Tuesday, July 1, 2014

လူပျင်းမ

ဗိုက်ဆာလို့ မစားချင်စားချင်နဲ့ ချော့ကလက်မြေပဲကပ်တွေ စားနေရတယ်
တကယ်တမ်းစားချင်တာက (ထုံးစံအတိုင်း) ပူပူစပ်စပ်အရာတွေ..
ရုံးကဆိုင်လေးမှာ သွားကြည့်တော့ ချဉ်ပူစပ် ခေါက်ဆွဲပြုတ်တောင် မရှိလို့ မစားရဘူး
ဆိုးတဲ့ဘဝပေပဲ...

ရုပ်ရှင်တွေထဲမှာတော့ ပါတယ်..
ချစ်သူ (သို့) ကိုယ့်ကိုတဖက်သတ်ချစ်နေသူတွေက စားစရာတွေ ပန်းစည်းတွေ ပို့တာမျိုးလေ..
ကိုယ်တော့ တစ်ခါမှမရဘူးပါဘူး
maybe ကိုယ့်ကိုချစ်သူ တစ်ယောက်မှမရှိဘူးထင်တယ်
ရှိပြီးသား ချစ်သူကလည်း အဲဒါမျိုးတွေ မလုပ်တတ်သူ.. လူတွေ့ရင် ဆူပူအော်ဟောက်ချင်နေတဲ့ဘိုးတော်
ဒါမယ့် သူဟာကိုယ့်ကို တကယ်ချစ်တဲ့သူပါ.. အကုန်အကောင်းကြီးပဲတော့ မဟုတ်ဘူးပေါ့လေ
ဖြည့်တွေးပါတယ်

ရုံးဆင်းချင်တာပဲ သိတော့တယ်
နောက်တစ်နာရီလောက် နေရဦးမယ်
ဒီတလော သိပ်ပျင်းတတ်လာတယ်
မကောင်းဘူး ပြင်ရဦးမယ်


Friday, June 27, 2014

back to you!

22.6.2012 မှာနောက်ဆုံးရေးခဲ့တာ
အခုက 27.6.2014 ဆိုတော့ ကြားထဲမှာ ပြတ်တောက်နေခဲ့တာ ၂ နှစ်တိတိ
.
.
ဆောရီးကွယ်
ကိုယ် စိတ်တွေပြောင်း လူတွေပြောင်း အကျင့်တွေပြောင်းနဲ့ မင်းလေးကိုအသက်ပြန်သွင်းဖို့ ပြန်စဉ်းစားမိပါတယ်..
ကြိုးစားဦးမည်။

Sunday, June 24, 2012

ကျွန်မဆော့ပါသည် သို့သော်..

စနေနေ့ နေ့လည်
နေ့တစ်ဝက်ရုံးဆင်းတော့ သူနဲ့တွေ့ဖို့သွားတော့ ဘတ်စ်ကားစီးဖြစ်တယ် (သူနဲ့မတွေ့လည်း စီးပါတယ်)။ ကျွန်မစိတ်ထဲ ငြီးစီစီနဲ့ ပျင်းရိနေတယ်။ ကလိကလိဖြစ်တာနဲ့ ဘာရယ်မဟုတ် ရုပ်ရှင်ရိုက်ဖို့ စိတ်ကူးမိတယ်။

ဘယ်လိုရိုက်သလဲဆိုတော့ကာ ဘတ်စ်ကားပေါ်မှာ ကိုယ့်ကိုကိုယ် ရန်ကုန်မြို့ရောက် တိုင်းတစ်ပါးသားပုံစံ ဟန်ဆောင်မိတယ်။ စပယ်ယာဆီမှာ စတင်သရုပ်ဆောင်လိုက်တယ်။
“ဘယ်ဆင်းမလဲ”
“နွယ်သာကီး နွယ်သာကီး.. how much? 100 Kyats? ”
စပယ်ယာ နည်းနည်းကြောင်သွားတယ်။ ကျွန်မကထပ်မေးလိုက်တယ်
“100 Kyats? ”
စပယ်ယာက ခုမှသိသွားပြီး လက်နှစ်ချောင်းထောင်ပြတယ်။
“oh 200 Kyats.. ok”
ပိုက်ဆံ ၂၀၀ ပေးလိုက်ပြီး ခပ်တည်တည်နဲ့နေလိုက်တယ်။ စပယ်ယာနဲ့တကွ အနီးအနားကလူတွေ ပြုံးသွားတယ်။ ယုံသွားကြတယ်။ ပြုံးတာကတော့ ဘတ်စ်ကားလာတိုးစီးတဲ့ နိုင်ငံခြားသားကောင်မလေးကို သဘောကျလို့ပဲလား ဘာလား။ (ခုမှပြန်ရီချင်တယ် အဲ့တုန်းကတော့ မင်သေသေနဲ့ပဲ)

ကျွန်မပိုက်ဆံပေးပြီး ရပ်နေတယ်။ ကားက အရမ်းကြီးကျပ်မနေပါဘူး။ မတ်တပ်ရပ်နေတဲ့လူ လေးငါးယောက်လောက်တော့ရှိတယ်။ အန်ကယ်ကြီးတစ်ယောက်က လှမ်းခေါ်တယ်။
“come come.. a place, a place”
“ Thank you”
ကျွန်မနေရာရသွားတယ်။ ဘတ်စ်ကားက ကုက္ကိုင်းမှတ်တိုင်ကိုရောက်လာတယ်။ အဲ့ဒိမှတ်တိုင်မှာ အဖွားကြီးတစ်ယောက်တက်လာပါတယ်။ အသက်ကြီးကြီး ယောဂီဝတ်စုံနဲ့။ ကံဆိုးစွာနဲ့ပဲ အဲ့ဒိအဖွားကြီးအတွက် နေရာမရှိပါဘူး။

ကျွန်မကားပေါ်ကို တစ်ချက်ခြုံငုံကြည့်လိုက်တယ်။ ကျွန်မရဲ့ဘယ်ဖက်ဘေးမှာ ကျွန်မကိုနေရာပြတဲ့ အန်ကယ်ကြီး။ သန်သန်မာမာကြီးပါပဲ။ ညာဖက်ဘေးမှာက ကောင်လေးကောင်မလေးတွေ အဖွဲ့ရှိတယ်။ စကားတွေကျွတ်ကျွတ်ညံအောင်ပြောကြ ရီလိုက်ကြလုပ်နေတဲ့အဖွဲ့ပေါ့။

ကုက္ကိုင်းမှတ်တိုင်မှာ တက်လာတဲ့အဖွားကြီးက ကျွန်မတို့နားမှာ ရပ်နေပါတယ်။ အဲဒိအဖွားကြီးကို ဘယ်သူများနေရာပေးမလဲလို့ ကျွန်မစောင့်ကြည့်နေမိတယ်။ ကျွန်မတို့မြန်မာနိုင်ငံက ဘတ်စ်ကားတွေပေါ်မှာ ဘုန်းကြီးတွေ၊ အသက်ကြီးတဲ့လူ၊ ကလေးနဲ့လူ၊ အထုပ်အပိုးတွေပါတဲ့လူတွေ ကားပေါ်တက်လာရင် ကားပေါ်ကလူတချို့က နေရာပေးတတ်တာ၊ အထုပ်ကိုင်ပေးတတ်တာတို့ အဲဒိဓလေ့လေးတစ်ခုရှိတယ်မလား။ ဒီနေရာမှာ တစ်ခုထပ်ပြောချင်တယ်။ တချို့သောလူတွေပဲ သိတတ်တော့တယ်လို့ ကျွန်မပြောရင် အားလုံးယုံကြမလား။

