ခရီးတော်တော်များများကို သွားခဲ့ဖူးပါတယ် .. မိသားစုနဲ့ ဆွေမျိုးနဲ့ အစ်ကိုအစ်မတွေနဲ့ (သူငယ်ချင်းတွေနဲ့တော့ နေ့ချင်းပြန်ခရီး) .. ခရီးအမျိုးမျိုး လူအမျိုးမျိုးပေါ့ .. ဒါပေမယ့် အဖွဲ့လိုက်ကြီး လူတွေရုန်းစုရုန်းစုနဲ့ တစ်ခါမှမသွားခဲ့ဖူးဘူး .. အရင်ခရီးတွေတုန်းကလည်း ပျော်ခဲ့ရပေမယ့် ၂၉ ရက်နေ့က ဘလော့ဂါတွေ စုစုစည်းစည်းသွားခဲ့ရတဲ့ “ပြည်”မြို့ သရေခေတ္တရာ လေ့လာရေးခရီးကတော့ စိတ်ထဲမှာပျော်ခဲ့ရ တယ် ဆိုတာထက် ပိုပါတယ် ..
ဒီခရီးစဉ်ရှိမှန်း စသိရတုန်းက လိုက်ချင်ပေမယ့် သိပ်စိတ်မပါခဲ့ဘူး .. ဘာလို့လည်းဆိုတော့ စာမေးပွဲနီးနေတာကြောင့်ရယ် .. ကိုယ်နဲ့သိတဲ့လူနည်းတာကြောင့်ရယ်ပေါ့ .. လူတွေအများကြီးပါမယ် ကိုယ့်လူအရင်းခေါက်ခေါက်ကြီး ဒေါ်နန်းညီပါတယ်ဆိုပေမယ့်လည်း သူပြောပြတဲ့တခြားလူတွေဆိုတာ အိဖူးနဲ့တော်တော်ဝေးတဲ့လူတွေကိုး .. အိဖူးက ဘလော့ဂါအသစ်စက်စက် (နည်းနည်းတော့ အသစ်စက်စက်) ဆိုတော့ သူပြောတဲ့လူတွေကိုကြားရပြီး လိုက်ရမှာရှိန်တယ်လေ .. (မီးကကြောက်တတ်တယ်ချင့်) .. နောက်တော့ ကိုယ့်လူတွေဖြစ်တဲ့ Little Brook, Andy, ကိုဂျဲတို့ပါ လိုက်မယ်ဆိုမှတော့ စိတ်ပါလာတယ် .. နောက်ပြီး အရင်ဘယ်ခရီးသွားသွား တူတူသွားလေ့ရှိတဲ့ အစ်မဝမ်းကွဲ မြတ်နိုးပါပါလာတော့ ပိုကောင်းသွားရော .. အဲဒါနဲ့ပဲ စာရင်းသွင်းပြီး ခရီးစဉ်ထဲဝင်လာတော့တာပဲ ......
စနေနေ့က အိဖူးကကျူရှင်ရှိတယ် .. မနက် ၈ နာရီကနေ ညနေ ၅ ခွဲထိပါ .. မနက်ခင်း ကန်တော်ကြီးပွဲလည်း သွားချင်ပေမယ့် ကျူရှင်ကြောင့် မသွားဖြစ်ခဲ့ဘူး .. ဒီလိုနဲ့ ကျူရှင်ဆင်းတော့ မြတ်နိုးအိမ်မှာ နန်းညီနဲ့ဆုံပြီး စုရပ်ဖြစ်တဲ့မြေနီကုန်းကိုချီတက်ခဲ့ကြတယ် .. မြေနီကုန်းရောက်တော့ လူတွေက အိဖူးတို့ကိုဝိုင်းကြည့်ကြတယ် .. အိဖူးတို့ကတော့ အစကမသိဘူးလေ “ဘာလဲဟ” ပေါ့ .. နောက်မှ အင်္ကျီဆင်တူတွေကြောင့်ဆိုတာ သိရတယ် .. အနားကဖြတ်လျှောက်သွားတဲ့လူတွေက “ဒီနေ့ဒါမျိုးအင်္ကျီတွေနဲ့ နေရာအနှံ့ပဲ” ဆိုတဲ့ တီးတိုးသံတွေကြားရတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပြုံးမိကြတယ် .. ခရီးကိုမသွားခင်ကတည်းက စိတ်ထဲမှာ “ဒီခရီးဟာထူးခြားမှာ” ဆိုတဲ့ခံစားချက်လေးဝင်နေခဲ့တယ် .. အလိုလိုနေရင်း ပြုံးမိနေတယ် .. အားရနေတယ် ..
