Thursday, April 30, 2009

အိဖူးဝါသနာပါသည်

ကဲ ကဲ tag ထားတဲ့သူကျေနပ်အောင် ရေးလိုက်ဦးမှ .. (သို့သော်ညား တစ်ယောက်တည်းရေးရတာအားမရသဖြင့် သူများကိုဒုက္ခနည်းနည်းပေးပါမည် ..) သတင်းကောင်းတွေ ဖြန့်ချီနေတဲ့ ချစ်သူငယ်ချင်းကြီး “မောင်ဖြိုး”နဲ့ အိဖူးကိုများများရေး တိုက်တွန်းနေတဲ့ တို့ကိုကြီးကျော် အဲလေ “ကိုတေလေ” တို့လည်း ဝါသနာလေးဘာလေးပြောပြကြပါဦးနော် ..

စရရင်တော့ ဒီမေးခွန်းက “ရေးပေးပါ”တွေထဲမှာ အမြဲပါလေ့ရှိတဲ့မေးခွန်းပဲ .. အဲ့တုန်းကတော့ “စာဖတ် အခွေကြည့် သီချင်းနားထောင်” လို့အမြဲရေးပေးတတ်တယ် .. အခုမှစဉ်းစားမိတာက အဲ့ဒါဝါသနာမှ မဟုတ်ဘဲနော် .. အားရင်လုပ်လေ့ရှိတာတွေဆိုရင်တော့ မှန်မယ်ထင်ပါတယ် .. ဝါသနာဆိုတာ ကိုယ်အမြဲစိတ်ဝင်တစားလုပ်နေတဲ့အရာတစ်ခုလို့ သူငယ်ချင်းတစ်ယောက်ကပြောတယ် .. အမြဲစိတ်ဝင်စားတာ ဆိုတော့ ဘာများဖြစ်မလဲ .. lemme think .. စဉ်းစားကြည့်တော့ အဟောင်းပြုပြင် အသစ်ဖန်တီးပြုလုပ်ခြင်းဟူ၏ ..

အားနေရင် ပျင်းနေရင် စာအုပ်ဖတ် ရုပ်ရှင်ကြည့်လေ့ရှိပြီး ဖတ်စရာစာအုပ်လည်းမရှိ ရုပ်ရှင်ကြည့်စရာမီးလည်း မရှိတဲ့အချိန်ဆိုရင်တော့ ဟိုလုပ်ဒီလုပ်ပေါ့ .. အိမ်မှာမေမေက အိဖူးတို့ဝတ်တဲ့အိမ်နေရင်းအကျီင်္လေးတွေကို ကိုယ်တိုင်ချုပ်ပေးလေ့ရှိတယ် .. အဲ့တော့ အကျီင်္ဖြတ်ပိုင်းအစလေးတွေ အစကြီးတွေ အထုပ်လိုက်ပေါ့ .. အိဖူးက အဲ့ဖြတ်ပိုင်းအစတွေနဲ့ အရုပ်လေးတွေချုပ် .. ပိုက်ဆံအိတ်ချုပ်နဲ့ .. ချုပ်စရာမရှိရင်ကျတော့ ဆွဲကြိုးတွေလုပ် နားကပ်တွေလုပ် ..

အဲ့ဒါတွေလုပ်တာက ဒီလိုလေ .. ဆွဲကြိုး လက်ကောက်လုပ်တယ်ဆိုတာက ငယ်ငယ်ကကျိုက်ထီးရိုးဝယ်လာတဲ့ (ပုံသိပ်မလှတဲ့)ဆွဲကြိုးအဟောင်း လက်ကောက်အဟောင်းကိုဖြတ် .. နောက်တော့ အိဖူးဆီမှာရှိတဲ့ ပုတီးစေ့တချို့နဲ့ mix လုပ်ပြီး နောက်ထပ်အသစ်တစ်ကုံးလုပ်တာမျိုးပေါ့ .. ဒီဇိုင်းအဟောင်း ပစ္စည်းအဟောင်းကို ဒီဇိုင်းအသစ်ပြန်လုပ်တာမျိုးပါ .. အရုပ်ချုပ်တယ်ဆိုတာကလည်း အကြီးကြီးတွေမဟုတ်ဘူးလေ .. လက်ဖဝါးတစ်ဝက်စာလောက်ရှိတဲ့အရုပ်တွေချုပ်တာပါ .. လျှောက်လျှောက်ချုပ်ပြီး သိပ်ကြိုက်ရင်ကိုယ်ယူ မကြိုက်ရင် သူငယ်ချင်းတွေကို “နင့်အတွက် ငါချုပ်ထားတာ”ဆိုပြီး ပေးပစ်ပေါ့ .. သူတို့ကလည်း ဖောရှောလုပ်ပြီး လာပေးတဲ့အဲ့အရုပ်လေးတွေကို တန်ဖိုးထားကြတယ် .. (ဒါကလျို့ဝှက်ချက်နော် သူတို့ကိုသွားမပြောနဲ့)

နောက်ထပ် သော့ချိတ်တွေကို ပုံမကြိုက်တော့ရင် ဟိုတစ်ခုကဟာဖြုတ် ဒီတစ်ခုကဟာဖြုတ်နဲ့ နောက်အသစ်တစ်ခုလုပ် .. ပိုသွားတာလေးတွေကို နားကပ်တွေလုပ်ပစ် .. သိမ်းထားသင့်ရင်သိမ်းထား .. အိဖူးမှာ အဲ့လို ဟိုသိမ်းဒီသိမ်း ထည့်သိမ်းထားတဲ့ဘူးတွေ ခွက်တွေ အများကြီး .. တီဗီတို့ဘာတို့ဝယ်ရင် ပါတတ်တဲ့ ဖော့လေးတွေကို double tape နဲ့ နံရံမှာကပ်ပြီး စင်လေးလုပ် .. အဲ့ဖော့စင်လေးမှာ အိဖူးချုပ်ထားတဲ့အရုပ်လေးတင်ထား .. လက်ပတ်နာရီကို လက်ပတ်ကြိုးဖြုတ်လိုက်ပြီးတော့ ဖော့ထဲမှာမြုပ်ထား .. တိုင်ကပ်နာရီဖြစ်သွားရော .. နောက်တော့ ဖော့လေးမှာ ဟိုကပ်ဒီကပ် ဓါတ်ပုံ frame လေးတွေတင်ထား .. လှလို့ပဲ ..

နောက်တော့ ချုပ်တဲ့ကိစ္စထဲမှာ ပိုက်ဆံအိတ်နဲ့ tissue အိတ်လေးတွေလည်း ပါသေးတယ် .. ပိုက်ဆံအိတ်အရှည်လေးတွေချုပ်ချုပ်ပြီး ကိုယ်လည်းသုံး သူများလည်းချုပ်ပေးနဲ့ .. မေမေတစ်အိတ် မမတစ်အိတ် ဝမ်းကွဲအစ်မမြတ်နိုးကိုတစ်အိတ် ကိုယ်ကိုကိုယ်တိုင်တစ်အိတ် .. အခုထိလည်း စိတ်ကူးရရင်ရသလို ဟိုဟာလေးချုပ် ဒီဟာလေးဖြုတ်တပ်လုပ်နေတုန်းပဲ .. အိဖူးစာကြည့်စားပွဲမှာလည်း တိုလီမိုလီလေးတွေပွလို့ ..

ဝါသနာကတော့ အဲဒါပါပဲ .. အဲ့လိုလုပ်ရတာတွေက စလုပ်ရတာတော့ကောင်းပါတယ် .. အားလုံးလုပ်ပြီးသွားပြီဆိုရင် လိုက်သိမ်းရတာတော့ နည်းနည်းပျင်းတယ် .. တခါတလေ မသိမ်းချင်တာနဲ့ပဲ တစ်ခုပြီးတစ်ခုလုပ်နေလိုက်တယ် .. tag ထားတဲ့ နန်းညီတစ်ယောက် ကျေနပ်ရဲ့လား ..

အိဖူး tag ထားတဲ့လူတွေရဲ့ ဝါသနာလေးတွေလည်း သိပါရစေလား ..

ခရီးသွားမှတ်တမ်း

၁၃.၄.၀၀၉ တနင်္လာနေ့
ညနေ ၁ နာရီခွဲ
စမ်းချောင်းမြို့နယ် ခေမာလမ်းထိပ်ရှိ Express ကားပေါ်မှာ အခန့်သားထိုင်နေတာကတော့ အိဖူးနှင့်အပေါင်းအပါများဖြစ်ပါတယ် .. အပေါင်းအပါများဆိုသည်ကတော့ ဦးလေး အဒေါ် ဝမ်းကွဲအစ်မမြတ်နိုးနဲ့ အိဖူးပါ .. Oriental Dragon Tour Company (OD) က စားစရိတ် နေစရိတ်အပြီး စီစဉ်ထားတဲ့ (မန္တလေး၊ ပြင်ဦးလွင်၊ မုံရွာ၊ အလောင်းတော် ကဿပ၊ စစ်ကိုင်း) ဘုရားဖူးခရီးစဉ်အတွက် ကားပေါ်ကိုရောက်ရှိနေခြင်းဖြစ်ပါတယ် .. ခရီးသည် ၄၅ ယောက်ပါတဲ့ အိဖူးတို့ကားကြီးဟာဆိုရင် ၁ နာရီခွဲပြီး ၁၀ မိနစ်မှာ စတင်ထွက်ခွာခဲ့ပါတယ် ..