အဲဒိအဖွားကြီးကို ကျွန်မကြည့်နေတယ်။ ကားက Sedona Hotel ကို တော်တော်ကျော်လာပါပြီ။ အဖွားကြီးနေရာမရသေးဘူး။ ဘယ်သူမှမတွေ့တာလည်း မဟုတ်ဘူး။ မမြင်ချင်ယောင်တောင်ဆောင်နေလိုက်သေးတယ်လို့ ကျွန်မထင်တယ်။ အဲဒါနဲ့ ကျွန်မစိတ်မရှည်တော့ဘူး။ (ကိုယ့်ကိုကိုယ်ဟန်ဆောင်တာတောင် မေ့သွားတော့မလို့၊ ဒါပေမယ့် မမေ့ဘူး :P)

အဖွားကြီးကို လက်တို့ခေါ်လိုက်ပြီး “come here and sit, come ”ဆိုပြီး နေရာဖယ်ပေးလိုက်တယ်။ အဖွားကြီးက thank you တွေဘာတွေလည်း ပြန်မပြောတတ်တော့ အမူအရာနဲ့ပဲ ကျေးဇူးတင်ကြောင်း လှိုက်လှိုက်လှဲလှဲပြုံးပြတယ်။ မြန်မာအချင်းချင်းမဟုတ်ပဲ တစ်နိုင်ငံခြားကောင်မလေးက သူ့ကိုနေရာဖယ်ပေးတာ သူသိသွားပါလိမ့်မယ်။ အဲဒိအချိန်မှာ ကျွန်မကိုအားလုံးဝိုင်းကြည့်နေတယ်ဆိုတာ ကျွန်မသိတယ်။ ရုတ်တရက်ကြီး ကားကတိတ်သွားတာကိုး။ ကောင်လေးကောင်မလေးတွေအုပ်စုလည်း စကားမပြောတော့ဘူး။ တစ်နည်းပြောရရင် ကျွန်မက နေရာဖယ်ပေးလိုက်တာကို သူတို့ရှက်သွားပုံပဲ။ လူမျိုးခြားကဖယ်ပေးမှ ထိုင်ရတဲ့အဖွားကြီးကို အခုမှတွေ့သလိုလို လုပ်နေကြတယ်။

ကျွန်မ ဒေါသထွက်ပါတယ်။ အစကတော့ ပျင်းပျင်းနဲ့ ကိုယ့်ဟာကိုယ်ရုပ်ရှင်ရိုက်တဲ့သဘောပဲ။ အခုတော့ အပျင်းပြေ ဒေါသထွက်ဖြစ်သွားရတယ်။ မြန်မာလူမျိုးအနေနဲ့သာ အဲဒိအဖွားကြီးကို နေရာဖယ်ပေးလိုက်ရင် သူတို့ဘယ်သူမှ သတိထားမိမှာတောင် မဟုတ်ပါဘူး။ အခုက ကျွန်မဟန်ဆောင်ပန်ဆောင်လုပ်ထားတဲ့အတွက် သူတို့ရှက်သွားကြတာ။ သူ့ဘေးမှာထိုင်နေတုန်းကတော့ ပြုံးပြုံးကြီးနဲ့ တစ်ခုခုပဲပြောတော့မလို၊ မိတ်ပဲဆက်တော့မလိုတွေလုပ်နေတဲ့ ကျွန်မကို နေရာပေးတဲ့အန်ကယ်ကြီးကလည်း ကျွန်မဖက်ကို လှည့်တောင်မလာတော့ပါဘူး။ ကောင်လေးကောင်မလေးတွေလည်း မရီနိုင်တော့ဘူး။ ဒါဘာလဲ မလုံမလဲဖြစ်ကြတဲ့သဘောလား။

မြန်မာလူမျိုးတွေဟာ သနားညှာတာ ရိုင်းပင်းတတ်ကြတယ်တဲ့။

ကျွန်မကဘာပြောရမလဲတောင်မသိဘူး။ အူကြောင်ကြောင်မျက်နှာပေးလေးနဲ့ပဲ ဆက်လက်သရုပ်ဆောင်နေလိုက်တယ်။ နွယ်သာကီရောက်တဲ့အထိ ကျွန်မနေရာမရတော့ပါဘူး။

နွယ်သာကီရောက်တော့ သူကလမ်းထိပ်ကို လာကြိုပါတယ်။ နေ့လည်စာအပြင်မှာစားတော့ ဆိုင်ရောက်တော့ မနေနိုင်မထိုင်နိုင် သူ့ကိုပြောပြမိတယ်။
“မင်းကလည်း တော်တော်ဆော့” တဲ့။

ရီရမလား ငိုရမလားမသိဘူး။

Friday, June 22, 2012

22.6.2012

ဒီနေ့ (22.6.2012) ရက်နေ့

မိုးလင်းကတည်းက စိတ်ကြည်လင်ပါတယ်.. ရေမိုးချိုး ခေါင်းလျှော် အလုပ်သွားဖို့ အိပ်ရာကနေ အတင်းကုန်းရုန်းထရတာလေးတစ်ခုပါပဲ.. ဟဲဟဲ..  စိတ်ကိုမကြည်ကြည်အောင် လုပ်ထားတယ်.. ဘာလို့လဲဆိုတော့ ဒီနေ့ဟာ ကျွန်မနဲ့ကျွန်မချစ်သူရဲ့ (၂) နှစ်ပြည့်တဲ့ရက်လေးမို့လို့ပါပဲ..

ဘာမှတော့မထူးခြားပါဘူး... ကျွန်မတို့ ဒီနေ့တွေ့မယ်.. ခရီးတိုလေးသွားဖို့ စဉ်းစားခဲ့ပေမယ့် ပိုက်ဆံမကျန်တော့လို့ မသွားနိုင်တော့ဘူး.. ဆိုးပါတယ်.. တစ်နေ့နေ့တော့ သွားဖြစ်အောင်လုပ်ရဦးမယ်

ဒီနေ့သောကြာနေ့ဆိုတော့ ကျွန်မရုံးတက်ရတယ်.. ညနေပိုင်းမှတွေ့ရမယ့် သူ့ကို ကျွန်မသိပ်လွမ်းတာပဲ တွေ့ဖို့မနေနိုင်တော့ဘူးလို့ မနက်စောစောပြောဖြစ်ခဲ့တယ်.. သူလည်း တူတူပါပဲလို့ပြောအပြီး ကျွန်မတို့ တူတူရီမောခဲ့ကြတယ်..