ဒီလိုနဲ့ ခရီးစဉ်ကြီးစတင်ခဲ့တယ် .. မှော်ဘီနားရောက်တော့ ကားသမားနဲ့ နည်းနည်း ကတောက်ကဆ ဖြစ်ရပေမယ့် နောက်ကျတော့အကုန်အေးဆေးပါပဲ .. ကားပေါ်မှာလည်း ဆူညံလို့ .. ဒီအရွယ် ဒီလမ်းကြောင်းပေါ်က ဒီလူတွေကြီးပဲဆိုတော့ ဒီလိုပဲလာမှာပေါ့လေ .. တစ်ယောက်နဲ့တစ်ယောက် ခေါ်ပြောသံတွေ သီချင်းအော်ဆိုနေသံတွေ စကားပြောသံတွေ ရယ်သံတွေနဲ့ .. အိုး ရင်ထဲမှာ လှုပ်ရှားနေ လိုက်တာ .. အိပ်လို့လည်းမရပါဘူး .. သူများတွေက ဒီလောက်ဆူညံနေတာ ဒီလောက်စကားပြောနေတာ .. မနက်ကတည်းက ကျူရှင်မှာပင်ပန်းလာလို့ “ကားပေါ်ရောက်ရင် အိပ်ပစ်မယ်” ဆိုပြီး တွေးထားတဲ့အတွေးလေး လည်း ဝေးဝေးပြေး ..
ပဲခူးနားက ဆိုင်တစ်ဆိုင်မှာ စရပ်တယ် .. ကြည့်ရတာတော့ ဘီယာဆိုင်လိုလိုပါပဲ .. စင်တင်တေးဂီတပွဲနဲ့ ဘာနဲ့ ဟိဟိ .. ကောင်မလေးတွေက သီချင်းတွေဆိုလို့ ... ထမင်းကြော်မှာပေမယ့် အဲ့ထမင်းကြော်ဘူးက အိဖူးတို့တွေ ကားပေါ်ရောက်မှ ဆိုင်ကအပြေးအလွှားလာပေးတယ် .. စားရတာကံကောင်းပဲ .. နောက်တစ်ခု ကံကောင်းသေးတယ် .. ဒေါ်နန်းညီက ဇွန်းခိုးလာပေးလို့ အဆင်ပြေပြေစားလို့ရတာပေါ့ .. ခွိ ခွိ .. ကျေးဇူးပါ မယ်ညီရေ့ ... သူခိုးလာတဲ့အကြောင်း ဘယ်သူ့ကိုမှမပြောနဲ့နော် .. ပြောရင် “နန်းညီ ဇွန်းသူခိုး”မှန်း လူသိကုန်မယ် ရှုးတိုးတိုး .. XD
ကားစီးရတာ အေးအေးဆေးဆေးပါပဲ .. အသွားဆိုတော့ လူတွေက အားအင်ပြည့်ဝတယ်ထင်ပါ့ .. နေရာမရတဲ့လူတွေကလည်း အေးဆေး မတ်မတ်ပဲ .. လက်ပံတန်းနားကဆိုင်မှာ ထပ်ရပ်ပေးပြီးတော့ တောက်လျှောက်ပဲမောင်းသလား ဘာလား .. (အိပ်နေလို့ သိပ်မမှတ်မိ) .. ပြည်မြို့ ရွှေဆံတော်ဘုရားကို ရောက်မှပဲ နိုးတော့တယ် .. လူကလှုပ်လို့မရပါဘူးလို့ ကြည့်လိုက်တယ် .. လားလား ကိုဂျဲရယ် .. ကိုယ့်ညီမလေးကို