိုတို့လိုမျိုး) ဝယ်လာရတာခဏခဏ.. ၂ ပတ်တစ်ခါ ကန်သန့်ရှင်းရေးလုပ်ပေးရတာလည်း တစ်ခါတစ်ခါလုပ်တိုင်း ပွစာကြဲနေရောပဲ..

ကျောင်းမှာလည်း သူငယ်ချင်းတွေကို သူတို့တွေအကြောင်းပြောပြလွန်းလို့ ဘော်ဒါတွေက နားတွေညီးနေပြီ.. အိဖူးသူငယ်ချင်းကလည်း သူ့အိမ်မှာနှစ်ကောင်ရှိတော့ အဲ့ကောင်မလေးနဲ့ hamster အကြောင်းဆို မမောနိုင်မပန်းနိုင်.. သူ့ကောင်တွေကလည်း ပေါက်ကရတွေ.. အထီးနှစ်ကောင်မှာ တစ်ကောင်ကဖက်တီး နောက်တစ်ကောင်က မီးမီးလေးတဲ့ .. နာမည်တွေကလည်းနော်.. ...

ကဲ ပြောပြချင်တာက အိဖူးက သူတို့တွေကို တအားချစ်တယ်ဆိုတဲ့အကြောင်းပါ .. တအားလည်း ချစ်ဖို့ကောင်းတာကိုး.. တခါတလေစိတ်ညစ်ရင် သူတို့ကန်ရှေ့မှာ မှောက်ရက်ကြီးအိပ်ပြီး သူတို့ကို ထိုင်ကြည့်နေလိုက်တာပဲ.. လုပ်ပုံကိုင်ပုံလေးတွေကရီရတော့ စိတ်ညစ်တာ နည်းနည်းမေ့သွားတယ်ပေါ့လေ.. အခုတော့ တရုတ်ကြီးလည်းမရှိတော့ဘူး .. လွမ်းလိုက်တာ အဟင့်...။





Monday, December 7, 2009

ဂျုံမုန့်

ပုံကိုကြည့်ကြပါလော့.. မည်သည့်အစားအစာဟု သင်ထင်ပါသနည်း.. အဖြေကိုချရေးပါ...။ (ဒန် ဒန့် ဒန်)

ကဲ ကဲ.. ချမရေးလည်း ပြောပြမှာပါပဲ.. အဲဒါ “ဂျုံမုန့်” လို့ခေါ်တယ်.. အိဖူးကိုယ်တိုင်လုပ်ထားတာ သိလား.. ညီမဝမ်းကွဲတစ်ယောက်ရဲ့ အိမ်ကိုသွားတုန်းက ညီအစ်မနှစ်ယောက်လုပ်စားကြတာလေ.. ကင်မရာ အလွယ်တကူမရှိတော့ ဖုန်းကကင်မရာနဲ့ ရိုက်ထားရတာဆိုတော့ အရောင်အသွေးသိပ်မစိုပြေဘူး.. ကြက်ဥကြော်ကြီးနဲ့ တူနေမယ်ထင်တယ်.. ဒါပေမယ့်မဟုတ်ဘူး သိလား.. အဲဒါ “ဂျုံမုန့်” ...

လုပ်ရတာလွယ်တယ်.. အရင်ဆုံး ကြက်ဥကိုခေါက်တယ်.. ဂျုံမှုန့်ကို ရေအနေတော်ထည့်ပြီးတော့ နယ်တယ်လေ.. ဂျုံမှုန့်တွေ ကျေသွားပြီဆိုတော့မှ ကြက်ဥခေါက်ထားတာကိုထည့် သကြားလေး ဆားလေး ထည့်ပြီး ထပ်နယ်ပေါ့.. ပြီးရင် ဒယ်အိုးထဲမှာ ဆီထည့်ပြီး ကြော်ရုံပဲ.. မွှေးမွှေးလေးဖြစ်ချင်ရင် ထောပတ်ဆီနဲ့ ကြော်ပေါ့နော်.. အိဖူးတို့ဆို အနားသားလေးတွေ ကြွပ်ကြွပ်လေးစားချင်တော့ ထောပတ်ကို ဘေးပတ်လည်လေး တွေမှာ လိုက်ထည့်ပေးလိုက်တယ်.. အဲ့ကျတော့ မွှေးလည်းမွှေး ဘေးအသားလေးတွေ ကြွပ်ကြွပ်လေးတွေပေါ့..