စနေတနင်္ဂနွေပိတ်ရက်လေး သူ့ကြောင့် ကျွန်မပျော်ရွှင်နေပါလိမ့်မယ်

Wednesday, June 20, 2012

ရှစ်ဇမ္ဗူ ဤမြေမှ ကျွန်မချစ်သူ :)

~ ချစ်သူ ချစ်သူ အပြစ်မယူ ~

အဲဒါသီချင်းလား ဘာလား.. တကယ်တော့ ဘာမှန်းကိုမသိပါဘူး.. ပါးစပ်ထဲ ရွတ်ရွတ်မိနေတယ်..

ရွတ်မိတဲ့အခါ ကျွန်မချစ်သူအကြောင်းကိုလည်း တွေးရင်း မျက်နှာလေးက ခပ်ပြုံးပြုံးပေါ့..

သူကဘယ်လိုပဲ ရစ်တယ်ပြောပြော ဘာတွေပဲဖြစ်နေတယ်ပြောပြော ကျွန်မသူ့ကို သိပ်သိပ်သိပ်ချစ်ပါတယ်.. သူလည်း ဒီလိုပဲ ကျွန်မကို အရမ်းချစ်ပါတယ်.. အထွေအထူးလုပ်ယူနေစရာမလိုတဲ့ ကျွန်မတို့နှစ်ယောက်ရဲ့ ယုံကြည်မှုလေးတစ်ခုပေါ့

ပျော်ရတယ်.. သူ့ကြောင့်တွေ ခဏခဏ သေမတတ်ငိုဖူးပေမယ့် ကျွန်မသူ့ကြောင့်ပဲ ပျော်ရွှင်ရပါတယ်.. အားကိုးစရာရင်ခွင်တစ်ခုဖြစ်တာမို့ ကျွန်မမှာ သူမရှိရင် မနေတတ်သလောက်ပဲ.. အဲဒိအကျင့်ဆိုးကို ကျွန်မပြင်ရဦးမယ်

ရန်ဖြစ်တဲ့အခါ ကျွန်မက သူ့ကိုဘယ်တော့မှ အလျော့မပေးဘူးလို့ အမြဲပြောတယ်.. မှန်တော့မှန်ပါတယ်.. သူလည်း တခြားနေရာမှာ အနိုင်ယူတာရှိတတ်တာပဲလေ.. နောက်ဆုံးတော့လည်း ရန်ဖြစ် ငိုယို မောသွားပြီး အိပ်ပျော်သွားတာမျိုးလည်း ရှိပါရဲ့.. နိုးလာတဲ့အချိန်ဆိုရင်တော့ ကျွန်မရွတ်နေသလို ~ချစ်သူ ချစ်သူ အပြစ်မယူ~ပေါ့ရှင်....

ဒီနေ့ ကျွန်မရဲ့ဘလော့မှာ label အသစ်ထပ်တိုးတယ်.. အဲဒါ သူ့အတွက်ပေါ့....

ကိုယ့်ဟာကိုယ် လက်ခုပ်တီး ဖဲကြိုးဖြတ်ပြီး ဖွင့်ပွဲလုပ်လိုက်တယ်.. အဟက် အဟက်


ကျန်းမာခြင်းသည် လာဘ်တစ်ပါး

ဘဝမှာ နေမကောင်းဖြစ်ရတာက တော်တော်ပင်ပန်းတယ်.. ကျွန်မ ဒီနှစ်တွေထဲ သိပ်ချူချာပါတယ်.. ဗိုက်အောင့်မယ်၊ ခေါင်းကိုက်မယ်၊ ဖျားမယ်၊ ကိုယ်လက်ကိုက်ခဲမယ်၊ food poison ကြောင့်အန်မယ် အို အစုံအစုံပါပဲ.. ဘေးနားမှာ အမြဲရှိနေတဲ့လူတွေဆို ကျွန်မကို လက်ဖျားတောင်ခါတယ်.. တစ်နေ့ပြီးတစ်နေ့ တစ်ခုပြီးတစ်ခုဖြစ်နေလို့ပါ..

ကျွန်မပြောင်းလဲသွားတယ်လို့ ကျွန်မချစ်သူကပြောလာပါတယ်.. သူနဲ့ချစ်သူမဖြစ်ခင် သူငယ်ချင်းဘဝ စခင်ခဲ့ကြတုန်းက သိပ်ပြီးတက်တက်ကြွကြွရှိတဲ့ကျွန်မ ဘယ်ရောက်သွားသလဲ.. သူကမေးလာပါတယ်.. ဘာမှမဟုတ်တဲ့မေးခွန်းလေးပါပဲ.. စိတ်ထဲကနေတော့ ပြင်းပြင်းပြပြတောင်းပန်နေမိတယ်..

နေထိုင်မကောင်းဖြစ်ရင် စိတ်ကမကြည်လင်တော့ဘူး.. ဒါနဲ့ပဲ သံသရာတွေလည်ပြီး အရာရာ ကျွန်မအတွက် မကြည်လင်နိုင်တော့ဘူး.. ပြဿနာသေးသေးနဲ့တွေ့လည်း အကြီးတွေချဲ့မိ.. ဘာမှလည်း သည်းမခံနိုင်တော့ပါဘူး..

ကျွန်မဆိုးပါတယ်..

အနည်းဆုံး သူ့အတွက်တော့ ကျွန်မဆိုးသွမ်းနေတယ်..

ကျန်းမာရေးကောင်းအောင် ကျွန်မနေမှဖြစ်မယ်..

နေထိုင်ကောင်းပါရစေ။

Wednesday, November 2, 2011

နွေ

ပထမရက်..
အပြင်မှာ မိုးသည်းစပြုနေပြီ.. ကိုယ့်ခေါင်းထဲလည်း ဒီလိုပဲ.. အတွေးတွေဆွဲခေါ်ရာ အတိတ်ဟာ ကိုယ်နဲ့နီးနီးလာတယ်..

“ဟေး နေကောင်းလား” သူမက မေးတယ်
“ကိုယ်မင်းကိုချစ်တယ်” သူပြောခဲ့တယ်
“ငါလည်းမင်းကိုသဘောကျပါတယ်” သူမကပြုံးပြီးပြောတယ်.. ပြီးတော့ အတူတူပဲ သူတို့ရီခဲ့ကြတယ်

နောက်တော့ နွေဦးတစ်ခုကိုရောက်ရှိခဲ့တယ်.. ကျိန်စာသင့်ခဲ့တဲ့နွေဦးတစ်ခုပေါ့..
နွေရက်တစ်ရက်လည်း ရောက်လာတယ်.. သူစောင့်မျှော်နေတဲ့ နေ့ရက်မျိုးတော့မဟုတ်ခဲ့ဘူး..
သူမကပြောတယ် “ငါတို့ကိုယ်ဟာကိုယ်နေကြရင်ကောင်းမယ်”.. အတူတူတော့မဟုတ်ဘူး ဒါပေမယ့် သူငိုတယ်
“နောက်ပြီးတော့ရော..” သူမေးတယ်.. “ကိုယ်မင်းကိုလွမ်းနေမှာ” ဟန်ဆောင်အပြုံးတစ်ခုနဲ့..