ရက်ရက်စက်စက် .. အိဖူးပေါင်ပေါ်ကို သူ့ခြေထောက်ကြီးပစ်တင်ပြီး အားပါးတရကြီး အိပ်နေလေရဲ့ .... ဘုရားမှာ မျက်နှာသစ် သွားတိုက်ကြ .. ပန်းတွေဝယ်ပြီး ဘုရားပေါ်တက် ဘုရားဖူးကြ .. ဓါတ်ပုံတွေ ရှယ်ရိုက်ကြ .. ဗိုက်ဆာတော့ ဂေါပကရုံးခန်းနား ယောင်လည်လည်သွားလုပ်ကြနဲ့ ပျော်စရာပဲ .. ဘုရားပေါ်ကလူတွေကလည်း ကွက်ကြည့်ကွက်ကြည့်နဲ့ ..(ဒါမျိုးတွေက ရိုးသွားပြီ ကြည့်ကြပေါ့) .. နောက်တော့ နာမည်ကျော် ပြည်မြို့ရွှေဆံတော်ဘုရားက စပါယ်ရှယ်စမူဆာလေးနဲ့ ဗိုက်အလိုဖြည့်ကာ အလှူငွေသုံးသောင်း ခုနှစ်ထောင်နဲ့မှ တစ်ရာကို လှူဒါန်းခဲ့ကြလေသည် ..
နောက်တော့ နဝဒေးတံတားကြီးကိုဖြတ်ကျော်ကာ ရွှေဘုံသာမုနိဘုရားဖူး .. ဧရာဝတီမြစ်ကြီးကို နှုတ်ဆက်ပြီး ခရီးစဉ်ရဲ့အခရာဖြစ်တဲ့ သရေခေတ္တရာမြို့ဟောင်းကြီးကို ထွက်ခွာခဲ့ကြပါသည် .. (သမိုင်းဆရာကြီး ဂျူဝဿန်ပြောတဲ့ “သရေခေတ္တရာသမိုင်းကြောင်း” ကိုအမြဲသတိရနေမည်) ပြတိုက်မှာလေ့လာ .. အရိုးအိုးကြီးတွေထဲ ခေါင်းထိုးကြည့် .. ပြတိုက်ရှေ့ကလမ်းလေးမှာ အဖွဲ့လိုက်ပုံကို ဓါတ်ပုံရိုက် .. “ဘောဘောကြီး”ဘုရားကိုရောက်တော့ မိုးလေးနည်းနည်းရွာလာတယ် .. နည်းနည်းဆိုမှ နည်းနည်းရယ် .. ပြီးတော့ ခဏလေးပါပဲ .. ဘုရားကြီးရဲ့ထယ်ဝါခန့်ညားမှုကိုအံ့သြရင်း လေလေးတဖြူးဖြူးကို ခံစားနေမိတယ် .. နောက်ကျမှ လူတွေအကုန်လုံး မြို့ဟောင်းထဲလျှောက်ကြည့်နေကြပြီမို့ နောက်ကနေ အိဖူးရယ် ကိုဂျဲရယ် အန်ဒီရယ် မြတ်နိုးရယ် သုတ်သုတ်, သုတ်သုတ်နဲ့လိုက်ရတယ် .. အင်ကြင်းကျောက်တူးသူများကလည်း ရေစက်ဆုံတယ် .. အပြန်မှာတူးတဲ့ကျောက်ကို အင်တိုက်အားတိုက်ဝင်ပြီး ဝါးတုတ်ချောင်းနဲ့တူးခဲ့သေးတယ် .. လက်တွေတောင်ပေါက်လို့ ..ပြီးတော့ ကားပေါ်မှာကျန်ခဲ့တယ်တဲ့ (ဟွန့်) ..