အချိုကြိုက်တဲ့လူတွေကတော့ ဂျုံတွေနယ်တုန်း သကြားများများထည့်ပေါ့.. မကြိုက်ရင် မထည့်နဲ့ပေါ့.. မီးနည်းနည်းနဲ့ကြော်ရင် ပိုကောင်းတယ် သိလား.. မီးနည်းတော့ ချက်ချင်းကြီးတူးမသွားဘူးပေါ့.. ဟင်းချက်ရာမှာ မီးကအသက်ပဲလို့ပြောကြတယ်လေ.. သိတယ်မလား.. မီးကို အလျှော့အတင်းလုပ်နိုင်မှ တော်ကာကျမယ် လို့လည်းပြောကြတယ်.. အဲဒါပေါ့..။

နောက်ထပ်လည်း ခရီးသွားတုန်းကစားခဲ့တဲ့ မုန့်ပုံတွေ တင်ပေးမယ် သိလား...။

Monday, November 30, 2009

ခေါင်းကိုက်သောည

အိပ်မပျော်ဘူး အိပ်မပျော်ဘူး.. စိတ်တွေဆင်းရဲလိုက်တာ... ကိုက်နေတဲ့ ခေါင်းတစ်ခြမ်းကလည်း အညှာအတာ ကင်းမဲ့စွာဖြင့် တစစ်စစ်ထိုးလာပြန်သည်.. ထထိုင်လိုက်မိတော့လည်း နားထင်တွင် သွေးဆောင့်သည့် တဒိတ်ဒိတ်ဒဏ်ကို ခံရသည်.. သွေးဆောင့်တာ သက်သာပါစေရယ်လို့ အိပ်နေတော့လည်း လူက မူးနောက်နောက်... ဘုရားဘုရား ဘယ်လိုနေရမှာပါလိမ့်နော်... အခံရခက်စွာ နာကျင်နေသောခေါင်းကို သက်သာအောင် ဘယ်လိုလုပ်ရမှာလဲ...

အိမ်ပြန်ရောက်ရောက်ချင်း ဆေးသောက်လိုက်သော်လည်း ခေါင်းကိုက်ကသက်သာမသွား.. ဒါဆိုလည်း အိပ်လိုက်ရင်ကောင်းသွားမှာပဲဟု တွေးကာ အိပ်ရာဝင်ပြန်တော့လည်း အိပ်လို့မပျော်နိုင်.. မီးကလည်း ပျက်ပျက်နှင့် ဘာလုပ်ရမလဲ.. မီးလာရင်လည်း အခွေကြည့်နိုင်သည်.. အခွေသစ်တွေဝယ်လာခဲ့ပြီးမှ မီးကလည်း ပုံမှန်မလာတော့ပေ.. ကြည်ကြည်လင်လင်ရှိရင်တော့ ဝရံတာထွက်ပြီး ဂစ်တာတီးချင်တီးနိုင်သည်.. ငါးထပ်အမြင့်တိုက်ပေါ်ကနေ အောက်မှာသွားလာလှုပ်ရှားနေသူများကို ငေးမောနေနိုင်သည်.. သို့မဟုတ်လည်း အောက်ဆင်းသွားပြီး အနီးရှိ စူပါမားကတ်တွင် ထပ်ဝယ်ရန် လိုအပ်နေသော စားစရာပစ္စည်းများ သွားဝယ်နိုင်သေးသည်..

ခေါင်းကိုက်နေသူအဖို့ လောကကြီးမှာလုပ်စရာ အဲ့လောက်ရှားသလားကွယ်..