ဗဟိုလမ်းမကြီးကနေ အင်းစိန် မင်္ဂလာဒုံ ထောက်ကြန့်ကိုဖြတ်ပြီးတော့ ပဲခူးကိုရောက်လာတယ် .. ညနေခင်းအဆာပြေစားသောက်ကြပါတယ် .. စရိတ်ငြိမ်းဖြစ်တဲ့အတွက် ခရီးသည်တွေစားသောက်သမျှကို ပါလာတဲ့ OD က guide တွေကပဲ ရှင်းပါတယ် .. အေးဆေးပဲပေါ့နော့ .. ပါလာတဲ့ guide က အစ်ကိုကြီးတစ်ယောက် အစ်မကြီးတစ်ယောက်ပါ .. ကိုခရေဇော်နဲ့မဇင်မာတဲ့ .. ပဲခူးကနေ တစ်မြို့ပြီးတစ်မြို့ .. တောင်ငူက Pioneer ဆိုတဲ့စားသောက်ဆိုင်မှာ ညစာစား .. နောက်ထပ် နေပြည်တော်ရွှေမြို့တော်ကြီးနားက တပ်ကုန်းဆိုတဲ့မြို့မှာ ညလယ်စာအတွက် တစ်ခါနားပြန်တယ် .. သူများတွေကတော့ အဲလိုခဏခဏနားတာကိုကြိုက်မလားမသိပေမဲ့ အိဖူးကတော့ အိပ်ပျော်တော့မယ် မျက်တောင်တွေမှေးမှေးစင်းပြီး ရီရီဝေဝေဖြစ်ပြီဆိုတိုင်း စားသောက်ဆိုင်ရောက်လို့ ကားပေါ်ကနေပဲ ဆင်းနေရတယ် .. စိတ်တိုလိုက်တာ ဟွန်း .... XO

၁၄.၄.၀၀၉ အင်္ဂါနေ့
မနက် ၃း၁၅
မန်းလေးကိုရောက်ပြီ .. မနက်စာအတွက် Union အမည်ရှိဆိုင်မှာ ကားရပ်ပေးတယ် .. အကုန်လုံးမျက်နှာသစ် သွားတိုက်ကို ဆိုင်မှာပဲလုပ်ကြတယ် .. မနက်စာစားကြသောက်ကြနဲ့ပေါ့ .. ပြီးတော့ စတင်ပြီး မဟာမြတ်မုနိဘုရားသွားတယ် .. ဘုရားရောက်တော့ ဝေရီဝေလင်းအချိန်ပေါ့ .. နေမထွက်သေးဘူး .. လမဝင်သေးဘူး .. နေရထိုင်ရတာ မှုန်မှုန်မှိုင်းမှိုင်းလေး .. ကောင်းလိုက်တာ .....

မဟာမြတ်မုနိကနေ ပြင်ဦးလွင်တက်တယ် .. ပြင်ဦးလွင်မှာရှိတဲ့ ပိတ်ချင်းမြောင်ရောက်တော့ ၈ နာရီကျော်ကျော် .. လမ်းမှာ ဝိုင်နှစ်ပုလင်းဝယ်ခဲ့တယ် (ရှလွတ်) .. ရေတံခွန်နဲ့ ဓါတ်ပုံရိုက်ဘာရိုက် .. ဂူထဲကိုအဆုံးထိဝင် .. ဒါတောင် လူကြီးနှစ်ယောက်ရဲ့အဆူကိုခံလိုက်ရသေးတယ် .. အိဖူးတို့ညီအစ်မနှစ်ယောက်က လူငယ်မဟုတ်လား .. ဒီတော့ လမ်းလျှောက်ရင် ခပ်မြန်မြန်ပဲလေ .. သူတို့ဘာသာသူတို့ ဂူရဲ့တစ်နေရာမှာ ကျန်ခဲ့ပြီးတော့ အိဖူးတို့နဲ့ကွဲသွားရော .. အိဖူးတို့လည်း မသိဘူးလေ .. ပြန်ထွက်လာပြီး ဂူပေါက်ဝမှာ သူတို့ကို ဓါတ်ပုံလျှောက်ရင်း စောင့်တာပေါ့ .. အဲဒါကို ဂူထဲတော့ဆုံးအောင်မဝင်ဘူး ဓါတ်ပုံပဲရိုက်နေတယ်ဆိုပြီး လာဆူတယ် .. လူကြီးတွေများ .. နှစ်ယောက်သားက မဟုတ်တာကိုလာဆူတော့ ကက်ကက်လန်ပြန်ပြောကြတာပေါ့ .. ပြီးတော့ စူပုပ်ပုပ်နဲ့ ကားပေါ်တက်နေလိုက်တယ် .. ပိတ်ချင်းမြောင်ကနေ ကားထွက်တော့ ကိုးနာရီခွဲ .....

၁၀ နာရီ
ပွဲကောက်ရေတံခွန်ကို ရောက်လာပြီ .. ဟိုဟိုဒီဒီလျှောက်ကြည့် ဓါတ်ပုံရိုက်ပြီး ရန်ကုန်အတွက် မက်မန်းသီးတွေ စွန်တန်တွေဝယ်ခဲ့တယ် .. အကြော်လည်း စားခဲ့သေးတယ် .. ဆူးပုပ်ရွက်ကို အစည်းလိုက်ကြော်ထားတာ .. အိဖူးကတော့ ဆူးပုပ်မကြိုက်လို့ မစားခဲ့ပါဘူး .. အိဖူး၏အပေါင်းအပါတွေကတော့ စားလိုက်ကြတာ .. ကောင်းမဲ့ပုံပဲ .. ပြီးတော့ ကားဆီပြန လာ .. ကားပေါ်ရောက်တော့ အစီအစဉ်စာရွက်ကြည့်လိုက်တော့ မဟာအံ့ထူးကံသာ ဘုရားသွားရဦးမယ် .. အမှန်တော့ မသွားချင်တော့ဘူး .. လူကနုံးချိချိဖြစ်နေပြီလေ .. ရေလည်းမချိုးရ ကောင်းကောင်းလည်းမအိပ်ရနဲ့ =( .. ဟိုတယ်ကိုရောက်ချင်နေပြီ .. စဉ်းစားကြည့်ကြည့်ဦး .. အဲဒိမဟာအံထူးကံသာဘုရားပြီးရင် နေ့လည်စာကစားရဦးမယ် .. ပြီးရင် ဆွယ်တာဆိုင်မှာ ကားရပ်ပြီး ဝယ်ကြခြမ်းကြဦးမယ် .. ပြီးတော့ အမျိုးသား ကန်တော်ကြီးဥယျာဉ်ကို သွားဦးမယ် .. သေပြီ သေပြီ .....

ညနေ ငါးနာရီခွဲ
မန္တလေးက ဟိုတယ်ကို အခုမှရောက်လာတယ် .. အရေးထဲ ကားသမားက လမ်းမှားနေလို့ ပြန်ကွေ့နေရသေးတယ် .. ဟိုတယ်နာမည်က Great Wall တဲ့ .. ဟိုတယ်က မဆိုးပါဘူးလေ .. စားရသောက်ရတာလည်း အဆင်ပြေပါတယ် .. ဒါပေမဲ့ ဒီတစ်ညပဲအိပ်ရမှာ .. ညဘက်ကျ အားနေတော့ အိဖူးတို့ညီအစ်မနှစ်ယောက် ဘယ်လိုပွေလီရင်ကောင်းမလဲလို့ စဉ်းစားနေတာ ညနေကားပေါ်မှာကတည်းက .. နောက်တော့ မန်းလေးက သူငယ်ချင်းဆီဖုန်းဆက်တော့ သူတို့လာခေါ်မယ်တဲ့ .. ညဘက် ညစာစားပြီး ၈ နာရီလောက်ကျတော့ သူငယ်ချင်းတွေ လာခေါ်လို့ အအေးသောက်ကြ၊ သင်္ကြန်တွင်းဆိုတော့ မြို့တော်ဝန်မဏ္ဍပ်သွားကြည့်ကြ၊ ဆိုင်ကယ်လျှောက်စီးကြနဲ့ မန်းလေးကိုညဘက်ကြီး လျှောက်လည်ခဲ့သေးတယ် .. မြို့တော်ဝန် မဏ္ဍပ်ကလည်းဆိုတာ လူတွေက ကျိတ်ကျိတ်တိုးပဲ .. သီချင်းဆိုနေတာက R ဇာနည် .. ဇာနည့်ကို ခေါင်းတောင်မမြင်ခဲ့ရပါဘူးလေ .. လူများတော့ ပြန်ထွက်လာကြရော ..

အဲဒါနဲ့ ၁၀ နာရီခွဲ ဟိုတယ်ပြန်ရောက်လာတယ် .. အိဖူးတို့နှစ်ယောက်ပြန်ရောက်တော့ ဦးလေးနဲ့အဒေါ်က ဟိုတယ်မှာမရှိ .. သူတို့ကလည်း သူတို့ဘာသာ လည်ပတ်နေတယ်လေ .. ထားပါတော့ .. ပြန်ရောက်တော့ အိပ်တာပေါ့ .. မနက် ၇ နာရီ မုံရွာသွားရမှာလေ .. မနက်စာက ၆ နာရီစားရမှာတဲ့ .. အဲဒါဆို ၅ ခွဲလောက်ထရင်ရပါတယ် .......

၁၅.၄.၀၀၉ ဗုဒ္ဓဟူးနေ့
မနက်ငါးနာရီခွဲ
အိပ်ရာထပြီ .. ဒါတောင် Guide အစ်မကြီး မဇင်မာလှမ်းနှိုးလို့ .. ရေချိုးပြီး မနက်စာစား .. မနက်စာက ဘူဖေး .. ပြီးတော့ အထုပ်တွေချ .. မနက် ၇ နာရီတိတိမှာ ဟိုတယ်ကနေ ထွက်ခွာလာခဲ့ပါတယ် .. မန်းလေးရေ တာ့တာ ......

မနက် ၁၀း၂၁
ဗောဓိတစ်ထောင်ဘုရားကိုရောက်လာခဲ့တယ် .. ရေလာလောင်းကြတော့ နေကပူပူမှာ ရေကစိုစိုနဲ့ .. စိတ်ပျက်စရာပဲ ..

နေ့လည် ၁၂း၁၅
မိုးညင်းသဗ္မုဒ္ဓေဘုရား .. ဗိုက်ဆာနေပြီ .. ဒီကပြီးရင် ထမင်းစားရတော့မယ် .. ကားပေါ်ကလူတွေ သနပ်ခါးတုံးတွေ ဝယ်လိုက်ကြတာ ကားကြီးလည်း တော်တော်လေးနေပြီ ..

၁ နာရီကျော်ကျော်
“ထနောင်းရိပ်”ဆိုတဲ့ မြန်မာထမင်းဆိုင်လေးမှာ ထမင်းစားရတယ် .. တစ်ယောက်ကို ဟင်းတစ်ခွက်မှာခွင့်ရှိတယ် .. OD က ရှင်းပေးမှာလေ .. စားလို့ကောင်းတယ် သိလား .......