နေ့လည်စာကို အဝေးပြေးကားရပ်ကွင်းထဲက ဆိုင်လေးမှာ ဖြစ်သလို ဗိုက်ပြည့်ခဲ့ရတယ် .. ဒီချိန်မှာ ဘာစားစားဝင်မယ့်ဗိုက်ကလည်း စားကောင်းနေတာပဲ .. ဒါတောင် နောက်ဆုံးကျန်နေတဲ့ ထမင်းနှစ်လုတ်က စားမရဘဲ လည်ချောင်းမှာနင်နေလို့ ရေနဲ့မျှောချရသေး .. ထမင်းစားပြီးတော့ “ရွှေနတ်တောင်” က ရှုခင်းကြီးမှာ စီးမျောရင်း ဓါတ်ပုံရိုက်ရင်း အနားယူခဲ့ကြတယ် .. ဘုရားကအလှူပြုတဲ့ သာကူကြိုကျဲကျဲလေးကလည်း သောက်လိုက်ရသေးတယ် .. ဘုရားပေါ်ကဆင်းပြီး ဘယ်သွားကြမလဲတိုင်ပင်နေကြတာလည်း တော်တော်ကြာတယ် .. နောက်ဆုံးတော့ ရေပြာကိုသွားကြမယ်တဲ့ .. ဘုရားပွဲနဲ့ကြုံတယ်တဲ့ .. အိုး ဘယ်သွားသွား အိဖူးတို့ကလိုက်ပြီးသားပဲ .... (အင်းလေ မလိုက်ဘဲနဲ့ နေခဲ့လို့လည်း ရမှမရတာ)
ရေပြာကိုသွားတဲ့လမ်းကတော့ လည်ချောင်းအနာဆုံးပဲ .. ကားပေါ်မှာ တစ်ဖက်ရဲ့သီချင်းအဆုံးကို နောက်တစ်ဖက်က ပြန်စဆိုရတဲ့ဂိမ်းဆော့ကြတာလေ .. ပြိုင်ငြင်းပြီး အကုန်ကြားအောင် အော်ရတော့ လည်ချောင်းနာတာပေါ့ .. အဲလိုဆော့လိုက်ကြတာ ရေပြာက စားသောက်ဆိုင်တစ်ဆိုင်ကို ရောက်တဲ့ထိပဲ .. ဆိုင်ရောက်တော့ နားပြီး လက်ဆောင်လဲဖို့ မဲနှိုက်ကြ .. အိဖူးက ဘာမှမပေါက်ပေမယ့် ဓါတ်ပုံရိုက်ခံရမယ့် မဲပေါက်တဲ့လူနောက်လိုက်ပြီး လယ်ကွင်းအလှကိုသွားလိုက်ကြည့်တာ အိဖူးနဲ့ မြတ်နိုးရယ်ပေါ့ .. ပြီးတော့ မနေနိုင်ဘူး .. အိဖူးတို့ပါ ဓါတ်ပုံဝင်ရိုက်တာပဲ .. လယ်ကွင်းထဲမှာ အပြေးလေ့ကျင့်ခဲ့ရသေးတယ် .... (ကျေးဇူး တင်ပါတယ် ကိုလင်းဆက်နဲ့ ကိုစိုးဇေယျ) .. အို သိပ်လှတဲ့ဓါတ်ပုံတွေနော် ....... ငှဲ ငှဲ
ပြီးတော့ ရေချိုးတဲ့လူကချိုး .. ရေချိုးချင်ယောင်ဆောင်တဲ့လူကဆောင် .. မချိုးတဲ့လူကမချိုးနဲ့ .. ညစာစားကြ သောက်ကြ .. ပေါင်းတည်ဘုရားပွဲကို ရှစ်နာရီလောက်ရောက်ပြီး ဘုရားမှာ နောင်လာဦးမယ့် အစီအစဉ်တွေ အတွက် တိုင်ပင်ပြီး ဘုရားရှိခိုး(ဆုတောင်း)ခဲ့ကြပါတယ် .. ဘုရားကဆင်းလာတော့ ရင်ထဲမှာတစ်မျိုးကြီး .... “အော် ဒီခရီးငါသွားခဲ့ပါလား” လို့ကျေနပ်ပျော်ရွှင်စွာ တွေးနေမိသလိုလို .. “အင်း ရန်ကုန်ပြန်ရတော့မယ်” လို့ပဲ ခရီးစဉ်ပြီးသွားတာကို နှမြောနေသလိုလို .. “နောက်ခရီးတွေအတွက် ပိုက်ဆံစုရမယ်” လို့ မလိုက်ဖြစ်မှာစိုးလို့ ပူပန်နေသလိုလို .. ဘာမှန်းကိုမသိပါဘူး ... ကားပေါ်ရောက်တော့လည်း မေ့သွားရော .. ဘယ်သူမှလည်း မမတ်နိုင်တော့ဘူး .. ခုံတွေမှာ သုံးယောက်တွေ ကျပ်တည်းကျပ်တောက်ထိုင်ပြီး မရမကအိပ်ရတော့တာပဲ .. (အီးယား ခါးနာလိုက်တာ) .. ကိုလင်းဆက်တို့ ကိုစိုးဇေယျတို့ရဲ့ သရဲပုံပြင်တွေတောင် နားမထောင်နိုင်တော့ဘူး .... လက်ပံတန်းကဆိုင်လေးမှာ ကားရပ်တော့ ဆီထမင်းနဲ့ငါးကြော်တွေစားကြသေးတယ် .. ပြန်တက်တော့လည်း အိပ်တာပဲ .. မရတော့ဘူး သိပ်ပင်ပန်းပြီကွယ် ... အိပ်ပြီ ... Zzzzzzzz .......
နိုးတစ်ဝက် အိပ်တစ်ဝက်ပါပဲ .. အနားမှာ မအိပ်ပဲ စကားများနေကြတဲ့တစ်ဖွဲ့ရှိသေးတယ် .. အစ်ကိုတော် ကိုဂျဲရယ် .. နောက် ကိုအရုပ်ကလေးလား ကိုသားကြီးလားမသိဘူး .. တခြားလူသုံးယောက်လောက်ရှိဦးမယ် .. အသံတွေလည်း ဝိုးတဝါးပဲ .. သေချာတော့သိဘူး .. ဟာသတွေပြောနေကြတယ်ထင်တယ် .. (ဟုတ်ကြလား ဟင်) ..
ရန်ကုန် မြေနီကုန်းပွိုင့်ရောက်မှပဲ နိုးတော့တယ် .. အထုပ်တွေ တောင်ဆွဲမြောက်ဆွဲနဲ့ ကားပေါ်ကနေ ဘယ်လို ဆင်းလာပြီး ဘယ်လိုအိမ်ရောက်သွားလဲမသိတော့ဘူး .. ဘယ်သူ့ကိုမှလည်း နှုတ်မဆက်ခဲ့မိဘူး ... (ခုနှုတ်ဆက်မယ်လေ “အိမ်ပြန်ပြီနော် တာ့တာ”)
မနက်ကျတော့ ကျောင်းကိုပြေးရသေးတယ် .. အတန်းထဲမှာ အိပ်ငိုက်လိုက်တာ ရုပ်ပျက်ဆင်းပျက်ပဲ .. ဝှားးးးးးးးးးးး .... အိမ်ပြန်ရောက်လို့ ဓါတ်ပုံတွေပြန်ကြည့်ရတော့လည်း ပိုတောင်ပျော်စရာကောင်းနေသေးလိုပဲ .. ဒါက ဘယ်နားမှာ ဘာဖြစ်လို့ရိုက်လိုက်တာလေ .. ဘယ်သူရိုက်လိုက်တာလေနဲ့ ........... ပြောပြတဲ့ အကြောင်းတွေ နားထောင်ရတဲ့မေမေလည်း နားတွေကိုညီးနေရောပဲ ..