သူမကိုစမြင်တုန်းက သူဟာ ဆံပင်တွေကို ပထမဆုံးသတိထားမိခဲ့တယ်..
အခုနောက်ဆုံးတွေ့ရတဲ့အချိန်မှာလည်း သူမရဲ့ဆံပင်တွေကို ငေးနေမိပြန်တယ်..
သူ့ဆီကနေ အဝေးကိုထွက်ပြေးနေတဲ့ ဆံပင်တွေ.......

သူဟာချစ်ခင်ယုယခံချင်ပေမယ့် သစ္စာဖောက်ခြင်းသာရခဲ့တယ်
အဖြေကိုလိုချင်ပေမယ့် မေးခွန်းတွေနဲ့သာကျန်ခဲ့တယ်
လွတ်လပ်မှုကိုရရမယ့်အစား တုပ်နှောင်မှုသာရရှိတယ်
ပျော်ရွှင်စွာနေချင်ပေမယ့် မျက်ရည်တွေသာအစားထိုးရခဲ့တယ်

လယ်ကွင်းသေးသေးလေးထဲမှာ ကောင်မလေးတစ်ယောက် ပျော်ရွှင်နေမယ့်အချိန်မှာပေါ့
Good Luck, little girl .

Wednesday, July 6, 2011

ချစ်သောဘလော့

ဘာဖြစ်ဖြစ်နေပါစေ ကိုယ်မင်းနားပြန်လာပြီ....
ချစ်တဲ့ဘလော့လေးရေ

Wednesday, May 26, 2010

Sunday, May 23, 2010

မိုးရေထဲက သူနဲ့ကျွန်မ

မိုးရွာပြီလေ.. မိုးရွာရင် ကျွန်မသိပ်ပျော်တာ.. ဟိုးငယ်ငယ်ကတော့ (ကလေးတွေရဲ့ ထုံးစံအတိုင်း) မိုးရွာထဲမှာ ပြေးလွှားဆော့.. ကြီးပြင်းလာတော့ မိုးရေနဲ့ထိချင်လွန်းလို့ အိနြေ္ဒပျက်တယ်လည်း မဖြစ်ရအောင် ထီးလေး ဆောင်းပြီး လမ်းလျှောက်ပေါ့..

အဲလိုလမ်းလျှောက်ရင် သတိရတာကတော့ ကျွန်မသူငယ်ချင်းမလေးပဲ.. ကျောင်းမှာဆိုရင် မိုးရေထဲ လမ်းလျှောက်လို့ ပိုကောင်းတယ်.. ကျွန်မတို့ဆို ကျောင်းဝင်းထဲ လျှောက်ပတ်သွားနေတာပဲ.. အဲလို လျှောက်သွားတိုင်း သူနဲ့ကျွန်မနဲ့ အမြဲတူတူ..

ကျွန်မကိုသူက တအားအလိုလိုက်တာ.. သူက အလျော့ပေးတတ်တော့ ကျွန်မကလည်း အနိုင်ကျင့် စိတ်ကောက် နဲ့ပေါ့.. ဒါပေမယ့်လည်း ကျွန်မကလည်း သူ့ကိုချစ်တာ သူသိတာပါပဲ..

မိုးရွာပြီဆိုရင် ကျွန်မက `မိုးရွာပြီ သွားမယ်လေ´လို့ခေါ်မြဲ.. သူကလည်း `မလိုက်ချင်ဘူး´ငြင်းမြဲ.. နှစ်ခါလောက် ခေါ်လို့မှမရရင်တော့ ကျွန်မကလည်း စိတ်ကောက်ပြီး ထွက်သွားမြဲ.. ခပ်လှမ်းလှမ်းရောက်ရင်တော့ ပြေးလိုက် လာတဲ့ခြေသံနဲ့အတူ ထီးအောက်ကိုဝင်လာတဲ့ သူ့မျက်နှာကစပ်ဖြဲဖြဲ `ဘောက်ဆတ်ဘောက်ဆတ်နဲ့ သွားလိုက် တာများ မြန်လိုက်တာ ခဏတောင်မစောင့်ဘူး´လို့ အပြစ်တင်သလိုလို မျက်နှာချိုသွေးသလိုလိုလုပ်မြဲ..

ထီးတစ်ချောင်းအောက်မှာ နှစ်ယောက်သားတူတူဆောင်းရင်းနဲ့ ထီးပေါ်ကျတဲ့ မိုးသံကိုနားထောင်.. အချင်းချင်း ပေါက်ကရတွေပြော.. လက်တွေကို ထီးအပြင်ဖက်ဆန့်ထုတ်ရင်း မိုးစက်တွေကိုခံစားဖူးတယ်.. ကျောင်းကအပြန် ကျောင်းကားပေါ်မှာ ကားပြတင်းပေါက်တွေကို (အခွင့်ရှိသမျှ) အကျယ်ဆုံးဖွင့်ရင်း သူများငြိုငြင်ခံဖူးတယ်.. မိုးရာသီဆိုတာ သူနဲ့ကျွန်မနဲ့အတွက်တော့ အမှတ်တရတွေပါပဲ..

တခါတလေ စိတ်ညစ်စရာတွေရှိရင် လမ်းလျှောက်လာရင်း မိုးထဲမှာပဲ မျက်ရည်ကျခဲ့ကြတယ်.. တစ်ယောက်နဲ့ တစ်ယောက် အားပေးနှစ်သိမ့်ရင်းနဲ့ပဲ တစ်နှစ်ပြီးတစ်နှစ် ဖြတ်ကျော်လာခဲ့တယ်.. မိုးနဲ့တွဲလျက် အတူရှိခဲ့တာ တော့ ကျွန်မသူငယ်ချင်းပါပဲ..

အခု သူ့ကိုကျွန်မသတိရနေတယ်.. အပြင်မှာလည်း မိုးတွေရွာနေပြီလေ........

Monday, May 17, 2010

အဖြေပေးပြီ

မသိရင်မှတ်ထား.... အဲ့ဆိုင်နာမည်က United Asia တဲ့ဗျား..... ဘာဆိုင်လဲဆိုတော့ကာ Electircal Showroom ပါ.. ကြော်ငြာတဲ့အနေနဲ့ Air-con တွေ Air cooler တွေ အပြင်မှာတပ်ပြထားတာပါ......

တကယ့် ကပ်သီးကပ်သပ်.... XD

Saturday, May 15, 2010

မေးကြည့် ဖြေကြည့် ဟဲဟဲဟိ

ဒီနေ့ လမ်းမတော်ကိုရောက်တယ်.. အစ်ကိုတော်တစ်ယောက်နဲ့ တွေ့လို့နှစ်ယောက်သားမုန့်စား အအေးသောက်ရင်းနဲ့ သူတို့ရုံးနားမှာ ဆိုင်ခန်းတစ်ခန်းပြင်နေတဲ့အကြောင်းကို ပြောမိသွားတယ်.. အဲ့ဒိဆိုင်က နှစ်ထပ်ရှိတယ်.. အပေါ်ထပ်က ၀ရံတာမှာ Indoor တပ်တဲ့ air-con သုံးလုံးတောင်တပ်ထားတယ်.. ဘာဆိုင်ဖွင့်မှာလဲမသိဘူးလို့ ပြောလာလို့ စိတ်ဝင်စားသွားတယ်.. အဲကွန်းကို အပြင်ဖက်မှာတပ်ထားတယ် ဆိုတော့ စိတ်မ၀င်စားပဲနေမလားလို့.. နောက်ပြီး တစ်လုံးလည်းမဟုတ်ဘူး.. သုံးလုံးတောင် ပါလား...