၂ နာရီခွဲ
ကျောက္ကာရွှေဂူနီဘုရားကိုရောက်ပြီ .. ဘုရားက ဂူလေးထဲမှာလေ .. လူတွေကျပ်လိုက်တာ ပြောမနေပါနဲ့ .. ဘုရားရှိခိုးတာ ထိုင်လျက်ရှိခိုးလို့မရလို့ မတ်တပ်ရပ်ပြီးပဲ ရှိခိုးခဲ့ရတယ် .. ပြန်ထွက်လာတော့လည်း ဘာဝယ်ရင်ကောင်းမလဲဆိုပြီး ဈေးတန်းကို လျှောက်ကြည့်တာ လူတစ်ကိုယ်လုံးစိုရွဲသွားတာပဲ .. စိတ်ပျက်စရာ ..

နယ်ကယောက်ျားလေးနဲ့ ရန်ကုန်ယောက်ျားလေးတွေနဲ့ ဘာကွာခြားလဲ ခုမှသိတယ် .. ပါးစပ်တွေက မနေနိုင်ကြဘူး .. နောက်ကနေလိုက်လာပြီး ရယ်ရင်လည်းရယ်လို့ ဟိုဟာလေးဝယ်ရင်ကောင်းမလား ကိုင်ကြည့်ရင်လည်း ကိုင်ကြည့်လို့ .. ဘာတွေမှန်းလည်း မသိဘူး .. ဘာမှမပြောပဲ မကြားချင်ယောင်ဆောင်နေပေမဲ့ ကြာလာတော့လည်း စိတ်တိုလာရော .. အဲ့တော့ ကားနားသွားရပ်နေတာပေါ့ .. ဘုရားနားလာပြီး အရက်မူးမူးနဲ့ ရေတွေလိုက်လိုက်လောင်းနေသေးတယ် .. ရေလောင်းတာကလည်း ခေါင်းကနေလောင်း လောင်းချတာ .. Guide အစ်ကိုကြီး ကိုခရေဇော်နဲ့ ခရီးသည်ထဲက လူပျိုကြီးနှစ်ယောက် လို့အခေါ်ခံရတဲ့ ဦးလေးကြီးနှစ်ယောက်က အနားမှာလာရပ်ပေးလို့ တော်သွားတာပေါ့ .. သင်္ကြန်လည်တဲ့ကားတွေက ဘာလို့ဘုရားနားတွေမှာ လာလာရပ်လဲ မသိပါဘူး .......

ညနေ ၄ နာရီကျော်
မုံရွာဟိုတယ်ရောက်ပြီ .. Win Unity တဲ့ .. ဟိုတယ်က မဏ္ဍပ်ထိုးထားပေးတယ် .. အိဖူးတို့သွားကြည့်သေးတယ် .. ဘာလုပ်ရမှန်းမသိတော့ ပြန်ဆင်းလာတာပေါ့ .. ရေချိုးပြီးတော့ ဟိုတယ်ထဲမှာ ဓါတ်ပုံလျှောက်ရိုက်ကြတယ် .. ရန်ကုန်ကရောက်နေတဲ့ အဆိုတော်နှစ်ယောက်နဲ့ ဓါတ်ပုံရိုက်နေတုန်းက တွေ့သေးတယ် .. ဒါပေမဲ့ ငတုံးမ နှစ်ယောက်က အဆိုတော်ကိုအဆိုတော်မှန်းမသိဘူးလေ .. ကိုယ့်ဟာကိုယ်ပဲ နေနေတာပေါ့ .. အဲဒါကို အဲ့ဘဲနှစ်ယောက်က ဘာလို့လည်းမသိဘူး ကွက်ကြည့်ကွက်ကြည့်နဲ့ .. သူတို့ကို အဆိုတော်မှန်းမသိရကောင်းလားဆိုပြီး ရင်နာလို့ အိဖူးတို့ကို လာကြည့်နေတာလားမသိပါဘူး .. နောက်တော့ တခြားလူတွေက သူတို့နဲ့ဓါတ်ပုံတွဲရိုက်တာမြင်မှ ဟိုတယ်မဏ္ဍပ်မှာ သီချင်းဆိုဖို့ရောက်နေတဲ့အဆိုတော်ဆိုတာ သိတယ် .. အဲ့အခါကျတော့လည်း သူတို့က အိဖူးတို့နှစ်ယောက်ကို “အခုတော့သိပြီလား ငါတို့ကအဆိုတော်ဟဲ့” ဆိုတဲ့ မျက်နှာပေးနဲ့ လာစိုက်ကြည့်သွားသေးတယ် .. သိစေချင်ရင် နာမည်ပိုကြီးအောင်လုပ်ပေါ့ .. ဟုတ်တယ်မလား .. ရန်ကုန်ပြန်ရောက်မှ အဲဒိနှစ်ယောက်ထဲက တစ်ယောက်ကို သီချင်းတစ်ပုဒ်ထဲမှာတွေ့တယ် .. သီချင်းက “ငါနင့်ကိုသိပ်ချစ်တာပဲ .. ဘယ်သူမှမချစ်ချင်ဘူး ကောင်မလေးရယ် မင်းကို ထာဝရပတ်သက်ခွင့်ပြုပါ” ဆိုတဲ့သီချင်းလေ .. သိပ်လည်း မကောင်းလှပါဘူး .. အဲ့သီချင်းထဲက မျက်မှန်နဲ့တစ်ယောက်ပေါ့ @_@ ..

ဟိုတယ်က အပြင်ပန်းမိုက်တယ် .. ဘန်ဂလိုလေးတွေနဲ့တစ်ဆောင်စီနေရတယ် .. ဒါပေမဲ့ facility မပြည့်စုံဘူး .. မန်းလေးဟိုတယ်တုန်းက ရေနွေးလိုချင်ရင် ကိုယ့်ဟာကိုယ်တည်ရုံပဲ .. ဒီမှာတော့မဟုတ်ပေါင် .. ရေနွေးလိုချင်လို့လှမ်းတောင်းတာကို ပထမဖုန်းဖြေတဲ့ မိန်းမတစ်ယောက်က သင်္ကြန်တွင်းမို့လို့ အဆင်မပြေဘူးတဲ့ .. ဘာမှလည်းမဆိုင်ဘူး .. အဲဒါနဲ့ ဘာအဆင်မပြေတာလဲမေးတော့ ကြောင်တောင်တောင်နဲ့ ဖုန်းချသွားတယ် .. ဘယ်ရမလဲ .. ရန်ကုန်သူတွေကို ဘာမှတ်နေလဲ .. ရစ်တယ်ပဲထင်ချင်ထင် နောက်တစ်ခေါက် ဖုန်းပြန်ဆက်တော့ နောက်တစ်ယောက်က လာကိုင်တယ် .. ရေနွေးလာပို့ပါပြောတော့ ရေနွေးကတည်နေတုန်းတဲ့ .. အဲဒါဘာဖြစ်လဲ တည်နေရင်ဆူမှာပေါ့လို့ပြောတော့ တစ်နာရီ လောက်ကြာဦးမယ်တဲ့ .. ရတယ် ဘယ်အချိန်ဆူဆူလာပို့လို့ပြော အခန်းနံပါတ်ပြောပြီး ဖုန်းချပစ်လိုက်တယ် .. ပြီးတော့ အလကား သိလား .. မိနစ် ၂၀ လောက်ကြာတော့ ရေနွေး လာပို့တယ် .. စိတ်ပုပ်ပုပ်နဲ့သာ ရေနွေးတောင်းလိုက်တာ .. လာပို့တော့ ဘာမှတောင် မလုပ်ဖြစ်ဘူး .. အစကတော့ ကော်ဖီသောက်မလို့ပဲ .. အလောင်းတော်ကဿပကို မနက် ၁း၃၀ သွားရမှာဆိုတော့ အိပ်မပျော်မှာစိုးလို့ မသောက်ဖြစ်တော့ဘူးပေါ့ ..

ညစာကို မုံရွာမြို့ထဲက Light House ဆိုတဲ့ Restaurant မှာစားရတယ် .. ဟိုတယ် ပြန်ရောက်တော့ အိပ်ပြီ .. Zzzzzzzzz

၁၆.၄.၀၀၉ ကြာသပတေးနေ့
မနက် ၁း၃၀
အိပ်ရာကနေ မထချင်ထချင်နဲ့ ထလာပြီး အိပ်ချင်မူးတူးနဲ့ရေချိုး အိပ်ချင်မူးတူးနဲ့ သွားဖို့ ပြင်ဆင်ပြီး အိပ်ချင်မူးတူးနဲ့ ကားပေါ်ရောက်လာတယ် .. ကားစထွက်တာနဲ့ အိပ်လိုက်တာပဲ .. အပြင်မှာလည်း မှောင်မည်းလို့ .. “မှောင်၍မည်းသောည”ပေါ့လေ ........

မနက် ၃ နာရီခွဲ
အလောင်းတော်ကဿပသွားတဲ့လမ်းပေါ်က “ကပိုင်”ဆိုတဲ့ ရွာလေးကိုရောက်လာတယ် .. မနက်စာစားဖို့ပေါ့ .. စားသောက်ပြီး ကားပြန်ထွက်တော့ အကုန်လုံးနှာခေါင်းနဲ့ပါးစပ်ကို mask တွေ အုပ်ထားရတယ် .. ဖုန်ထူလိုက်တာပြောမနေနဲ့ .. ဇလွန်သွားတာထက်တောင် ဆိုးသေးတယ် .. တောင်တက်လမ်းဆိုတော့ လမ်းကလည်း ကြမ်းသေး .. သွားရတဲ့အချိန်က လည်း ကြာသေး .. ဗုဒ္ဓဘာသာတွေရဲ့ ဘုရားတရားကြည်ညိုမှုကိုတော့ ချီးကျူးရမယ် .. ဒီလောက် ဝေးလံခက်ခဲတဲ့ တောနက်ထဲထိတောင် ဘုရားသွားဖူးကြတယ်နော် .. ပြီးတော့ အလောင်းတော်ကဿပဆိုတာကလည်း မြင်ရတာလည်း မဟုတ် .. ဂူပေါက်ဝမှာ ပိတ်နေတဲ့ ကျောက်ဖျာကြီးနောက်မှာ အလောင်းတော်က တကယ်ကောရှိရဲ့လားမသိ .. (အိဖူးကတော့ သိပ်မယုံဘူး သမိုင်းကြောင်းကလည်း နှစ်မျိုးကွဲနေသေးတယ်)

မနက် ၆ နာရီကျော်ကျော်
တောင်တက်တဲ့လမ်းမှာ ကားတစ်စီးပျက်နေလို့ အကြာကြီးစောင့်နေရသေးတယ် .. နေတောင်ထွက်လာပြီ .. နောက်ထပ်အများကြီးသွားရဦးမှာတဲ့ .. အဟင့် .. အသက်ရှုကြပ်ပြီး သေရပါတော့မယ်ဗျာ ......