နောက်တော့လည်း ခေါင်းအုံးပေါ် ခေါင်းချကာ တစ်ခုခုကို စူးစူးစိုက်စိုက်တွေးမိဖို့ ကြိုးစားမိသည်.. ငွေရပြီ သင်တန်းသွားအပ်ရမယ်.. သင်တန်းက ခြောက်နာရီမှပြီးမယ်ဆိုတော့ ညစာတစ်ခါတည်းစားပြီး အိမ်ပြန်လာရမလား.. အလုပ်ကနေ သင်တန်းကိုသွားရမယ်ဆိုတော့ ထမင်းစားပြီးမှ ပြန်လာရင် ခုနှစ်နာရီ လောက်တော့ရှိပြီပဲ.. ငြီးစီစီကြီးတော့ဖြစ်နေမှာ.. အိမ်မှာရေမိုးချိုးပြီးမှ ထမင်းကို အနီးအနားကဆိုင်မှာ ဖြစ်သလိုစားတာပဲကောင်းပါတယ်.. ကိုယ်ကရေခဏခဏချိုးတတ်သူမို့ တစ်နေ့လုံးနေထားသည့် အဝတ်အစားဖြင့် ညခုနှစ်နာရီထိမနေနိုင်ပါ..

ဒီသင်တန်းလည်း အကျိုးမပေးတဲ့သင်တန်း.. ဒီက certificate လေးရမှ အလုပ်တွင် ပိုအဆင်ပြေနိုင်မည်မို့ ကိုယ်သည်းခံထားပါသည်.. သင်တန်းက တက်ရဖို့အလွန်ခဲယဉ်းလှသည်.. ဒီသင်တန်းက စာမေးပွဲဖြေပြီးရင် ရာထူးတိုးကာ ကိုယ်ဂျပန်ကို ရောက်သွားနိုင်ချေရှိပါသည်.. အလုပ်အကြောင်းတွေးလိုက်ရုံဖြင့် နားထင်တွင် တဒိတ်ဒိတ်ဖြင့် ကျယ်လောင်လာပြန်သည်.. အရင်ခေါင်းကိုက်လျှင် ကိုယ်ဘာလုပ်တာပါလိမ့်..

ယခင်ကတော့ အိမ်တွင်နေရသော ဒီလိုညချမ်းအချိန်မျိုးလေးသည် သာယာလှသည်.. ကိုယ့်ချစ်သူက တစ်ခါတစ်ခါ အိမ်နားကိုလာကာ ညစာအတူလာစားတတ်သည်.. လူရှုပ်ရှုပ်လမ်းမပေါ်မှာ ကိုယ့်လက်ကို တွဲထားပြီး လမ်းလျှောက်ရတာကို ကိုယ့်ချစ်သူကနှစ်ခြိုက်လှပါသည်.. လူချင်းမတွေ့ဖြစ်သည့်အခါ ကိုယ့်ဆီကို အချိန်မှန်ဖုန်းဆက်သည်.. တစ်နေကုန်အလုပ်ထဲမှအကြောင်းတွေကို ပြောပြရင်ဖွင့်ရင်း သူ့အသံလေးဖြင့် နွေးထွေးစွာအိပ်ရာဝင်လေ့ရှိသည်.. အခုတော့ ကိုယ်လည်းချစ်သူနှင့်ဝေးခဲ့ရပြီ.. သူမရှိလည်း နေ့စဉ်ဘဝမှာ ဘာမှမဖြစ်ပေမယ့် ဗလာဖြစ်နေသောစိတ်ကိုတော့ အံ့သြမိသည်..