ခဏတပ်ထားတာလားမသိဘူးလို့ ပြောမိတော့လည်း အစ်ကိုက မဖြစ်နိုင်ဘူး.. ဆိုင်နံရံတွေကလည်း ဆေးတွေ အကျအနသုတ်ထားပြီးသားတဲ့.. ဆိုင်းဘုတ်ကလည်း သူမြင်နေတဲ့အချိန်တွင်းမှာတော့ မတပ်ရသေးဘူးတဲ့လေ... (ဘာများပါလိမ့်နော်........)

ဆိုင်ကိုကြည့်ထားဦး.. ဘာဆိုင်လဲသိရရင် ပြောပြဦးနော်လို့ ပြောလိုက်မိပြီး ပြန်လာကြတယ်.. နောက်တော့ အိမ်ပြန်ဖို့စီးရမယ့် ကားမှတ်တိုင်နဲ့ နီးနေတာကြောင့် အစ်ကိုက သွားကြည့်မယ်ဆိုပြီး သွားကြည့်ဖြစ်တယ်... ဆိုင်နားထိတောင်မရောက်သေးဘူး.. အပင်လေးတစ်ခုအောက်ကနေ လှမ်းကြည့်လိုက်တယ်.. အဲကွန်းသုံးလုံး အပြင် air cooler တစ်လုံးပါ ၀ရံတာထောင့်နားမှာတွေ့ရပြန်တယ်.......... ဘာလုပ်တာလဲဟ အပြင်လောကကိုပဲ အေးစေချင်လို့များလား... အတွေးများစွာနဲ့အတူ ဆိုင်အနီးသို့ချဉ်းကပ်အသွား..... ဒန်ဒန့်ဒန်... တွေ့လိုက်ရပါပြီ...

ကဲ မေးပြီ......... ဘာဆိုင်ဖြစ်မလဲ ပြော..... ....
(အဖြေကို နောက်ပို့စ်တစ်ခုအနေနဲ့တင်ပေးမယ်)

Sunday, May 9, 2010

ကျွန်မအတွက်ကြိုး

လောကကြီးမှာ အသက်ရှင်နေထိုင်ဖို့အတွက် စိတ်စွဲလန်းမှု တစ်ခုခုတော့လိုအပ်မြဲတဲ့.. အဲဒါဟာ ဟုတ်တယ်လို့ ကျွန်မလက်ခံထားခဲ့တယ်.. ကျွန်မနဲ့ ဒီကမ္ဘာကြီးကို ဆက်စပ်ထားပေးတဲ့ အရာတွေမှအများကြီးပဲ.. ကျွန်မချစ်ရတဲ့လူတွေ.. ကျွန်မတပ်မက်တဲ့ အရာဝတ္ထုတွေ.. ကျွန်မရဲ့ကိုယ်ပိုင်လောဘတွေ.. ကိုယ်တိုင်မဖန်တီးရသေးတဲ့ ကျွန်မရဲ့စိတ်ကူးယဉ်ဘဝသေးသေးလေး... အသက်ရှင်ရပ်တည်မှုဆိုတာကို ကျွန်မမက်မောတယ်.. သေချာတယ် ကျွန်မမသေချင်သေးဘူး..

အဲဒါတွေကိုပဲ စဉ်းစားတွေးနေရင်း နေထိုင်လာတာ မကြာသေးပါဘူး.. တိတိကျကျပြောရရင် ကိစ္စ အကြောင်းအရာလေးတွေကို (အနည်းငယ်) လေးနက်စွာစဉ်းစားတတ်လာတာ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကမှရှင့်.. ကျွန်မလေ ကိုယ့်ကိုကိုယ်သတိထားပြီး အရင်လို နမော်နမဲ့မဖြစ်အောင်နေတယ်.. အဲလို သတိထားလွန်းအားကြီးလို့လား မသိဘူး.. နေရထိုင်ရတာ တင်းတင်းကျပ်ကျပ်ကြီးဖြစ်လာတယ်.. အဲလိုလည်း မဖြစ်ချင်ဘူးလေ.. နည်းနည်းလောက်လျှော့ပြီး နေကြည့်တယ်.. သက်သာသလိုတော့ရှိပေမယ့် အာရုံစူးစိုက်မှုမှာ အားနည်းသွားပြန်ရော..

သူ့ကိုယ်သူ အသက် ၃၀ အရွယ်လောက်ရင် ဘာမှမရှိလောက်တော့ဘူးလို့ ပြောနေတဲ့သူနဲ့ ကျွန်မစကားပြောမိတယ်.. အသက် ၃၀ လောက်ဆို သေရင်သေ မသေရင်ပျက်စီးပြီတဲ့.. သူ့ဘဝမှာ ဘာမှလုပ်ချင်တာ ဖြစ်ချင်တာမရှိဘူးပြောတယ်.. အဲဒါဟာ ကျွန်မအတွက်တော့ လုံးဝမဖြစ်နိုင်ဘူး.. ကျွန်မလုပ်ဖူးချင်တာတွေ ဖြစ်ချင်တာတွေက တပုံတပင်.. ဘာမှကြီးကြီးကျယ်ကျယ်တွေ မဟုတ်ပေမယ့် ကျွန်မအတွက် အိပ်မက်တွေအများကြီး..

ဘာကိုမှအရေးမကြီးဘူးလို့ ခံယူထားတဲ့လူတစ်ယောက်ဟာ ဖြစ်ချင်ရာဖြစ်ဆိုပြီး သူ့ဘဝကြီးကိုသူ လွှတ်ထားလိုက်တာလား.. သိပ်တော့နားမလည်နိုင်ဘူး.. အခက်အခဲတွေနဲ့ ကြုံရတဲ့အခါမျိုးမှာ သူမကြောက်ဘူးလားဟင်.. နည်းလမ်းတွေ ထွက်ပေါက်တွေရော သူတို့ရှာကြပါ့ဦးမလား.. ဒုက္ခရောက်ရင် သူတို့ဘယ်လိုတုံ့ပြန်မလဲ.. သေရင်လည်း သေပါစေတော့ဆိုပြီး ဒီတိုင်းငုတ်တုတ်ထိုင်နေမလား..