၉း၃၀
အလောင်းတော်ကဿပတောင်ခြေရောက်ပြီ .. ဒီမှာက နတ်ကြီးတယ်ဆိုပဲ .. လမ်းမှာလည်း ဇရပ်လိုအဆောက်အအုံလေးမှာ ဘုရားသုံးဆူတည်ထားတာလေးရှိတယ် .. အဲ့ဇရပ်ကို ကားနဲ့ ဦးသုံးကြိမ်တိုက်ခဲ့ရသေးတယ် .. တောင်ခြေကနေ မိနစ် ၂၀ လောက်ထပ်ပြီးတက်ရ သေးတယ် .. ဆင်နဲ့တက်လည်း ရတယ် .. လမ်းလျှောက်တက်လည်းရတယ် .. အိဖူးတို့နှစ်ယောက်က ဆင်တွေသနားလို့ လမ်းလျှောက်ပဲတက်လာခဲ့တယ် .. ၁၅ မိနစ် လောက်ပဲကြာတယ် .. ကားပေါ်ကအဖွဲ့ထဲမှာ တောင်ပေါ်ကိုပထမဆုံးရောက်တာ အိဖူးတို့ညီအစ်မနှစ်ယောက်ပေါ့ .. ဟဲဟဲ .. ခြေထောက်တွေက မြန်မြန်ပဲလေ .. ဒုတိယရောက်တာက ကိုခရေဇော်နဲ့လူပျိုကြီးနှစ်ယောက် .. လူပျိုကြီးနှစ်ယောက်ထဲက ဝဝတုတ်တုတ်ဦးလေးကြီးက ပုံပြင်ပြောတာသိပ်ကောင်းတယ် .. သူတို့နဲ့တူတူဂူထဲဆင်း ဘုရားရှိခိုးပြီး အပေါ်ကိုပြန်တက် .. ရှင်သူငယ်ပေါက်ဆီကို တစ်ခါထပ်ဆင်းပြီးကြည့် .. နောက်တော့ ကျန်နေတဲ့အပေါင်းအပါနှစ်ယောက်ကိုစောင့် .. ဦးလေးက ဘုရားရှိခိုးတာ ကြာဦးမယ်ဆိုလို့ အဒေါ်ရယ် အိဖူးတို့ညီအစ်မနှစ်ယောက်ရယ် တောင်ခြေကို ပြန်ဆင်း လာကြတယ် ..

အပြန်ကျတော့ မြတ်နိုးနဲ့ အန်တီက ဆင်စီးချင်တယ်ဆိုလို့ ဆင်စီးလာကြတယ် .. တောင်ခြေရောက်တော့ ဆင်ကိုအစာကျွေးတာ ရီနေရရောပဲ .. ဆင်က လက်ထဲမှာကြံတွေ ကိုင်ထားတာမြင်တော့ သူ့ကိုကျွေးမယ်မှန်းသိတယ်ဗျာ .. အတင်းလိုက်လုတာပဲ .. တအားလည်း ချစ်ဖို့ကောင်းတာပဲ .. ပြီးတော့ အဲ့တောင်ခြေက ဆိုင်မှာပဲ နေ့လည်စာ စားကြတယ် .. ၁၁ နာရီခွဲ ကားဆီကိုအရောက်ပြန်လာဖို့ပြောထားပေမဲ့ ဘယ်သူမှပြန်မရောက်လာကြဘူး .. အိဖူးတို့သုံးယောက်က အရင်ဆုံး တောင်ခြေကို ရောက်လာတာ .. အတက်လည်းရှေ့ဆုံး ပြန်ဆင်းလာတော့လည်း ရှေ့ဆုံးဆိုတော့ အိဖူးနဲ့မြတ်နိုးက ဆရာကြီးပဲနော် .. ခပ်မြန်မြန်ပဲလေ .. ထမင်းစားတာလည်း နှစ်ယောက်သား အရင်ဆုံးပြီးလို့ ကိုခရေဇော်ကတောင် နောက်နေသေးတယ် .. ခပ်မြန်မြန်ပဲလေလို့ ပြန်ပြောလိုက်တာပေါ့ .. ၁၂ နာရီကျော်ကျော်လောက်မှ အဲဒိကနေ ပြန်ထွက်လာဖြစ်ပါတယ် .. အလောင်းတော် ကဿပတောင်ခြေစခန်းကနေ ပြန်လာတာ ဟိုတယ်ကို ညနေ ၅ နာရီခွဲမှ ပြန်ရောက် လာတယ် .. အဲ့လောက်ကို တမေ့တမောကြီးပြန်လာရတာပါ ..

ညနေ ၅ နာရီခွဲ
ဒါတောင် ဟိုတယ်ပြန်ရောက်တော့ “မုံရွာဝက်အူချောင်း” မှာတဲ့လူရှိတော့ ဝက်အူချောင်း ထွက်ဝယ်ရသေးတယ် .. ပြန်ရောက်လာတော့ သုတ်သုတ်သုတ်သုတ်နဲ့ ရေချိုး (ဖုံတွေ တောင်ပြောင်ရဲ့လားမသိပါဘူး) .. ညစာက ဟိုတယ်မှာပဲစား (စားလို့ကလည်း မကောင်း) .. အခန်းပြန်မယ်လုပ်တော့ မိုးကရွာ .. Dinning Room နဲ့ အိဖူးတို့အခန်းက အဝေးကြီး .. အိပ်ချင်နေပြီဆိုတော့လည်း မနေနိုင်ဘူး .. မိုးထဲပဲ ဖြတ်ပြေးရတာပေါ့ =S .. အဝတ်လဲပြီးတော့ အိပ်ရာပေါ်ကို ဗုန်းကနဲ လဲပြိုပြုတ်ကျ .......

၁၇.၄.၀၀၉ သောကြာနေ့
မနက် ၅း၂၀
အိပ်ရာကထရပြန်ပြီ .. ကိုယ့်ဟာကိုယ်နိုးလာရတယ်ကိုမရှိပါဘူး .. အနှိုးပဲခံနေရတယ် .. ဇိမ်မရှိလိုက်တာနော် .. ရေချိုး အလှပြင် အထုပ်တင် .. နှုတ်ဆက်ခဲ့ပါတယ် မုံရွာ .. ဒီနေ့စစ်ကိုင်းနဲ့မန်းလေးကိုပြန်သွားမှာ .. မနက်စာကို ကားပေါ်မှာပဲစားရတယ် .. စားလို့မကောင်းလိုက်တာ ..........

မနက် ၇ နာရီ ၁၅ မိနစ်
စစ်ကိုင်းကိုရောက်ပါပြီ .. စံကားပန်းတွေ တအားလှတာပဲ .. မုံရွာမှာကျတော့ တမာပန်း တွေအရမ်းပွင့်တာ .. ဒီနေ့ဖူးရမဲ့ဘုရားတွေ အများကြီး .. ကံတလူဘုရား .. ကောင်းမှုတော်ဘုရား .. စစ်ကိုင်းတောင်ပေါ်က ဥမင်သုံးဆယ်နဲ့ ဆွမ်းဦးပုညရှင်စေတီ .. ဦးပိန်တံတား နောက် မန်းလေးတောင်ပေါ်ကဘုရားတွေ .. တောင်အောက်က ရွှေကျောင်းနဲ့ အတုမရှိကျောင်း .. ကိုခရေဇော် မဇင်မာတို့နဲ့ တမာပန်းတွေခူးခဲ့ကြသေးတယ် .. ဘုရားတွေ လျှောက်ကူးနေရတာနဲ့ ညနေတောင်စောင်းတယ် ..

ညနေ ၆း၃၅
ညစာကို မန်းလေးမြို့ထဲက “အေးမေတ္တာ” မြန်မာထမင်းဆိုင်မှာ စားခဲ့ကြတယ် .. မန်းလေးပြန်ရောက်နေတယ်လည်း ကြားရော ဘော်ဘော်တွေက ထမင်းဆိုင်ထိလိုက်လာပြီး အအေးတိုက်ခိုင်းလို့ တိုက်လိုက်ရသေးတယ် .. အရေးထဲ မိုးကရွာနေတော့ ထမင်းဆိုင်ကနေ ကားဆီကိုအကူး မိုးတွေစိုတာရော .. နောက်တော့ ထိုးမုန့်ဆိုင်တွေကို သွားကြတယ် .. ဝယ်လိုက်ကြတာ နည်းနည်းနောနောမဟုတ်ဘူး .. ထိုးမုန့်ဆိုင်က ထွက်တော့ ည ၇ နာရီကျော်ပြီ .. ရန်ကုန်သို့ချီတက်လျက် ..........