I-Pod ထုတ်ပြီး ဂျပန်စကားပြောလေ့ကျင့်ကြည့်သည်.. အရာအားလုံးကို မေ့သလိုလိုဖြစ်သွားသော်လည်း နားထင်မှ တဒိတ်ဒိတ်သံကို ခံစားမိနေသေးသည်.. ဒီခေါင်းကိုက်က ပျောက်ဦးမှာလား.. ကိုယ်အိပ်သင့်နေပြီ.. ကြိုးစားပြီး အိပ်လိုက်ဖို့တော့ သင့်ပြီ.. I-Pod ကိုသိမ်းလိုက်ပြီး အိပ်ရာထဲတွင် လှဲနေလိုက်သည်.. ညက ပူလိုက်တာနော်.. ဆောင်းညတစ်ညပေမယ့် သူ့ဂုဏ်သတ္တိနဲ့ မပြည့်စုံလိုက်တာ.. ဒီနေ့ကျမှ အချိန်တွေကလည်း ကုန်တာနှေးလွန်းသည်.. အိပ်ချိန်ရောက်လာပြီး အိပ်ပျော်သွားရင် ဘာမှတွေးနေစရာမလိုတော့ဘူးလေ..

မေမေ.. မေမေ့ကို သတိရလိုက်တာ.. မေမေဆိုရင်တော့ ကိုယ်နားထင်နားမှာ ပရုတ်ဆီလေးလိမ်းပေးပြီး သာသာယာယာနှိပ်နယ်ပေးမှာပဲ.. ပြီးရင်တော့ အိပ်ဖို့တိုက်တွန်းလိမ့်မည်.. ဖေဖေဆိုရင်တော့ ငယ်ငယ် ရွယ်ရွယ်နဲ့ ဘာလို့အဲ့လောက်ခေါင်းကိုက်တတ်နေရတာလဲ.. ဒီလိုအပြောမျိုးကြားရမည်.. ဘုရားဘုရား မိသားစုနှင့် နေရသည့်ဘဝမှာ အင်မတန်ပျော်ဖို့ကောင်းတာပါလား.. အထူးသဖြင့် ကိုယ့်ကိုချစ်ကြသော မိဘများနှင့်ပေါ့..

အခုတော့ တိုက်ခန်းလေးထဲမှာ တစ်ယောက်တည်း.. ဘယ်သူမှမရှိဘူး.. ပူလောင် အထီးကျန် စိတ်ညစ်စရာ ကောင်းတဲ့ ဒီအခန်းထဲမှာ ကိုယ်တစ်ယောက်တည်းရယ်.. နောက်လကျရင်တော့ အလုပ်က ကို်ယ့်သူငယ်ချင်းနဲ့ တူတူနေဖို့ ကြိုးစားဦးမယ်.. ဒါဆိုရင်တော့ နည်းနည်းနေရထိုင်ရတာ ပိုသက်သာမလားကွယ်.. အဖော် တစ်ယောက်ရှိတော့ ဘယ်လိုပြောပြောကောင်းတာပေါ့.. သူရော ကိုယ်နဲ့နေချင်ပါ့မလား.. ကိုယ်က အလုပ်ထဲမှာလည်း အလုပ်ကိစ္စမဟုတ်လျှင် တစ်ယောက်တည်း သီးသီးသန့်သန့်နေလေ့ရှိခဲ့တာ.. သူတို့တွေ ကိုယ့်ကိုမုန်းကြမလား.. ကိုယ့်ချစ်သူက ကိုယ်လူမှုဆက်ဆံရေးညံ့ဖျင်းလှသည်ဟု မကြာခဏဝေဖန်ခဲ့ဖူးတာ.. ကိုယ်က ခေါင်းမာစွာဖြင့် “မင်းရှိတာတောင် ကိုယ်ကတစ်ခြားလူလိုဦးမှာလား” လို့ပြန်ပြောခဲ့သည်.. သူပြောတာမှန်သည်.. ကိုယ်က လူမှုဆက်ဆံရေးအလွန်ညံ့ဖျင်းပါသည်..