လောကကြီးမှာ နေချင်စရာကောင်းတယ် မကောင်းဘူးဆိုတာ ကိုယ့်အတွေးနဲ့ ကိုယ်လက်ခံနိုင်တဲ့ အပေါ်မှာပဲ မူတည်တယ်နော်.. ကျွန်မတော့ အသက် ၃၀ မပြောနဲ့.. အသက် ၆၀ လောက်ထိ လောဘတွေရှိဦးမယ် ထင်တယ်.. အဟုတ်ပြောတာပါ

ကျွန်မအတွက် အသက်ရှင်ချင်လောက်အောင် ဆက်ထားပေးတဲ့ ကြိုးတွေရှိနေသေးတယ်.. ရှိလည်းရှိဦးမှာပဲ.. AVATOR ထဲကလိုဆိုရင်တော့ Tsahaylu (ဆာဟေးလူး) တွေရှိနေတယ်ပေါ့နော်...
(( Tsahayl ရဲ့တကယ့်ဆိုလိုရင်းကတော့ အဲလိုမဟုတ်ဘူး.. ကျွန်မက တစ်ခုနဲ့တစ်ခုကို ဆက်စပ်လိုက်တဲ့ဖြစ်ရပ်ကိုပဲ ပြောချင်တာပါ.. ပြောရရင်တော့ ပါးစပ်ထဲရှိရာ ထည့်ရေးလိုက်တဲ့သဘော အဟက် =P ))


Saturday, April 17, 2010

ကျွန်မနဲ့တောင်ကြီးနှစ်သစ်

အတက်နေ့တုန်းက သိပ်မကဲလိုက်ပါဘူး.. ညနေပိုင်းရှိုးပွဲသွားလိုက်သေးတယ်.. လေးဖြူကြီးပဲ မှီတယ်လေ.. စိတ်ထဲမှာလည်း ထိုင်းထိုင်းမှိုင်းမှိုင်းကြီး.. ညနေကျတော့ မိုးရွာတယ်.. စိမ့်ပြီးတော့ကို အေးနေရောပဲ.... နေလို့ကောင်းလိုက်တာ.. ရှိုးပွဲမသွားဖြစ်တော့ဘူးဆိုပြီး ရောက်သွားသေးတယ်.. ပျင်းစရာကြီးပါ.. တောင်ကြီး စတိတ်ရှိုးက ကဲလို့မကောင်းသလိုပဲ.. စိတ်မပါတော့တာနဲ့ မယ်ညီရယ် အိဖူးရယ် ချစ်ဘော်ဒါ ငမိန်းရယ်.. အောက်ပန်းခြံမှာ သွားထိုင်နေကြတယ်.. အဲ သွားအိပ်နေတယ်ပြောရင် ပိုကောင်းမယ်ထင်တယ်.. အိဖူးက အိပ်နေတာကိုး...

နှစ်ဆန်းတစ်ရက်နေ့လေးပေါ့ကွယ်.. မနက်နိုးတော့ အိမ်ကလူကြီးတွေ ကလေးတွေနဲ့ ဘုန်းကြီးကျောင်းတက်ဖြစ် တယ်.. သွားကြတဲ့လူတွေမှ အများကြီးပါပဲ.. အတက်နေ့တုန်းက ဆိုင်ကယ်တ၀ီးဝီးနဲ့ လျှောက်လည်နေကြတဲ့ ကောင်လေးကောင်မလေးတွေကိုလည်း သူသူကိုယ်ကိုယ် ဘုန်းကြီးကျောင်းလမ်းတလျှောက်မှာ တွေ့ရတယ်.. အိဖူးတို့က မြစိမ်းတောင်က ဘုန်းကြီးကျောင်းနဲ့ ဥာဏ်တောကျာင်းကိုတက်ဖြစ်တယ်.. ရွှေဘုန်းပွင့်ကို ဆက်သွား တာ မရတော့လို့.. တောင်တက်လမ်းဖြစ်နေတော့ လမ်းတွေတအားပိတ်နေတယ်ရော..

ပြီးတော့ စူဋ္ဌာမုနိဘုရားကိုရောက်သွားသေးတယ်.. ရောက်ဖူးပြီးသားဖြစ်ပေမယ့် ဓါတ်ပုံကတော့ မရိုက်ပဲ မနေနိုင်ဘူး.. အဟဲ.. အိမ်က ကလေးလေးနဲ့ရိုက်ထားတဲ့ပုံလေးကို တော်တော်ကြိုက်နေတယ်.. ကလေးလေး နာမည်က အိုင်အုတဲ့..

အဲ့ကောင်လေးက ဓါတ်ပုံရိုက်မယ်ဆိုရင် တအားစတိုင်ထုတ်တတ်တာ.. အိမ်က ကလေးတွေအားလုံး ချစ်စရာတွေပဲ.. အားကျလိုက်တာ သိလား..

ပျော်အောင်တော့ နေနေပါတယ်.. တောင်ကြီးကိုချစ်လို့ တောင်ကြီးကနေ ဒဏ်ရာတွေမသယ်သွားချင်ဘူး.. အဲဒါ တကယ်ပါ.. ပျော်မှဖြစ်မယ်.... စိတ်ညစ်စရာတွေ တောင်ပေါ်မှာပဲထားခဲ့မှ ဖြစ်လိမ့်မယ်နော်.. တိုက်ခတ်နေတဲ့ လေထဲမှာပဲ လွှင့်ထုတ်လိုက်ပါတော့မယ်.........။


Friday, April 16, 2010

စိတ်သက်သာရာရမလား

တောင်ကြီးမှာ.............

ဒီနေ့အတက်နေ့...... ရန်ကုန်မှာတော့ အခြေအနေဘယ်လိုလည်းမသိဘူး.. ဒီနေ့တော့ နေ့လည်ခင်းတွေ မလည်စဖူး လျှောက်သွားနေလိုက်သေးတယ်.. တည်းတဲ့အိမ်က ကလေးလေးတွေ လမ်းသွားလမ်းလာတွေကို ရေပက်တာကို တစ်အိမ်လုံးထိုင်ကြည့်ပြီး ရယ်လိုက်ရတာ... အရှေ့ဖက်လမ်းက ကလေးတစ်ယောက်ဆို အတော်ဆိုးတယ်သိလား.. ဆိုင်ကယ်မှောက်သွားတာကို သူကရေသွားပက်နေလိုက်သေးတယ်.. ရေနစ်သူကို ဝါးကူထိုးတာပဲ.. ကလေးတွေပဲ ကောင်းပါတယ်.. ရေပက်ဖို့ကလွဲဖို့ ဘာမှမသိ.. အိမ်ရှေ့မှာလည်း ကလေးတွေ ဆော့ထားတဲ့ ရေတွေနဲ့ လမ်းကလေးလည်း စိုရွှဲလို့..။

Wednesday, April 14, 2010

ရူးနှမ်း

သွားစမ်းကွာ..................................................

Sunday, April 11, 2010

Baby Dog

ဒီနေ့ကျွန်မတို့တောင်ကြီးတက်မယ့်နေ့... မပျော်ပါဘူး.. ဘာလို့လည်းဆိုတော့ ကျွန်မတို့ခွေးလေးတွေ သူများကို ပေးလိုက်ရတယ်.... သေသေချာချာ ကောင်းကောင်းမွန်မွန် မွေးမည့်လူတွေကို ပေးလိုက်ရတာပေမယ့် လည်း စိတ်ထဲမှာတော့ “ငါ့သားလေး”ရယ်လို့တွေးမိပြီး မျက်ရည်ကျရတယ်.... ကျွန်မတို့အိမ်အပြောင်းအရွှေ့ ကိစ္စတွေကြောင့်သာ ပေးလိုက်ရတာ.. မဟုတ်ရင် ပေးဖြစ်မှာမဟုတ်ဘူး.. ငါးကောင်လုံးကို သူတို့အဖေအမေနဲ့ တူတူပဲ နေစေချင်တာ....

စက္ကူကတ်ပုံးလေးထဲကို ထည့်လိုက်ရင်း “တာ့တာနော်.. ကောင်းကောင်းနေ”လို့ နှုတ်ဆက်လိုက်ရင်းကနေ လာကြည့်နေတဲ့ မျက်လုံးတောက်တောက်ကလေးတွေ.. တဆက်တည်း ခုန်ပေါက်ဆော့နေတဲ့ပုံလေးတွေ.. နောက်ထပ်ခဏခဏမတွေ့ရတော့ဘူး... အခုကိုပဲ ချက်ချင်းလွမ်းနေပါပြီ......

Wednesday, April 7, 2010

ကလေးတို့အဖေ

ကာလကြာတဲ့ ကြာသပတေးနေ့တစ်ရက်လေးမှာ အိမ်က တို့ဘဂျမ်းတစ်ယောက် ကလေးအဖေဖြစ်သွားလေရဲ့.. “တို့ဘဂျမ်း” ဆိုတာကြီးကို သိတဲ့လူတွေလည်း သိကြမှာပါ.. အိဖူးတို့အိမ်က အင်မတန်ချစ်ရပါသော ခွေးကလေးပေါ့.. ဘဂျမ်းအကြောင်းကို ပို့စ်လုပ်ရေးဖို့ အကြိမ်ကြိမ်တွေးမိပေမယ့် ဘယ်ကနေစရေးရမှန်း မသိဖြစ်နေခဲ့တာ.. အခုတော့ ဒီကောင်ကြီး ကလေးငါးယောက်အဖေဖြစ်တဲ့အကြောင်းနဲ့ စရေးလိုက်ပါပြီ..

ဘဂျမ်းကို အိမ်စခေါ်လာတော့ လသားအရွယ်လေး.. နို့ပြတ်ခါစအရွယ်ပေါ့.. ခေါ်လာတုန်းက ဘဂျမ်းတစ်ကောင် တည်းမဟုတ်ဘူး.. သူနဲ့မောင်နှမတော်တဲ့ ခွေးမလေးတစ်ကောင်ပါသေးတယ်.. နာမည်ကတော့ “ကြာညို” တဲ့.. ကြာညိုလေးက သက်ဆိုးမရှည်ဘူး.. အိမ်မှာနေတာ တစ်လလောက်ပဲကြာပြီး သေသွားတယ်.. အဲဒိတော့ ဘဂျမ်းတစ်ကောင်တည်းဖြစ်သွားပါလေရော..

တကယ်တော့ ဘဂျမ်းဟာ ခွေးတစ်ကောင်မဟုတ်ဘူး.. မိသားစုဝင်တစ်ယောက်.. သမီးနှစ်ယောက်နဲ့ပဲ နေခဲ့တဲ့အိမ်မှာ သားတစ်ယောက်ရောက်လာသလိုပဲ.. ကျွန်မတို့မေမေက ဘဂျမ်းကိုအရူးအမူးချစ်တာပါ.. ဘဂျမ်းရောက်လာတော့ ကျွန်မမှာ နေရင်းထိုင်ရင်း အငယ်ဆုံးဆိုတဲ့ဂုဏ်ပုဒ်ကို အလုခံရသေးတယ်.. အရင်တုန်းက မေမေက ကျွန်မကို “ကလေးလေး” လို့ခေါ်လေ့ရှိတယ်.. ဘဂျမ်းရောက်လာတဲ့အချိန်မှာတော့ “ကလေးလေး” ဆိုတဲ့အသုံးနှုန်းဟာ ကျွန်မအတွက် မဟုတ်တော့ဘဲ ဘဂျမ်းအတွက်သာဖြစ်သွားပါတယ်.. “ကလေးလေး” “သားကလေး” “ဂျမ်းဂျမ်း” အခေါ်ပေါင်းစုံလင်စွာနဲ့ မောင်ဘဂျမ်း.. အဲလိုချစ်စနိုးနဲ့ခေါ်လိုက်ရင် သူ့ကိုခေါ်လို့မို့လို့ပဲ သိတယ်.. ရောက်ရာအရပ်ကနေ ပြေးလာတတ်တယ်.. ကျွန်မတို့ကတော့ စိတ်ပေါက်ပေါက်နဲ့ “ချွဲဘဂျမ်း”တို့ “ဂျမ်းတုံးကြီး”တို့ “ချီးထုပ်ကောင်”တို့ အဲလိုခေါ်တာပဲ.. ဘယ်လောက်ပဲ စိတ်ပေါက်ပေါက် စိတ်ကောက်တတ်ပြီး မကျေနပ်ရင် မျက်စောင်းထိုးတတ်တဲ့ ကျွန်မတို့ရဲ့ဘဂျမ်းကြီးကတော့ အိမ်မှာ အမြဲမင်းသားပါပဲ..

ဘဂျမ်းမှာ အင်မတန်ထူးချွန်ပြောင်မြောက်တဲ့ အရည်အချင်းတစ်ခုရှိသေးတယ်.. ဘာလဲဆိုတော့ အစုံစားတာပဲ.. ထမင်းဟင်းသာ ဂျီးများတာ.. သရေစာမုန့်ဆိုရင်တော့ ဘာလာလာပဲ.. “ရေခဲမုန့် ချောကလက်” ဒါလောက်တော့ထား.. တခြားခွေးတွေလည်းစားတယ်.. “နေကြာစေ့ သရက်ပြင်” အင်း ဒါတော့ထူးဆန်းလာပြီ.. “ထောပတ်သီးဖျော်ရည် မချစ်စုသရက်သီး” အမ်မယ်လေး မကျွေးရင် မျက်လုံးကြီးပြူးပြီး အရှေ့ကနေ ထိုင်ကြည့်နေတတ်တာ.. အကောင်းတော့ မမှတ်နဲ့နော်.. အဲဒါတွေကို သူကစိတ်ပုတ်ပြီးစားတာ.. သိကြရဲ့လား..ကျွန်မတို့တွေစားရင် သူလည်းစားမယ်ဆိုတဲ့ အထာပေါ့..