အပြန်ကားပေါ်မှာ
ကံစမ်းမဲနှိုက်ကြတယ် .. ကိုယ့်နံပါတ်ကို ကိုယ်ကိုင်ထား .. မဇင်မာက နံပါတ်တွေကို အစဉ်လိုက်ခေါ်တယ် .. ခေါ်တော့မှ ကားရှေ့ပိုင်းကိုထွက်ပြီး နောက်မဲတစ်ခု ထပ်နှိုက်ကြရပြန်တယ် .. အိဖူးနံပါတ်က ၁၅ .. နံပါတ် ၁၅ ရောက်တော့ ရှေ့သွားပြီး နောက်မဲတစ်ခုနှိုက်တာပေါ့ .. မဲကိုဖြည်လိုက်တော့ ရေးထားတာက “အိုစာမင်းစာ”တဲ့ .. ဘာကြီးလည်းဆိုတော့ တုတ်ကောက်ကြီးတစ်ချောင်းပါ =D .. ပြီးတော့ မဇင်မာနဲ့ ကိုခရေဇော်က ခိုင်းတာတစ်ခုကိုလုပ်ရတယ် .. အိဖူးကိုခိုင်းတာက နေရာအထိ အဲ့တုတ်ကောက်ကြီးကိုင်ပြီး အဘွားကြီးလို လျှောက်သွားပါတဲ့ .. (အော် သနားစရာ အိဖူးလေးခမျာ မလုပ်လို့လည်းမရတော့ ခိုင်းသလို လုပ်လိုက်ရသေးတယ် ..) နောက်တော့ မဟာမြတ်မုနိဘုရားပုံတော် (ရွှေနားကွပ်ဓါတ်ပုံဘောင်နဲ့) ပေါက်တဲ့လူရဲ့ မဲနာမည်က “မဟာကံထူးရှင်” တဲ့ .. အဲ့လူက ကိုခရေဇော်နဲ့ မဇင်မာကို ကြိုက်တာတစ်ခုပြန်ခိုင်းခွင့်ရှိတယ် .. အဲ့မဲပေါက်တဲ့ဘဘကြီးတစ်ယောက်က သူတို့နှစ်ယောက်ကို သီချင်းဆိုခိုင်းတယ်လေ .. သီချင်းဆိုတာက အလွတ်ဒီတိုင်းကြီးဆိုရတာမဟုတ်ဘူးဗျာ .. TV တွေဘာတွေပါတော့ Karaoke ဆိုသလိုဆိုကြရတာ ..

နောက်တော့ ဘယ်လိုတွေဖြစ်လည်းမသိဘူး .. လူပျိုကြီးနှစ်ယောက်ကပါ ဓါတ်တွေကူးပြီး သူတို့ပါသီချင်းတွေဆိုကြရော .. ပျော်တော့ပျော်စရာကြီး .. ခရီးစဉ်တစ်လျှောက်လုံး အဲ့ဒိအပြန်ကားပေါ်ကအချိန်ရယ် .. ဟိုတယ်မှာ နားရမယ်ဆိုပြီး ကားဆိုက်တဲ့အချိန်ရယ် အပျော်ဆုံးပဲ .. ဟိ .. သီချင်းဆိုရတာမောတော့မှ အိပ်ကုန်ကြရော .. သူတို့အကုန်လုံးကသာ အိပ်ပျော်ကုန်ကြတာ .. အိဖူးကတော့ အိပ်မပျော်ပြန်ဘူး .. ခုံကိုလှန်လိုက် လူကိုလှည့်လိုက် ရှေ့တိုးလိုက် နောက်ဆုတ်လိုက်နဲ့ .. နောက်တော့ မနက် ၃ နာရီကျော်မှ မှေးမှေးလေးအိပ်ပျော်သွားတယ် ..

မနက်စောစော ၅ နာရီ
မျက်လုံးတွေက ပွင့်လာပြန်ပြီ .. အတင်းပြန်မှိတ် ... အိပ် အိပ်

၈ နာရီ ၁၅ မိနစ်
ညစာကို မန်းလေးဆိုင်မှာ စားပြီးထွက်လာလိုက်တာ လမ်းမှာ နောက်ထပ်ဆိုင်မှာ ထပ်မရပ်ပေးခဲ့ပါဘူး .. ဆိုင်မဖွင့်လို့ပါ .. နှစ်ဆန်းတစ်ရက်နေ့ဆိုတော့ ဆိုင်ပိတ်တယ်တဲ့ .. အဲဒါနဲ့ ထောက်ကြန့်ရောက်မှ ထောက်ကြန့်က အမည်မသိဆိုင်လေးတစ်ဆိုင်မှာ မနက်စာစားခဲ့ရတယ် ..

မနက် ၉း၃၀
OD ရုံးခန်းရှိရာ စမ်းချောင်းမြို့နယ်၊ ခေမာလမ်းထိပ်ကို ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ် .. အခုဆိုရင်ဖြင့် အိဖူးနှင့်အပေါင်းအပါတစ်စုရဲ့ ၅ ညအိပ် ၆ ရက်ခရီးစဉ်ကြီး ပြီးဆုံးသွားပါပြီရှင် ..

အိမ်သို့
အိမ်ရောက်မှ အထုပ်တွေပြန်ကြည့်ရင်း တစ်ခုခုလိုနေသလို ခံစားရတယ် .. (သွားပြီ အိဖူးရဲ့ “အိုစာမင်းစာကြီး” ကားပေါ်မှာကျန်ခဲ့ပြီ ..)

နောက်နှစ်သင်္ကြန်
OD နဲ့ ရွှေလီသွားမယ် စိတ်ကူးတယ် .. ပိုက်ဆံရှိရင်ပေါ့လေ ဟိဟိဟိ

Sunday, March 1, 2009

တကယ်လို့များ

“တကယ်လို့များ ငါသေသွားခဲ့ရင်”ဆိုသည့်အတွေးမျိုးကို လူတွေတွေးဖူးကြပါသည် .. ကိုယ့်အနားကလူတွေ ကိုယ်မရှိတော့ရင် ဘယ်လိုများကျန်ခဲ့မှာလည်းဆိုတာကို သိချင်ရုံသက်သက်ဖြင့် ဘာမှမဟုတ်သည့် စိတ်ကတွေးမိခြင်းဖြစ်ပါသည် .. သို့မဟုတ် သေရတော့မှာကို သိနေသည့်လူတချို့က ကျန်ခဲ့မည့်မိသားစုအသိုင်းအဝိုင်းအတွက် စိတ်မချနိုင်စွာတွေးမိခြင်းလည်း ဖြစ်နိုင်ပါသည် ..

ကျွန်မသာသေသွားရင် အရင်ဆုံးငိုကြွေးမည့်သူများမှာ ကျွန်မ၏မိသားစုများဖြစ်ပါသည် .. မိသားစုထဲတွင် ကျွန်မသည်အငယ်ဆုံးဖြစ်ပါသည် .. စိတ်အကောက်တတ်ဆုံး အဆိုးဆုံးဖြစ်သလို အသုံးမကျဆုံးလည်းဖြစ်သေးသည် .. သို့သော်လည်း မိသားစုထဲတွင် ကျွန်မ၏အခန်းကဏ္ဍမှာ ပျောက်ကွယ်မှေးမှိန်သွားခြင်းမရှိ .. ဒါပေါ့လေ ဒါမျိုးကိုပဲ မိသားစုဟုခေါ်သည်မဟုတ်လား ..

ကျွန်မမရှိတော့သောအခါ အိမ်တွင် တစ်ခုခုလိုသလိုဖြစ်နေမှာလား .. ခါတိုင်းညနေ ၄ နာရီတွင် ကျွန်မကျောင်းမှအိမ်သို့ ပြန်လာနေကျဖြစ်သည် .. ကျွန်မအိမ်တွင်မရှိတော့သောအခါ မေမေသည် ထိုညနေ ၄ နာရီအချိန်တွင် အိမ်တံခါးဖွင့်ပြီး “ပြန်လာပါပြီ”ဟုပြောလိုက်သည့်အသံကို မျှော်နေပေလိမ့်မည် .. ထို့နောက်တွင်တော့ ကျွန်မရှိတုန်းက အိမ်တွင်ကျွန်မ၏လှုပ်ရှားမှုများ၊ အသံများကို မေမေကြားယောင်နေမှာလား .. ညဘက်တွင်တော့ မိသားစုစကားဝိုင်းများတွင် ကျွန်မအသံလိုနေသေးကြောင်း သူတို့သတိပြုမိလိမ့်မည် .. ထိုအခါကျရင်ကော သူတို့စကားဆက်ပြောနေနိုင်ပါ့မလား .. ဖေဖေကတော့ သူ့ကိုအညောင်းပြေနင်းပေးမည့် ကျွန်မမရှိတော့သည်ကို လွမ်းနေသော်လည်း အံကြိတ်ကာမငိုဘဲနေလိမ့်မည် .. ကျွန်မရဲ့အစ်ကိုအစ်မတွေကတော့ အရင်ကမီးပျက်ပျက်တွင် ပေါက်ကရတွေပြောခဲ့လုပ်ခဲ့သည်ကို သတိရနေပေမည် .. ကျွန်မမွေးထားသော hamster တွေကိုတွေ့တိုင်း ကျွန်မအရင်က hamster တွေနဲ့ဆော့နေတဲ့ပုံကို သတိရကြမလား .. ကျွန်မရဲ့အသုံးအဆောင်တွေကိုကော သိမ်းဆည်းလိုက်မှာလား .. ဒီအတိုင်းကျွန်မရှိသေးသလို ခြေရာလက်ရာမပျက်ဆက်ထားမလား .. တစ်ခါတစ်လေတော့လည်း သိချင်မိသည် ..

ကျွန်မသေသွားသည်ကို ဒုတိယသိမည့်လူအုပ်စုကတော့ ကျွန်မ၏ဆွေမျိုးများဖြစ်ပါသည် .. ကျွန်မတို့က ဆွေမျိုးအသိုင်းအဝိုင်းကြီးသည် .. ဆွေမျိုးတွေများပြားသလောက် ချစ်ခင်စည်းလုံးမှုလည်း ရှိပါသည် .. ဦးလေး အဒေါ်တွေ အစ်ကို အစ်မတွေများစွာဖြင့် သိပ်ပျော်စရာကောင်းသည် .. သီတင်းကျွတ်လပြည့်နေ့လို လူကြီးသူမများကိုကန်တော့ကြသည့်နေ့မျိုးတွင် ကျွန်မတို့ဆွေမျိုးအားလုံးက အဖွားအိမ်တွင်လူစုကာ ဟင်းတွေထမင်းတွေချက်ကြပြီး ပျော်ရွှင်စွာဖြင့် စုပေါင်းကန်တော့လေ့ရှိသည် .. ကျွန်မကမရှိတော့ပေမဲ့ ထိုကဲ့သို့နေ့မျိုးကတော့ ရှိဦးမည်သာဖြစ်သည် .. ထိုအခါမျိုးတွင် လူတွေရုန်းရုန်းရုန်းရုန်းနှင့် အမျိုးတစ်ယောက်မရှိသည်ကို သတိပြုမိမှာလား .. ကျွန်မထင်တာကတော့ သူတို့တွေသတိပြုမိသည့်တိုင် သတိရနေသည်ကို ဟန်ဆောင်နေမည်ဟုထင်ပါသည် .. ရင်ထဲမှာတော့ ငိုချင်စိတ်တွေပေါက်နေမလား .. လူတိုင်းတော့ငိုမည်မဟုတ်ပါ .. ကျွန်မနှင့်အနေနီးကပ်သော အဒေါ်တစ်ချို့နှင့် အစ်ကိုအစ်မအချို့သာငိုချင်ငိုလိမ့်မည် .. သေချာတယ်ဟုတော့ မပြောလိုပါ ..