ကိုယ့်ချစ်သူသည် ကိုယ့်ကိုအလွန်ချစ်ခဲ့ပါသည်.. နောက်တော့လည်း ကိုယ့်အတ္တကြောင့်ပဲ ကိုယ်အနားကနေ သူထွက်သွားသည်.. ကိုယ်တိုင်ရွေးချယ်ခဲ့သည့်လမ်းဖြစ်သောကြောင့် ကိုယ်နောင်တမရပါ.. နောင်တမရသော် လည်း သူ့ကိုလွမ်းလှသည်.. ဒီချိန်ဆို သူဘာလုပ်နေမလဲမသိ.. မေမေရော ဘာလုပ်နေမလဲ.. အငယ်လေးတွေ ရော စာကျက်နေမလား.. ဘယ်လိုပင် အတွေးများဖြင့် ခေါင်းကိုက်ခြင်းကို ဖုံးကွယ်ထားထား သက်သာမသွားပါ.. စိတ်ညစ်လှပြီ..

စိတ်ညစ်လှပြီဟု တွေးလိုက်မိသည်နှင့်တစ်ပြိုင်နက် ကိုယ်မျက်ရည်ဝဲလာသည်.. ဘာအတွက်လည်းမသိ.. ရည်းစားနဲ့ကွဲလို့ပဲလား.. အိမ်ကိုလွမ်းလို့လား.. အလုပ်အဆင်မပြေမှာ ကြောက်သည်လား.. ခေါင်းကိုက်သည့် အတွက်လား.. အားလုံးအတွက်ပေါင်းပြီး ကိုယ်ငိုချလိုက်မိပါသည်... ငိုပြီးရင်တော့ ကိုယ်အိပ်ပျော်တန် ကောင်းပါရဲ့....။

Saturday, November 28, 2009

တံခါးဝါ

လွှမ်းမိုးမှုက အဝါရောင်
စာမျက်နှာက ငါ
အဝါရောင်က စာမျက်နှာ
ငါက လွှမ်းမိုးမှု
ငါ့မှာ စစ်သလင်းမရှိ
ငါ့မှာ ပန်းခင်းတွေရှိတယ်
“လိပ်ပြာ”... ...
ပျံသန်းနေထိုင်ပါလော့ ...။
(ဧမှိုင်း)

Wednesday, November 25, 2009

ဘာလိုလိုနဲ့တစ်နှစ်ပြည့်ပြီပဲ

အခုဆိုရင်ဖြင့် ဒီလိုရက်မြတ်မင်္ဂလာဖြစ်တဲ့ ၂၆ ရက် နိုဝင်ဘာလမှာ အိဖူးရဲ့စာမျက်နှာလေး တစ်နှစ်ပြည့်သွားပါပြီ.. အားရင်ရေးလိုက် စိတ်ကူးမပေါ်ရင် မရေးဖြစ်လိုက်နဲ့... စိတ်ကောက်တတ်တဲ့ ဘလော့လေးကိုလည်း ချော့တစ်လှည့် ခြောက်တစ်လှည့်.. အော် ဘာလိုလိုနဲ့ တစ်နှစ်ပြည့်ပြီပဲ... တစ်နှစ်သမီးလေးအတွက် မွေးနေ့လက်ဆောင် ပေးတဲ့အနေနဲ့ ပို့စ်အဟောင်းလေးတစ်ပုဒ် ပြန်တင်မယ်.. အဟောင်းတွေ အသစ်ဖြစ်စေလိုတဲ့ဆန္ဒ မဟုတ်ရပါဘူး.... ရှည်ရှည်ဝေးဝေးပြောမနေဘူး.. တင်ရတဲ့အကြောင်းရင်းကတော့ “ငါကြိုက်လို့ကွ”.....။