စိတ်ပုတ်ပြီး ဘဝင်မြင့်တတ်တဲ့ မောင်ဘဂျမ်းကြီးတစ်ယောက်ကတော့ သူ့ကိုယ်သူခွေးမှန်းမသိတော့ဘူးလေ.. အခုဆိုရင် အိမ်နားမှာမွေးထားတဲ့ အိမ်ခွေးတွေအများကြီးပဲ.. ဒါပေမယ့်လည်း အတူတူဆော့တာတွေဘာတွေ မရှိဘူး.. ဘဂျမ်းတို့ကတော့ ကျွန်မတို့ကိုချွဲရင်းနဲ့ပဲ ပြီးနေတာပဲ.. အခုတော့ ဒင်းလည်း ကလေးအဖေဖြစ်ပြီ.. ကလေးအဖေကြီးက ဟိုးအရင်ခေတ်ကလိုမျိုးအဖေအတိုင်းပဲ.. ကလေးတွေကို အနားကပ်မခံဘူး.. အခုခေတ်လူကြီးတွေ ပြောကြတယ်မလား.. ရှေးခေတ်လူကြီးတွေက ကလေးတွေကို ထုတ်မချစ်ပြတတ်ဘူး ဆိုတာလေ.. ဘဂျမ်းက သူ့ကလေးတွေအတွက် အဲလိုအဖေမျိုးကြီး.. ဂွတီးဂွကျကြီးပေါ့.. တကယ်ကို ရှမ်းဘောင်းဘီကောင်.. ကလေးအဖေသာဖြစ်တာ သူကိုယ်တိုင်မှာတော့ ကလေးလုပ်လို့ကောင်းတုန်းပဲ..

အခြေအနေတွေ ဘယ်လိုပြောင်းပြောင်း မွေးရာပါ“ချွဲရောဂါ”ကတော့ ပြောင်းမယ်မထင်ဘူး.. အဲလို ချစ်ဖို့ကောင်းတဲ့ ကျွန်မတို့ဘဂျမ်းပါ.. နောက်ကြုံလို့ အိမ်လာလည်ရင် မိတ်ဆက်ပေးမယ်နော့...။

Friday, April 2, 2010

၁၉ နှစ် အိဖူး

ငါလွင့်ပစ်ခဲ့ပြီ မိုက်မဲနေမှုများ.. ဖြူစင်ဆေးကြောဖို့ အချိန်တန်ပြီ.....

ယုံပါ

သီချင်းလေးတစ်ပုဒ်အကြောင်းကို ရေးပြမယ်.. ကိုအောင်ရဲ့ “ယုံပါ” ဆိုတဲ့သီချင်းလေးပါ.. ကိုအောင့်ကို သိတဲ့လူတွေ သိကြမယ်ထင်တယ်.. လမ်းဆုံအခွေထဲက ဟန်ထွန်းဆိုထားတဲ့ “အရင်ကဇာတ်လမ်း” ကိုဖန်တီးပေးသူဆိုရင် သိမှာပေါ့နော်.. နောက်ထပ် “ကြယ်တွေစုံတဲ့ည” “အလင်းဆိုင်ရဲ့သီချင်း” တို့တွေဆိုလည်း ကိုအောင့်သီချင်းတွေပါပဲ.. တကယ်တော့ ကိုအောင်က သီချင်းရေးသူတင်မဟုတ်ပါဘူး.. ဆိုလည်းဆိုတယ်.. အသံမှန်မှန် လေးလေးနဲ့ ထူးခြားမှုမရှိသလိုထင်ရတဲ့ ကိုအောင့်အသံကိုတော့ ကျွန်မအရမ်းကြိုက်တာပဲ.. ကိုအောင့်သီချင်းတွေကို စနားထောင်ဖူးတာ သိပ်မကြာသေးဘူး.. ကျွန်မအသက် ဆယ့်ခြောက်နှစ်လောက်က စနားထောင်ဖူးတာပဲ.. ဘာအခွေလည်းတော့ မသိဘူး.. ကိုအောင့်သီချင်း တွေချည်းပဲ.. စီဒီပေါ်မှာရေးထားတော့ “ကိုအောင်” တဲ့.. ဒါပဲပါတယ်.. အဲတော့အလွယ်မှတ်ထားလိုက်တယ်.. “ကိုအောင့်အခွေ”ရယ်လို့ပေါ့.. တင်ဇာမော်နဲ့ တွဲဆိုထားတဲ့သီချင်းလည်း ကြိုက်တာပဲ.. “အလင်းဆိုင်ရဲ့သီချင်း” လည်းပါတယ်.. အဲဒိသီချင်းကိုတော့ ထူးအိမ်သင်ဆိုတာကို ပိုကြိုက်တယ်..

ကိုအောင်က အရင် အယ်နောင်း၊ အောင်ဘုနဲ့တူတူ “မှန်အိမ်လေး” ဆိုတဲ့စီးရီးတစ်ခွေထွက်ခဲ့ဘူးတယ်.. သိပ်တော့မပေါက်ခဲ့ဘူး (ထင်တာပဲ).. ဒါပေမယ့် အဲဒိထဲကသီချင်းတွေက တကယ်ကိုကောင်းပါတယ်.. အခုရေးမယ့် “ယုံပါ” က မှန်အိမ်လေးအခွေထဲက သီချင်းလေးပါ..

သီချင်းစာသားလေးတွေကတော့ ဒီလို....

လာသွားကြစို့ ချစ်သူရေ ခရီးကို အတူမင်းနဲ့ ဘဝကိုလက်တွဲလို့ ဖန်ဆင်းလိုက်ချင်တယ်
အလှဆုံးပြုံးလိုက် ချစ်သူရေ အဝေးမှာ ကိုယ်နဲ့မင်းရဲ့အတိတ်ကို မေ့ထားလို့ အနာဂတ်သစ်ဆီကို
ပျော်ပျော်ရွှင်ရွှင်သွားကြမယ် အကြင်နာတွေကို တစ်သက်လုံးအတွက်
ဒဏ်ရာတွေကို တွေးမကြောက်နဲ့ ရင်ဆိုင်နိုင်မယ် အကုန်လုံးနဲ့ တစ်ယောက်တည်း အချစ်ရေ
ရင်မှာ ငါမင်းတစ်ယောက်တည်း ဒါကိုမပြောင်းလဲဘူး ယုံပါ
ရင်မှာ ငါမင်းတစ်ယောက်တည်း ဒါကိုအကြွင်းမဲ့မင်းယုံပါ
ရင်မှာ ငါမင်းတစ်ယောက်တည်း ငါဟာမင်းလေးတစ်ယောက်ကိုပဲ

စာသားကတော့ ဒါပဲလေ.. သီချင်းလေးက ချစ်စရာလေး.. ပြီးတော့ စိတ်ကူးယဉ်ချင်စရာ.. ကျွန်မလည်း တကယ်ချစ်ရတဲ့သူရှိလာရင် အဲဒိသီချင်းကို အဲ့လူကိုဆိုပြမိမယ် သိလား.. သီချင်းလေးကို ချစ်လွန်းလို့လေ.. နောက်ထပ်ကြိုက်တဲ့သီချင်းရှိသေးတယ်.. ဒီသီချင်းနဲ့တော့ ပြောင်းပြန်ပေါ့.. “အပြာရောင်လမ်းခွဲ” တဲ့.. အဲ့ဒိသီချင်းကိုတော့ သိပ်မဆိုချင်ပါဘူး.. ကိုအောင်ဆိုပြတာကိုပဲ ပိုနားထောင်ချင်ပါတယ်.. တစ်နေ့တော့ ထပ်ပြီးအခွင့်ကြုံသေးတာပ ကိုအောင်ရေ့..