တကယ်လို့များ ရုတ်တရက်ကျွန်မသေသွားရင် အင်မတန်ဝမ်းနည်းကြမှာ ကျွန်မ၏သူငယ်ချင်းရှစ်ယောက်ဖြစ်ပါသည် .. ကျောင်းဖွင့်သည့်နေ့တိုင်း ကျွန်မတို့သူငယ်ချင်းများသည် တစ်ယောက်ကိုတစ်ယောက်ကျောင်းပေါက်ဝမှာ စောင့်ပြီးအားလုံးစုံမှ ကျောင်းထဲသို့ဝင်လေ့ရှိပါသည် .. ထိုသို့စောင့်သည့်အခါတိုင်း ကျောင်းပေါက်ဝသို့ ပထမဆုံးရောက်လေ့ရှိသူက ကျွန်မဖြစ်သည် .. ဒုတိယရောက်လာတာကတော့ ကျွန်မ၏အချစ်ဆုံးသူငယ်ချင်းမလေးဖြစ်သည် .. ကျောင်းဖွင့်သည့်မနက်တိုင်း ကျောင်းပေါက်ဝမှာ သူ့ကိုစောင့်နေမည့် ကျွန်မမရှိသည်ကိုမြင်သောအခါ သူငိုနေလိမ့်မည် .. နောက်တော့ ကျန်သူငယ်ချင်းများရောက်လာမည် .. သူတို့တွေကလည်း အရင်နှစ်ယောက်စောင့်နေကျနေရာတွင် တစ်ယောက်တည်းတွေ့ရသောအခါ ရင်ထဲမှာအတော်ခံစားရပါလိမ့်မည် .. ထို့အပြင် အရင်ဖြစ်ဖူးသောအမှတ်တရများသည် တိုက်ဆိုင်မှုကြောင့်နောက်တစ်ခါပြန်ဖြစ်သော် သူတို့ကျွန်မကို သတိရနေလိမ့်မည် ..

ကျွန်မ၏ online မှအသိများကတော့ ကျွန်မပျောက်နေသည်ကိုသာသိလိမ့်မည် .. ကျွန်မနှင့်အရမ်းခင်သောသူများကတော့ gtalk မှာ ဘယ်တော့များစိမ်းလာမလဲလို့ သတိထားစောင့်နေမည် .. ဘယ်တော့မှစိမ်းမလာတော့သောအခါ သူတို့ကတွေးမည် .. ငါ့ကို block လုပ်ထားလို့လား .. ကြာတော့လည်း မေ့သွားမည်သာဖြစ်ပါသည် .. ကျွန်မ၏ဖုန်းနံပါတ်ကိုသိသောသူများက ဖုန်းဆက်မည် .. ထိုအခါမှ အိမ်ကမိသားစုများ၏ပြောပြချက်အရ ကျွန်မသေသွားသည်ကိုသိမည် .. သိသွားသောအခါ သေခြင်းတရား၏ထူးဆန်းပုံကို နည်းနည်းဆင်ခြင်မိမည် .. ဒီလောက်ပါပဲ .. ငိုကြွေးမည်တော့မဟုတ်ပါ ..

နောက်ထပ်ကျွန်မ၏ကျောင်းက မခင်သောအသိများ .. သိသော်လည်းမခင်သောလူများ .. သူတို့တွေကတော့ တဆင့်စကားဖြင့် ကျွန်မဒီလောကကြီးထဲတွင်မရှိတော့ကြောင်းသိမည် .. စိတ်မကောင်းဖြစ်ကောင်းဖြစ်မည်(ယူဆရတာပဲ) .. ထို့နောက်တွင်တော့ မေ့သွားမည် ..

တကယ်လို့များ ကျွန်မသေသွားရင် သူတို့အားလုံးကြာလာတော့ မေ့သွားပါလိမ့်မည် .. ..

Sunday, February 22, 2009

အခုတော့ဟာသ တချိန်တုန်းကဒုက္ခ

ဒုက္ခလား .. ခဏခဏကြုံဖူးတာပေါ့။ ရယ်စရာ .. ဒါလည်း ခဏခဏကြုံနေရတာပဲ။ နှစ်ခုတွဲလား .. ဟိ ဒါလည်း ခဏခဏပဲ။ ကဲ tag ထားတဲ့ မယ်ညီကျေနပ်အောင် ရေးရတာပါ့ .. အမှန်တော့ သူသိနေတဲ့ကိစ္စကြီးကို ..

ဆောင်းတွင်းဆိုသော်ညား ပူအိုက်နေသောတစ်ညအခါ .. .. မီးလာတော့ အိဖူးရဲ့ အစ်မတော်က ကွန်ပျူတာရှေ့မှာထိုင်လို့ .. ဟိုလုပ်ဒီလုပ်ပေါ့ .. အိဖူးကတော့ လိမ္မာစွာနဲ့ စာကျက်နေသည်လေ .. ထိုင်ရတာညောင်းသည်နှင့်အညီ “သန့်စင်ခန်း”ကိုအသွား ..
အိဖူး၏အော်သံ .. “ဟယ် .. ပင့်ကူကြီးအကြီးကြီးပဲ”
သို့သော် ကွန်ပျူတာရှေ့ကသူကလည်း သီချင်းဖွင့်ထားသည်မို့လားမသိ မကြား ..
အိမ်ရှေ့ TV ကြည့်နေသော ဖခင်ကလည်း အိပ်ပျော် ..
မေမေကတော့ စောစောစီးစီးအခန်းထဲဝင်သွားလို့ မသိ ..
“ဟဲ့ ပင့်ကူကြီးအကြီးကြီးပဲ” .. အိဖူး၏ နောက်တစ်ခေါက်အသိပေးသံ ..

ကြားစေချင်သော အစ်မတော်ကမကြား .. ပင့်ကူကများကြားသွားသလားမသိ .. ရေချိုးခန်းအပြင်ဖက်နံရံကနေ အိဖူးတို့အိပ်ခန်းတံခါးနားသို့ ရွှေ့တော်မူလေသည် .. ထိုအခါ စိုးရိမ်တတ်သောအိဖူးက “ဟ အခန်းထဲဝင်တော့မှာပဲ” လို့အော်ကာမှ အစ်မကထလာသည် .. ဒီကကောင်က အယောင်ယောင်အမှားမှားဖြင့် ရေလဲထမီကြီးကို လက်ထဲမှာလုံးထွေးပြီးကိုင်ထားမိပြီးပြီ .. အစ်မက ထလာကြည့်ပြီးမှ “အမယ်လေး အကြီးကြီး”တဲ့ .. နောက်တော့ “ခြင်ဆေးနဲ့ဖျန်း ခြင်ဆေးနဲ့ဖျန်း” ဟုဆိုကာ ခြင်ဆေးဘူးကိုသွားယူလာသည် .. အဲ့အချိန်မှာ ပင့်ကူက အိပ်ခန်းကိုကျော်ကာ အိဖူးတို့၏စာကြည့်ခန်းထဲကို တံခါးကြားမှ ၀င်သွားလေသည် .. “အဲ့ဒါမှသေရော တံခါးကြားမှာ ပန်းချီကားတွေနဲ့” .. နှစ်ယောက်သား အခန်းထဲကိုဝင် .. တံခါးကြားကို အသာချောင်းကြည့်တော့ ပင့်ကူကြီးက စာအုပ်ထုပ်နောက်မှာ ပုန်းနေလေသည် .. “ဖျာတွေနဲ့ ပန်းချီကားတွေထုတ်လိုက် .. စာအုပ်ထုပ်ကိုဖယ်လိုက်ပြီးရင် ခြင်ဆေးနဲ့ဖျန်း” .. အာ ဟုတ်ပြီပေါ့ .. ပန်းချီကားတွေကို တံခါးဘေးက ဘီဒိုနားမှာထောင်ထား .. စာအုပ်ထုပ်ကိုဖယ် .. ပင့်ကူကြီးကိုတွေ့တာနဲ့ အစ်မက ခြင်ဆေးနဲ့ဖျန်း .. အဲ့ကျမှ ပင့်ကူကလျှောက်ပြေးရော .. ဘီဒိုနားမှာထောင်ထားတဲ့ ပန်းချီကားနောက်ကို ဝင်ပြေးတယ်လေ ..

ပင့်ကူကပြေးတော့ အစ်မရော အိဖူးရော ခုံပေါ်တက်ပြေးတာပေါ့ .. စိတ်ထဲမှာက ဘယ်လိုကြီးမှန်းမသိဘူး .. ပင့်ကူကြီးကို မြင်ရတာကိုက ကလိကလိနဲ့ .. အိဖူးတို့ ရုန်းရင်းဆန်ခတ်ဖြစ်တဲ့အသံကြားလို့ အခန်းထဲကထွက်လာတဲ့မေမေက “ဘာဖြစ်နေကြတာလဲ” .. “ပင့်ကူကြီးအကြီးကြီး မေရဲ့” .. “အဝတ်နဲ့အုပ်ပြီးဖမ်းလိုက်ပါလား ပြီးရင်အပြင်မှာပစ်လိုက်ပေါ့” .. “အာ မဖမ်းရဲဘူး” .. အချီအချစကားသံများ .. ပြီးတော့ အားကိုးရတဲ့မေမေ .. ခြင်ဆေးဘူးကြီးကိုင်ထားသူ အစ်မတော်နဲ့ ရေလဲထမီကြီးကိုလိပ်ပြီးကိုင်ထားတဲ့ အိဖူးတို့ကို တစ်ချက်စီကြည့်ကာ ပြန်ဝင်အိပ်သွားရော ..