“ကဗျာပုလင်းလေး”
ကျွန်မတွင် ပုလင်းလေးတစ်လုံးရှိသည်.. သွယ်လျသောပုံသဏ္ဍာန်နှင့် ခရမ်းနုရောင်ပုလင်းလေးသည် အလွန် လှပသည်.. ထိုပုလင်းထဲတွင် ကျွန်မကဗျာများထည့်သိမ်းထားသည်.. ထိုအခါ ပုလင်းလေးသည် ကဗျာများ ကြောင့် ပိုမိုတောက်ပလာသည်.. ကြယ်ကြွေသောညများတွင် ကျွန်မက ကဗျာများကို ထုတ်ဖတ်လေ့ရှိသည်.. ထိုအခါ ပုလင်းလေးကပါ ကျွန်မနားတွင်ထိုင်ကာ ကျွန်မဖတ်ပြသောကဗျာများကို နားထောင်နေတတ်သည် .. လွမ်းမောဖွယ်ကဗျာများကို ကြားလျှင် အဝေးကိုငေးနေတတ်သော ပုလင်းလေးတွင် ချစ်သူရှိပါသလား ..
နေသာသောနေ့များတွင် ကျွန်မတို့လမ်းလျှောက်ထွက်ခဲ့ကြသည်.. ပုလင်းလေးထဲမှ ကဗျာများကလည်း ပျော်ရွှင်မြူးတူးလျက်.. ပုလင်းလေးကပါ ပြုံးနေသည်.. ကဗျာတစ်ပုဒ်ခုန်ချထွက်ပြေးသောအခါ ပုလင်းလေး ငိုသည်.. ကဗျာလေးနာမည်က “ငှက်”တဲ့.. ထားလိုက်ပါတော့ကွယ်.. ငှက်ဆိုတာ ပျံသန်းနေတဲ့ သတ္တ၀ါဆိုတာ မင်းမသိဘူးလား.. မငိုနဲ့.. ရွက်ကြွေလမ်းတလျှောက်ပြေးရင်း အရှိန်ရလာသောအခါ ပျံသန်းသွားသော ကဗျာလေးကို ကျွန်မလက်ပြနေမိသည်.. ပူပြင်းသောနေရောင်ကြောင့် စက္ကူများမီးလောင်သွားပြီး ပြာများအဖြစ် ကြွေကျလာသောအခါ ၀မ်းနည်းစွာဖြင့် ကျွန်မတို့လှည့်ထွက်လာခဲ့မိပါသည် .. ပုလင်းလေးကို ကျွန်မသနားသောကြောင့် ကဗျာသစ်တစ်ပုဒ်ထပ်ထည့်ပေးခဲ့သည်.. နာမည်က “ကြိုးတစ်ချောင်း”တဲ့.. ထိုကြိုးကို ပုလင်းလေးက ကြိုးနှင့်ချည်ထားဖို့ကြိုးစားသည်.. မင်းဘာလုပ်တာလဲ.. ဒါမှထပ်ထွက်မပြေးမှာပေါ့တဲ့.. ငါကမင်းကို ကြိုးပေးတာ ကြိုးနဲ့ထပ်ချည်ဖို့မဟုတ်ဘူး.. သူကိုယ်တိုင်က ကြိုးမို့လို့ မင်းထပ်ချည်စရာမလိုဘူးလေ.. ပုလင်းလေးတွေဝေစဉ်းစားနေသည်ကို ကြည့်ကာ ကျွန်မရယ်သည်.. တစ်ခါ ဆုံးရှုံးဖူးလို့ နောက်တစ်ခါဆုံးရှုံးရမှာကို ကြောက်နေတဲ့ သနားစရာကျွန်မရဲ့ပုလင်းလေး .. ပုလင်းလေးနှင့်ကျွန်မသည် အဖော်ကောင်းများဖြစ်သည်.. တစ်မနက်တွင် ပုလင်းလေးက ကျွန်မကိုပြောသည်.. သူနေမကောင်းပါတဲ့.. လှောင်ပြောင်ချင်စွာဖြင့် ကျွန်မရယ်နေပြန်သည်.. ကျွန်မရယ်တော့ ပုလင်းလေးက မျက်နှာမကောင်းပါ.. အသာနေစမ်းပါ ငါအလုပ်ရှုပ်နေတယ်.. စိတ်ညစ်ညူးစွာဖြင့် ပြောလိုက်မိသည်.. အပြင်မထွက်ရတာကြာလို့ အကြောင်းရှာနေတာလား.. လာဂျီကျမနေနဲ့ သွား.. နေရောင်ခြည်ရသော ကျွန်မ၏ စားပွဲတစ်နေရာတွင် ချထားပေးခဲ့သည်.. အရောင်မှိုင်းနေသောပုလင်းလေးကိုပင် နှုတ်မဆက်နိုင်ပဲ ကျွန်မတံခါးပိတ်လိုက်မိသည်.. ညှိုးငယ်သောမျက်လုံးများဖြင့် လှမ်းကြည့်နေသောပုလင်းလေးကို ကျွန်မ မမြင်လိုက်မိပါ .. ကျွန်မပြန်လာသောအခါ စားပွဲပေါ်တွင်ပုလင်းလေးရှိနေသေးသည်.. သို့သော် ကျွန်မမိတ်ဆွေ ပုလင်းလေးမဟုတ်တော့ပါ.. ခရမ်းနုရောင်မှ သွေးရောင်သို့ပြောင်းလဲနေသော သေဆုံးနေသော ပုလင်းငယ်ကိုသာ တွေ့ရသည်.. ကျွန်မအထိတ်တလန့်နှင့် ပုလင်းထဲကိုကြည့်လိုက်သောအခါ ကျွန်မ နောက်ဆုံးထည့်ပေးခဲ့သောကြိုးတစ်ချောင်းက ကျွန်မပုလင်းလေး၏နှလုံးသားကို ဖြစ်ညှစ်ထားခဲ့သည်.. မုန်းတီးစွာ စက်ဆုပ်စွာ သွေးရူးသွေးတန်းနှင့် ထိုကြိုးကို ကတ်ကျေးနှင့်အပိုင်းပိုင်းညှပ်လိုက်မိသည်.. ကြိုးသည် အပိုင်းပိုင်းပြတ်သွားလေပြီ .. သို့သော်လည်း ကျွန်မပုလင်းလေးအသက်ပြန်မရှင်လာတော့ပါ .. ကျွန်မပုလင်းလေး.. နှလုံးသားကိုဖြစ်ညှစ်ခံထားရသော ပုလင်းလေး.. ဘယ်လောက်တောင်မွန်းကျပ်နေမလဲ.. မျက်ရည်များသည် ကြမ်းပြင်ပေါ်သို့ကျဆင်းကာ ရေများအဖြစ် အိုင်ထွန်းလာကြသည်.. တဖြည်းဖြည်း များလာသောရေများကို ကျွန်မကြည့်နေမိသည်.. ပုလင်းလေးကို ရင်ခွင်ထဲပိုက်ကာ ကျွန်မ၏ အဖော်ကောင်းလေးကို လွမ်းဆွတ်တမ်းတနေသည်.. ရေများသည် ခြေမျက်စိမှ ဒူးခေါင်းအထိ.. ဒူးကျော်ကာ ရင်ဘတ်ထဲမှ ပုလင်းလေးကို ဘောင်ဘင်လှိုင်းခတ်သည်အထိ မြင့်တက်လာသည်.. မကြာခင် ကျွန်မ မြုပ်တော့မည်.. ပုလင်းလေးနှင့်ကျွန်မ မြုပ်သွားလေသည်.. ကျွန်မနေမကောင်းပါ.. ပုလင်းလေးလိုပဲ ရေများက ကျွန်မနှလုံးသားကို ဖြစ်ညှစ်ထားကြသည်.. ပုလင်းလေးလိုပဲ ကျွန်မသေသွားတော့မှာလား.. ကျွန်မမျက်လုံးများပိတ်လိုက်သည်.. နှလုံးသားက ပေါက်ကွဲထွက်တော့မတတ် နာကျင်လာသည်.. စိတ်တစ်ခုကြောင့် မျက်လုံးများဖွင့်ကာ ရင်ခွင်ထဲမှ ပုလင်းလေးကို ငုံ့ကြည့်လိုက်မိသောအခါ ခရမ်းနုရောင် ပုလင်းလေးက ကျွန်မကိုကြည့်နေသည်.. ကျွန်မကပြုံးပြလိုက်သောအခါ ချက်ချင်းပင် ကျွန်မတို့ တိမ်တွေထဲရောက်သွားသည်.. တိမ်တွေပေါ်ထိုင်ကာ ကဗျာများဖတ်နေသော ကျွန်မနှင့်ပုလင်းလေးတွင် အနာဂတ်တွေ ရည်မှန်းချက်တွေ ယှဉ်ပြိုင်မှုတွေ ဘ၀တွေမရှိတော့သလိုပဲ.. ဒီလိုပဲ အမြဲတမ်း နေသွားရတော့မည်.. ကောင်းလိုက်တာနော်.. ပုလင်းလေးကို ကျွန်မပြောမိသည်.. ထိုအချိန်တွင် ငှက်တစ်ကောင်က ကျွန်မတို့နှစ်ယောက်နား ၀ဲပျံလာသည် . ကျွန်မပိုင်ဆိုင်သောငှက်ကလေး . အို မင်းလည်းဒီမှာရှိနေတာလား.. ငှက်ကလေးက ကျွန်မလက်ပေါ်တွင်လာနားသောအခါ ကဗျာစာရွက်ခေါက်လေး ဖြစ်သွားသည်.. ကျွန်မပျော်သွားသည်.. ကဗျာစာရွက်လေးကို ပုလင်းလေးထဲသို့ထည့်ကာ သိမ်းထားလိုက်သည် .. ပုလင်းလေးလည်း ပြုံးလို့.. သူပြုံးသည်ကိုမြင်သောအခါမှ ကျွန်မသူ့အပြုံးကို မည်မျှလွမ်းဆွတ်မျှော်လင့် နေမိကြောင်း သိလိုက်ရသည်.. ပထမဆုရသောကျောင်းသားလေးကဲ့သို့ ကျွန်မကျေနပ်သွားသည်.. အရာအားလုံးသည် ပေါ့ပါးနေသည်.. ကျွန်မသေသွားပြီလား.. သေသွားသည်ဆိုလည်း ကိစ္စမရှိပါ.. ကျွန်မနေကောင်းသွားပြီ.. ကျွန်မပုလင်းလေးလည်း နေကောင်းနေသည်.. ဘာမှအရေးမကြီးတော့ပါ.. အရေးကြီးသည်က ကျွန်မ.. ပုလင်းလေးနှင့် ကဗျာများသာဖြစ်ပါသည်...။ xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဒါကတော့ ဆားချက် အဲလေ မွေးနေ့လက်ဆောင်ပေးတာပေါ့.... ခုချိန်ထိ အိဖူးရဲ့ဘလော့ကို လာလည် ဆော့ကစား ဖတ်ရှု ဝေဖန် ဆဲဆိုသွားသမျှအားလုံးကို ကျေးဇူးအထူးတင်ပါတယ်.. ကျေးဇူးတင်လွှာနဲ့မှားမှာ စိုးလို့... တစ်ယောက်ချင်းနာမည်တွေရေးတော့ဘူးနော် ...။

နောက်တစ်ခေါက်ထပ်ပြောမယ်..
ကျေးဇူးတင်ပါသည်
XD

ကဲကဲ ...
အောက်မှာမုန့်စားသွားကြပါဦးနော် ... ဝအောင်စားနော် အားမနာနဲ့... ပြီးရင် လက်ဆောင်ပေးပေါ့..။

ဒါကတော့ ကိတ်မုန့်ချစ်သူတွေအတွက် ...


ဒိုးနတ်များစားချင်ကြသလားလို့ ....


ပီဇာလည်းစားကြဦး...

ဆူရှီနဲ့ဂင်ဘတ်တဲ့.. အော်ဒါမှာထားတဲ့လူတွေရှိလို့..



ရေခဲမုန့်


နင်နေမှာစိုးလို့ ဝိုင်သောက်ကြ


စားချင်သူတွေရှိနေတယ်.. မတူးရေ ဝအောင်စားပါ... ဘဲဥကတော့ပါတယ်ထင်တာပဲ..

ကဲကဲ တော်သေးပြီ.. ဒီလောက်ဆိုဝရောပေါ့... တော်တော့နော်....