သွားဖြစ်ခဲ့တဲ့ခရီးကို လိုက်ဖြစ်ခဲ့လို့ အရမ်းကျေနပ်နေမိတယ် .. ဒီခရီးမှာ ပျော်တယ်ဆိုတာထက် ကျေနပ်အားရတယ်ဆိုတဲ့ခံစားချက်က ပိုမယ်ထင်ပါတယ် .. နောက်များ ထပ်သွားဖြစ်မယ်ဆိုရင် နီးနီးဝေးဝေး “အိဖူး အဆင်သင့်ပဲ” ပေါ့နော် .........
(လင့်ခ်တွေ မသိတာရှိလို့ မထည့်လိုက်မိတာ အပြစ်မယူကြပါနဲ့ရှင်)

8 comments:
ဤခရီးမနီးဘူးပေါ့ဟာ ဖြစ်နိုင်ရင် ဒီထက်ကိုဝေးပြီး ရက်ကြာမယ့်ခရီးမျိုးထွက်ချင်တယ်
လှပါ့ လှပါ့ ......
ဒေါ်နန်းညီကပြောတယ်..................
ဤခရီး မဝေးဘူး ၂ညနဲ့ တစ်ရက်သွားရ၏ :P
“နန်းညီ ဇွန်းသူခိုး” ဆိုပြီး ငါ့ဘလော့ Dashboard မှာ လင့်ခ်ပြနေတယ် အဟင့်ဟင့်.. :(
တေလေ >> ငါဘာပြောလို့တုန်း
တစ်ရာ စွန်းနေတာ ဘယ်သူ လှုတာ ဆိုလားပဲး)
လုပ်ပြန်ပါပီ နန်းညီဖာသာ ဇွန်းခိုးတာ အပြစ်လား ခွီ ခွီ
ရေချိုးချင်ယောင်ဆောင် ဦးဖိပဲ ဖြစ်မယ်း)
ကိုယ့် အကိုက အားငယ်နေမှာဆိုးလို့ ဒီလောက် ဂရုစိုက်ပေးနေတာကိုး)
ဖတ်ရတာတောင် ပျော်စရာကောင်းတယ်။ ဒါပေမယ့် ရွှေတောင်သားက ပြည်ကို လိုက်ရမှာ ပျင်းစရာကြီး။ :) မလိုက်ဖြစ်တဲ့ ဆင်ခြေပါ။ နောက်တစ်ခါဆိုရင်တော့ အပါ လိုက်ဦးမယ်။ မသိပဲ လေတွေရှည်သွားရင် ဆောရီးပဲဗျာ။
တစ်ရာအစွန်းထွက်တဲ့ကိစ္စက တစ်ရာတန်နဲ့ တစ်ထောင်တန်မှားသွားကြောင်း ကာယကံရှင်က ပြောကြား ..။
ကိုဂျဲ - အားငယ်မှာစိုးလို့ ခြေထောက်ကြီးပစ်တင် ထားတယ်ဆိုပါတော့ ..။
တေလေ၊ နန်းညီ - ဘာတွေပြောနေကြတာတုန်း ..။
ဒီ ညီအမတွေ ပဲခူးဘက်သွားတဲ့ လမ်းကို တော်တော် သဘောကျ ကျတယ်ထင်တယ်... ပဲခူးအထွက်ဆိုတာကြည့်ပဲ ရေးကြတယ်... အကိုတို့က ရန်ကုန် ပြည်လမ်း က သွားတာ... ပဲခူးနဲ့ ဆိုင်ဘူး.. ထောက်ကျန့်မှာကတည်းက လမ်းက ခွဲသွားပြီး။
Post a Comment