ဘာလုပ်ရမှန်းမသိတော့ နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက် .. ဘယ်လိုလုပ်မလဲမေးလိုက်နဲ့ .. နောက်တော့ “ခြင်ဆေးနဲ့ထပ်မှုတ်မယ်” ဆိုပြီး ပန်းချီကားနောက်က ပင့်ကူကို ခြင်ဆေးနဲ့ထပ်မှုတ်ရော .. သိပ်ပြီးလုပ်ချင်လွန်းလို့တော့ မထင်လိုက်ကြပါနဲ့ .. မလုပ်ချင်တာမှ အဲ့အချိန်မှာ တိုင်နဲ့ခေါင်းပြေးဆောင့်ခိုင်းတာမှ ပိုကောင်းဦးမယ် .. အဲ့ညကမှ ဘယ်အစ်ကိုတော်ကမှလည်း အိမ်မှာမရှိနေဘူး .. ပင့်ကူကိုလည်း တစ်ခုခုတော့လုပ်မှဖြစ်မှာလေ .. အိမ်က Hamster တွေ ကလေးမွေးထားတာမှ မကြာသေးဘူး .. တော်ကြာနေ hamster ကလေးလေးတွေကို ဝင်ကိုက်ပြီး စားသွားမှာကလည်း စိုးရိမ်တာကိုး ..

ဆက်ပြောမယ် နားထောင် .. ခြင်ဆေးနဲ့ထပ်မှုတ်တော့ သိပ်ကြောက်သွားတဲ့ပင့်ကူက ဘီဒိုဘက်ကိုပြေးပြန်ရော .. မေမေပြောသလို အဝတ်နဲ့အုပ်ဖမ်းလိုက်ဖို့က လွယ်လွယ်လေးပဲ .. အဲ့လိုအုပ်လိုက်ဖို့ကိုပဲ လက်က မလိုက်တာ .. ဟူး မောလိုက်တာ .. အရေးထဲ မီးကပျက်သွားသေးတယ် .. ဖယောင်းတိုင်မီးထွန်းပြီး ဘီဒိုပေါ်မှာထွန်း .. လက်နှိပ်ဓါတ်မီးကို အစ်မကကိုင် .. ဒင်းကလည်း ခုံပေါ်ကနေပြီး “အုပ်လိုက်လေ အုပ်လိုက်လေ” တဲ့ .. ရေလဲထမီလက်ထဲကမချရသေးတဲ့ အိဖူးကလည်း “ငါမလုပ်ရဲဘူး ငါမလုပ်ရဲဘူး”နဲ့ .. အဲ့မှာတင် ပင့်ကူက ဘီဒိုဘေးဘက်ကနေ အရှေ့မျက်နှာစာဘက်ကို ရောက်လာရော .. ခြင်ဆေးတန်ခိုးနဲ့ သူလည်းမူးတော့မူးနေပါပြီ .. တကယ်တော့ သနားတော့သနားပါတယ်လေ .. သူလည်း ကြောက်အားလန့်အားနဲ့ ပင့်ကူအမျှင်တွေလျှောက်ထုတ်ထားတာ ဖမ်းဖို့ချောင်းနေတဲ့ အိဖူးခြေထောက်မှာ လာလာပတ်မိတယ် ..

အဲ့လိုနဲ့ ဘာလုပ်ရမလဲမသိတဲ့အချိန် .. ပင့်ကူကို မျက်ခြေမပြတ်ကြည့်နေတုန်း (အမှန်တော့ ကြည့်သာကြည့်နေတာ မျက်လုံးကမမြင်တော့ဘူး) ခုံပေါ်ကအစ်မတော်က “အပေါ်ကိုတက်နေပြီ အပေါ်ကိုတက်နေပြီ”ဆိုတဲ့ အော်သံအကြား ဒေါ်ရွှေဖူးတို့လည်း ကြောက်လန့်တကြားဖြစ်ပြီး လက်ထဲကထမီအလိပ်နဲ့ ဗြုန်းကနဲ .. .. ကဲ ဘာဖြစ်သွားမယ်ထင်သလဲ .. ရိုက်ချက်ပြင်းမပြင်းကတော့ ဘီဒိုပေါ်က ဖယာင်းတိုင်တောင်ငြိမ်းသွားတယ်လေ ..

ရိုက်လို့လည်းအပြီး အိဖူးလည်း ခုံပေါ်တက်ပြေးတာပဲ .. ပင့်ကူကိုရှာတော့ မမြင်ဘူး .. အဲ့ဒါနဲ့ ထမီမှာ ကပ်နေပြီထင်ပြီး ထမီကြီးလည်းပစ်ချ လူလည်းခုံပေါ်ရောက် .. တကယ်ပါ မျက်စိစုံမှိတ်ပြီး ပင့်ကူကိုရိုက်လိုက်တာ လက်တစ်လျှောက်လုံးကြက်သီးတောင်ထသွားတယ် .. စိတ်ညစ်လိုက်တာကွယ် .. ခဏကြာမှ ခုံပေါ်ကဆင်းပြီး ပင့်ကူကိုရှာတော့ သူလေးလည်း အိဖူးလက်ချက်နဲ့ပြားနေလေရဲ့ .. ပြားသာပြားနေတာ မသေသေးဘူးဗျာ .. တံမြက်စည်းနဲ့လှည်းထုတ်တော့ သွေးရူးတန်းရူးနဲ့ ထလာသေးတယ် .. အဲ့တော့ မထူးတော့ဘူးလေ တံမြက်စည်းနဲ့ထပ်ချတာပေါ့ .. စိတ်မကောင်းပါဘူး ပင့်ကူရယ် ..

ပင့်ကူကို ဂေါ်ပြားနဲ့ယူသွားပစ်လိုက်ပြီး အိမ်ထဲပြန်ဝင်လာတော့ အိဖူးတစ်ကိုယ်လုံးယားလိုက်တာ .. ပြီးတော့ ဘာလုပ်လဲသိလား .. ရိုက်လိုက်တဲ့ပုံစံကို အစ်မက ပြန်ပြောပြလို့ အသားကုန်ထိုင်ရယ်နေတာပေါ့ .. ခရစ်ကစ်ကစားရင် ရိုက်တဲ့ပုံစံဆိုပဲ .. ဟဲ ဟဲ

Wednesday, February 11, 2009

ရေလှိုင်းသံ

post အသစ်ရေးဖို့စဉ်းစားလိုက်တိုင်း ကျွန်မခေါင်းထဲရောက်လာသည်က သီချင်းများဖြစ်သည် .. ကျွန်မက သီချင်းတွေကို သိပ်ကြိုက်သည် .. သီချင်းနားထောင်ရတာကြိုက်သည် .. သီချင်းဆိုရတာကြိုက်သည် .. သီချင်းနားထောင်ရင်း ရတဲ့ခံစားချက်ကိုလည်းကြိုက်တယ် .. ကျွန်မသိပ်ကြိုက်တဲ့သီချင်းတွေအများကြီးပါ .. အဲ့သီချင်းတွေထဲမှာမှ စာသားကြိုက်လို့ကြိုက်တဲ့သီချင်းတွေ .. သံစဉ်ကြိုက်လို့ကြိုက်တဲ့သီချင်းတွေ .. အများအားဖြင့်တော့ စာသားကြိုက်လို့ကြိုက်တဲ့သီချင်းက များပါတယ် .. ကျွန်မရဲ့ ပထမဆုံး post က your guardian angel ဆိုတဲ့သီချင်းဆိုလည်း အင်မတန်မှကြိုက်တဲ့ ရင်ကိုထိတဲ့သီချင်းပါ ..

အခုလည်း နောက်တစ်ပုဒ်အနေနဲ့ သီချင်းတစ်ပုဒ်အကြောင်းရေးချင်ပါတယ် .. ဘယ်သူဆိုထားတာလဲဆိုတော့ “ထွဋ်ပိုင်အောင်”ဆိုတဲ့ အဆိုတော်အသစ်တစ်ယောက်ပါ .. အသစ်စက်စက်မှ အသစ်စက်စက်နော် .. အခွေတောင်ထွက်သေးတာမဟုတ်ဘူး .. သူအခွေထွက်လာရင်တော့ ဘာနာမည်နဲ့ ထွက်မလဲမသိပါဘူး .. ကျွန်မတို့သိတာကတော့ ထွဋ်ပိုင်အောင်ပဲ .. သီချင်းနာမည်က “ရေလှိုင်းသံ”တဲ့ .. modern rock ဆန်ဆန်ပါပဲ .. သီချင်းအစမှာစထားတဲ့ ဂစ်တာသံကြောင့် မကြိုက်တတ်တဲ့လူတွေတော့ ကြိုက်ချင်မှကြိုက်မယ် .. စာသားလေးတွေ ခံစားလို့ရအောင် ရေးပေးမယ်နော် ..

.. မျိုသိပ်နေခဲ့ခြင်းများနဲ့ ထွန်းညှိထားတဲ့မီးအိမ်လေးရယ်
အမှောင်ညမှာအထီးကျန်ပေမဲ့ ဒီအလင်းဓါတ်မယိုယွင်းဘူး
ငါမသိအောင်ချည်ထားခဲ့လို့ ရုန်းထွက်တိုင်းရင်နာတဲ့ကြိုးရယ်
ဒီညရဲ့လရောင်အောက်ထဲ အက်ကြောင်းများထင်ရှားဆဲ

အမှတ်တမဲ့ရိုက်ခတ်လှိုင်းကြောင့် ကျောက်ဆောင်ကြီးမှာလဲပြို
အို ပွန်းပဲ့ရင်းနဲ့ပျောက်ရှသည့်တိုင် တွယ်တာနေမယ်အမြဲ

ငါ့ကမ်းပါးကိုရှိုက်နမ်းမဲ့ ရေလှိုင်းလေးအသံကြားဆဲပါ
ငါ့ကိုအရူးတစ်ယောက်လို့ စွပ်စွဲလေ
နွေမိုးဆောင်းတွေကျော်ဖြတ်ရင်း အမှန်တရားတစ်ခုလိုတည်ရှိနေ
မင်းကိုအဆုံးမဲ့မျှော်လင့်နေ

မျိုသိပ်နေခဲ့ခြင်းများနဲ့ ထွန်းညှိထားတဲ့မီးအိမ်လေးရယ်
အမှောင်ညမှာအထီးကျန်ကြေကွဲ နင်မရှိတဲ့ရက်စွဲတိုင်း
ငါမသိအောင်ချည်ထားခဲ့လို့ ရုန်းထွက်တိုင်းရင်နာတဲ့ကြိုး
လှည့်စားလိမ်ညာမှန်းမသိတော့ ဆုံစည်းခွင့်ငါတမ်းတ ..

စာသားကိုပဲ ဖတ်ရတော့ နားထောင်ရတာလောက်တော့ အရသာဘယ်ရှိမလဲနော့ .. ဒါပေမဲ့ ပြောပြချင်ပါတယ် .. စာသားလေးက လှတယ် .. ကိုယ်ကချစ်တယ် သူကလှည့်စားသွားတယ် .. ပြန်လာမလားလို့ စောင့်မျှော်နေမယ်ဆိုတဲ့ သဘောမျိုးတွေပါပဲ .. ဒါပေမဲ့ စာသားကို ဒဲ့မရေးထားဘူးနော် .. အင်း ဘယ်လိုပြောရမလဲ .. သဘောရိုးကို စကားလုံးနဲ့ဆန်းသစ်ထားတယ်ပေါ့ .. အဲ့ဒါလေးကိုကြိုက်တာပါ ..

နောက်ပိုင်းကျမှ အားလုံးနားထောင်လို့ရအောင် အဲ့အဆိုတော်ကို အခွေမြန်မြန်ထွက်ဖို့ များများတိုက်တွန်းပေးပါ့မယ် .. အခုတော့ ဒီလောက်နဲ့ပဲ ကျေနပ်ကြပါလို့ .. ..

Wednesday, February 4, 2009

အိဖူးအပျင်းထူနေသည်

post အသစ်ရေးဖို့ကြိုးစားလည်း
- ခေါင်းထဲမှာ ဗလာနတ္ထိ ဘာမှမရှိ .. ကဲ အဲ့တော့ဘယ့်နှယ့်လုပ်မတုန်း ..
- ရေးရင်လည်း ပေါက်ကရတွေနဲ့ ဘာကိုဦးတည်ပြီးရေးနေမိမှန်းမသိ .. ရေးလက်စတန်းလန်းတွေလည်း အများကြီး ..
- ကြားထဲမှာ ကျောင်းက mid term စစ်တာနဲ့ကြုံနေတော့ စာကကျက်နေရသေးတယ် ..
- အဲ့မှာတင် ခေါင်းထဲရေးရန်အတွေးလေးများ ဝေးဝေးပြေးကုန်ပြီ ..
- ကျောင်းမှာကလည်း အပျော်လွန်နေတော့ အိမ်ရောက်ရင်ဘာမှမလုပ်ချင်ဘူး ..
- မီးကလည်း ပျက်သေး ..
- tag များလာမလားလို့ စောင့်ကြည့်နေတော့လည်း ဘယ်သူကမှမစ ..(ဒါမှအချောင်တစ်ပုဒ်ရမှာကိုး)
- အဲ့လိုမရေးတာကြာသွားတဲ့အခါ သွေးအေးလေပြီ ..
- အမှန်တိုင်းပြောရရင်တော့ “ပျင်းလို့ပါ” .. ဟဲဟဲ
- ......... ........ ......
- ..... ...
- ကျေနပ်တယ်မဟုတ်လား ..

Monday, February 2, 2009

တက်ကြွနေဆဲ ဒုတိယနှစ်

ဒုတိယနှစ်ကျောင်းတက်ရတော့မယ်ဆိုတော့ မြောက်ကြွမြောက်ကြွဖြစ်နေတာတော့ အမှန် .. ဘာလို့လဲဆိုတော့ ပထမနှစ်မဟုတ်လို့ပါပဲ .. ရှုပ်သွားကြပြီလား .. ဒီလိုလေ .. ပထမနှစ်တုန်းက ကိုယ်ကတော့ အူကြောင်ကြောင်မဖြစ်ပေမဲ့ သူများတွေ ဘယ်မှာ ကျောင်းအပ်ရမှန်းမသိတာတွေ .. အခန်းဘယ်မှာမှန်းမသိတာတွေ .. အဲဒါတွေကိုမြင်ထားတော့ ကိုယ်ကောဖြစ်မှာလားဆိုပြီး နည်းနည်းတော့ရင်ခုန်မိတာပေါ့ ..

အခုဒုတိယနှစ်ရောက်ပြီလည်းဆိုရော .. ကိုယ်တစ်နှစ်တက်ထားပြီးသား ကျောင်းကြီးကို ပြန်တွေ့ရမယ် .. ကိုယ်တစ်နှစ်ခင်ထားပြီးသား ဘော်ဒါတွေနဲ့ .. တစ်နှစ်လုံးဖွန်ကြောင်ထားတဲ့ အစ်ကိုကြီးတွေ .. နောက်အသစ်ရောက်မဲ့ fresher လေးတွေ .. ဟဲဟဲ .. ခံစားချက်က ဘယ်တူမလဲ .. ဒုတိယနှစ်ကျောင်းလာရတာ အိဖူးတို့က ဆရာကြီးအထာနဲ့ .. ဘယ်သွားပြီးဘာလုပ်ရမှန်းမသိတဲ့ ပထမနှစ်လေးတွေကိုကြည့် .. ကိုယ့်တုန်းကလည်း ဒီလိုပဲအကြည့်ခံရမှာပဲလို့ တွေးရင်းနဲ့ အသက်တစ်နှစ်ကြီးလာတာကို စဉ်းစားမိတယ် .. နောက်တော့ ကျောင်းမှာ အငယ်ဆုံးမဟုတ်တော့တာကို တွေးမိတယ် .. အလတ်ရတာကောင်းတယ် .. အငယ်ဆုံးလည်းမဟုတ်သလို အကြီးဆုံးလည်း မဟုတ်ဘူး .. ဒုတိယနှစ်ဖြစ်တဲ့အတွက် ပထမနှစ်တွေကို အနိုင်ကျင့်လို့ရတယ် .. တတိယနှစ်တွေက အငယ်ဆိုပြီးအလိုလိုက်တယ် .. ကောင်းမှကောင်း .. နှစ်ဖက်ခွပြီး လှုပ်ရှားလို့ရတာပေါ့ ..

အရေးထဲ အခုဒုတိယနှစ်စာသင်ဆောင်နဲ့ ကင်တင်းနဲ့က ဝေးတော့ သွားရတာခြေကိုတိုရော .. ဒုတိယနှစ်ဘက်မှာလည်း ကင်တင်းနောက်တစ်ခုရှိပေမဲ့ အခုထိုင်နေတဲ့ဆိုင်က ထိုင်နေကြဖြစ်သလို ဆိုင်ရှင်အစ်မကြီးနဲ့လည်း အရမ်းခင်တော့ ဆိုင်မပြောင်းချင်ဘူးလေ .. အိဖူးတို့မှာ ကျူတိုရီယယ်တို့ ဘာတို့ရှိရင် ပြေးပေတော့ပဲ .. နောက်တော့လည်း မနက်ကျောင်းရောက်ရောက်ချင်း ဆိုင်မှာခြင်းတောင်းဝင်ထား .. အတန်းဆီကိုပြေး .. အတန်းတက်ပြီး နေ့လယ် break time အချိန်မှ ကင်တင်းမှာ သူငယ်ချင်းတွေနဲ့ ထမင်းစား .. ခဏလောက်ထိုင်ပြီး ဂစ်တာတီးကြ သီချင်းဆိုကြ .. ပြီးရင် အတန်းပြန်တက်နဲ့ .. သိပ်လည်း မလာနိုင်တော့ပါဘူး .. အတန်းနည်းနည်းလွတ်တဲ့နေ့ဆိုလို့ တင်္နလာနေ့ပဲရှိတယ် .. အဲဒိနေ့မှ အဆောင်သစ်ကိုသွားပြီး ဟေးလားဝါးလားလုပ် .. တစ်ပတ်လုံးမှာ တစ်နေ့ပဲချောင်တယ်ဗျိုး ..

ဒုတိယနှစ်မှာ အသစ်အဆန်းဆိုလို့ လူသစ်တွေတိုးလာတာပဲ ရှိမယ် .. မောင်လေးအစစ် မောင်လေးအတုတွေနဲ့ ညီမလေးတစ်ယောက် .. မောင်လေးအစစ်ဆိုတာက တကယ်ငယ်တဲ့လူကိုပြောတာ .. မောင်လေးအတုဆိုတာ အသက်တူတူ အခုမှ first year တက်တဲ့လူပေါ့ .. နောက်ထပ်အစ်ကိုကြီးတစ်ယောက်ရယ် .. လူများတော့ ပျော်စရာကောင်းတာတော့အမှန်ပဲ .. ဒါပေမဲ့ သဘောထားမတိုက်ဆိုင်တာတွေလည်း ပိုများလာတယ် .. လူစုပြီးတစ်နေရာရာသွားကြမယ်ဆိုလည်း ဟိုလူကဟိုနေရာသွားချင်တယ် ဒီလူကဒီနေရာသွားချင်တယ် .. ဟိုသွားရင်မလိုက်ဘူး ဒီသွားရင်မလိုက်ဘူးနဲ့ .. အဲလိုကျတော့လည်း ပထမနှစ်တုန်းက အတွဲညီညီ ၈ ယောက်အုပ်စုလေးကို ပြန်လွမ်းမိတယ် ..

အချိန်တွေကုန်တာသိပ်မြန်တယ် .. ဖေဖော်ဝါရီတောင်ရောက်လာပြီ .. မတ်လဆိုရင် စာမေးပွဲကလာပြီ .. ပြီးရင်ကျောင်းတွေပိတ် သင်္ကြန်ကျတော့ မဏ္ဍပ်ထိုင်တဲ့လူကထိုင် .. လည်တဲ့လူကလည်ပေါ့ .. မေလတစ်လလုံး အိမ်မှာလိမ့်ပိန့်ပြီးနေ .. ပြီးရင်ကျောင်းပြန်ဖွင့် အဲ့တော့မှသူငယ်ချင်းတွေနဲ့ပြန်တွေ့ရတော့မယ် .. စဉ်းစားကြည့်ရင် ပျင်းစရာကြီးပဲ .. ဟုတ်တယ်ဟုတ်